မြန်မာအသင်းယှဉ်ပြိုင်မည့် တရုတ်ဖိတ်ခေါ် ဖူဆယ်ပြိုင်ပွဲ အုပ်စုပွဲများထွက်ပေါ်

၂ စက်တင်ဘာ 


မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်း ဝင်ရောက်ယှဉ်ပြိုင်မည့် တရုတ်ဖိတ်ခေါ်ဖူဆယ်ပြိုင်ပွဲ အုပ်စုပွဲများ ထွက်ပေါ်လာပြီဖြစ်သည်။


ယင်းပြိုင်ပွဲကို စက်တင်ဘာ ၇ ရက်မှ ၁၀ ရက်အထိ ကျင်းပမည်ဖြစ်ပြီး အိမ်ရှင်တရုတ်အသင်းနှင့်အတူ မြန်မာ၊ မလေးရှား၊ မက္ကဆီကို လက်ရွေးစင်အသင်းတို့ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။ ယင်းပြိုင်ပွဲကို ပတ်လည်စနစ်ဖြင့် ကျင်းပမည်ဖြစ်ပြီး တရုတ်ဘောလုံးအဖွဲ့ချုပ်သည် အမျိုးသားနှင့် အမျိုးသမီးပြိုင်ပွဲနှစ်ခုစလုံး ကျင်းပသော်လည်း မြန်မာအသင်းအနေဖြင့် အမျိုးသားပြိုင်ပွဲတွင်သာ ယှဉ်ပြိုင်ခြင်းဖြစ်သည်။ ပွဲစဉ်ရေးဆွဲထားမှုအရ စက်တင်ဘာ ၇ ရက်တွင် မလေးရှားနှင့် မက္ကဆီကို၊ မြန်မာနှင့် တရုတ်၊ စက်တင်ဘာ ၈ ရက်တွင် မြန်မာနှင့် မက္ကဆီကို၊ မလေးရှားနှင့် တရုတ်၊ စက်တင်ဘာ ၁၀ ရက်တွင် မြန်မာနှင့် မလေးရှား၊ တရုတ်နှင့် မက္ကဆီကိုအသင်းတို့ယှဉ်ပြိုင်မည်ဖြစ်သည်။ 


မြန်မာဖူဆယ်အသင်းသည် အောက်တိုဘာတွင် ယှဉ်ပြိုင်ရမည့် ၂၀၁၉ အာဆီယံပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခြင်း ဖြစ်သည်။ မြန်မာအသင်းသည် ယင်းပြိုင်ပွဲယှဉ်ပြိုင်ရန် စက်တင်ဘာ ၅ ရက်တွင် ထွက်ခွာမည်ဖြစ်ပြီး ကစားသမား ၁၄ ဦး ခေါ်ဆောင်သွားမည်ဖြစ်သည်။


သတင်း-ညီမြတ်သော်တာ