မြန်မာအသင်းယှဉ်ပြိုင်မည့် အာရှဖလား တတိယအဆင့်ခြေစစ်ပွဲ အုပ်စုပွဲစဉ်များ ထုတ်ပြန်

ရန်ကုန်   မတ်   ၃

အာရှ ဘောလုံးအဖွဲ့ချုပ်သည် မြန်မာအသင်း ဝင်ရောက်ယှဉ်ပြိုင်မည့် ၂၀၂၃ အာရှဖလား တတိယ အဆင့်ခြေစစ်ပွဲ အုပ်စုပွဲစဉ်များ ရေးဆွဲထုတ်ပြန်လိုက်ပြီဖြစ်သည်။

၂၀၂၃ အာရှဖလား တတိယအဆင့်ခြေစစ်ပွဲကို ဇွန် ၈ ရက်မှ ၁၄ ရက်အထိ ပြုလုပ်သွားမည် ဖြစ်ပြီး အုပ်စုခြောက်ခုခွဲ၍ ပြုလုပ်သွားမည်ဖြစ်သည်။ မြန်မာအသင်းသည် ယင်းခြေစစ်ပွဲတွင် အုပ်စု (စ) ၌ ကာဂျစ္စတန်၊ တာဂျစ်ကစ္စတန်၊ စင်ကာပူအသင်းတို့နှင့် ကျရောက်နေသည်။ ပွဲစဉ်ရေးဆွဲထားမှုအရ မြန်မာအသင်းသည် ဇွန် ၈ ရက်တွင် တာဂျစ်ကစ္စတန်အသင်း၊ ဇွန် ၁၁ ရက်တွင် ကာဂျစ္စတန်အသင်း၊ ဇွန် ၁၄ ရက် တွင် စင်ကာပူအသင်းတို့နှင့် ကစားရမည်ဖြစ်သည်။

မြန်မာအသင်းသည် ၂၀၂၂ ကမ္ဘာ့ဖလားနှင့် ၂၀၂၃ အာရှဖလား ဒုတိယအဆင့် ခြေစစ်ပွဲတွင် တစ်အုပ်စုတည်း ကျရောက်ခဲ့ သည့် ကာဂျစ္စတန်၊ တာဂျစ်ကစ္စတန်တို့နှင့် တတိယအဆင့် ခြေစစ်ပွဲတွင်လည်း တစ်အုပ်စုတည်း ထပ်မံကျရောက်လျက်ရှိသည်။ အာဆီယံဒေသတွင်း ပြိုင်ဘက် စင်ကာပူအသင်းနှင့်မူ ပြီးခဲ့သည့်နှစ်ကုန်ပိုင်းက ကျင်းပသည့် အာဆီယံဆူဇူကီးဖလားပြိုင်ပွဲတွင် တစ်အုပ်စုတည်း ကျရောက်ခဲ့ပြီး မြန်မာအသင်း ရှုံးနိမ့်ထားသည်။

အုပ်စုခွဲဝေမှုအရအခြားအုပ်စု များဖြစ်သည့် အုပ်စု (က) တွင် ဂျော်ဒန်၊ ကူဝိတ်၊ အင်ဒိုနီးရှား၊ နီပေါ၊ အုပ်စု (ခ) တွင် ပါလက် စတိုင်း၊ ဖိလစ်ပိုင်၊ ယီမင်၊ မွန်ဂိုလီးယား၊ အုပ်စု (ဂ) တွင် ဥဇဘက် ကစ္စတန်၊ ထိုင်း၊ မော်လ်ဒိုက်၊ သီရိလင်္ကာ၊ အုပ်စု (ဃ) တွင် အိန္ဒိယ၊ ဟောင်ကောင်၊ အာဖဂန် နစ္စတန်၊ ကမ္ဘောဒီးယား၊ အုပ်စု (င)တွင် ဘာရိန်း၊ တာ့ခ်မင်နစ္စတန်၊ မလေးရှား၊ ဘင်္ဂလားဒေ့ရှ်အသင်း တို့ ပါဝင်နေသည်။ မြန်မာအသင်းသည် အုပ်စုကျပ်အတွင်း ကျရောက်နေခြင်းဖြစ်ပြီး ခြေစစ်ပွဲအောင်မြင်ရန် ရုန်းကန်ရဖွယ် ရှိနေသည်။ တတိယအဆင့်ခြေစစ်ပွဲကို တစ်ကျော့တည်းသာ ပြုလုပ်မည်ဖြစ်ပြီး အုပ်စုခြောက်ခုမှ ထိပ်ဆုံးခြောက်သင်းနှင့် ဒုတိယနေရာရ အသင်းများအနက် အကောင်းဆုံးငါးသင်း စုစုပေါင်း ၁၁ သင်း ခြေစစ်ပွဲ အောင်မြင်မည်ဖြစ်သည်။

မြန်မာအသင်းသည် ၁၉၆၈ အာရှဖလားပြိုင်ပွဲတွင် ဒုတိယဆုရရှိပြီးနောက်ပိုင်း အာရှဖလားပြိုင်ပွဲ နောက်ဆုံးအဆင့်တွင် ယှဉ်ပြိုင်ခွင့်မရတော့သလို ခြေစစ်ပွဲအောင်မြင်ခြင်းမရှိတော့ကြောင်း သိရသည်။

ရဲရင့်လွင်၊ ဓာတ်ပုံ - AFC