မြန်မာဘောလုံးအသင်းများ လာမည့်နှစ်တွင် အာရှအဆင့်ခြေစစ်ပွဲများ ယှဉ်ပြိုင်ရမည်

၃၁ အောက်တိုဘာ


မြန်မာဘောလုံးအသင်းများသည် လာမည့်နှစ်တွင် အာရှအဆင့်ခြေစစ်ပွဲများ ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ခြေစစ်ပွဲငါးခု ဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။

အာရှဘောလုံးအဖွဲ့ချုပ်သည် လာမည့်နှစ်တွင် ကျင်းပမည့် ပြိုင်ပွဲနှင့် ခြေစစ်ပွဲများကို ထုတ်ပြန်ထားသော်လည်း ကိုဗစ်-၁၉ ကပ်ရောဂါအပေါ် မူတည်၍ နှစ်ကုန်ပိုင်းတွင် ပြန်လည်အတည်ပြုမည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင်နှင့် လူငယ်လက်ရွေးစင်အသင်းများသည် လာမည့်နှစ်တွင် ကျင်းပမည့်ပြိုင်ပွဲများအနက် မြန်မာ့လက်ရွေးစင် အမျိုးသား အသင်းက ၂၀၂၂ ကမ္ဘာ့ဖလားနှင့် ၂၀၂၃ အာရှဖလား ဒုတိယအဆင့်ခြေစစ်ပွဲ အုပ်စုလက်ကျန်ပွဲများ၊ လက်ရွေးစင် အမျိုးသမီးအသင်းက အာရှဖလား အမျိုးသမီးခြေစစ်ပွဲ၊ ယူ-၂၃ အမျိုးသားအသင်းက အာရှဖလား ယူ-၂၃ ခြေစစ်ပွဲ၊ ယူ-၂၀ အမျိုးသမီးအသင်းက အာရှဖလား ယူ-၂၀ ခြေစစ်ပွဲ၊ ယူ-၁၇ အမျိုးသမီးအသင်းက အာရှဖလား ယူ-၁၇ ခြေစစ်ပွဲတို့ ယှဉ်ပြိုင်ရမည်ဖြစ်သည်။

မြန်မာအသင်းများ ယှဉ်ပြိုင်ရမည့် ခြေစစ်ပွဲများအနက် ၂၀၂၂ ကမ္ဘာ့ဖလားနှင့် ၂၀၂၃ အာရှဖလား ဒုတိယအဆင့် ခြေစစ်ပွဲ အုပ်စုလက်ကျန်ပွဲများကို မတ် ၂၅၊ ၃၀ ရက်၊ ဇွန် ၃၊ ၈ ရက်၊ အာရှဖလား ယူ-၂၀ အမျိုး သမီးခြေစစ်ပွဲ ပထမအဆင့်ကို မတ် ၁၃ ရက် မှ ၂၁ ရက်၊ ဒုတိယအဆင့်ကို သြဂုတ် ၁၈ ရက်မှ ၂၂ ရက်၊ အာရှဖလား ယူ-၁၇ အမျိုး သမီးခြေစစ်ပွဲ ပထမအဆင့်ကို ဧပြီ ၃ ရက်မှ ၁၁ ရက်၊ ဒုတိယအဆင့်ကို စက်တင်ဘာ ၂၂ ရက်မှ ၂၆ ရက်၊ အာရှဖလား အမျိုးသမီးခြေ စစ်ပွဲကို စက်တင်ဘာ ၁၃ ရက်မှ ၂၅ ရက်၊ အာရှ ယူ-၂၃ ခြေစစ်ပွဲကို အောက်တိုဘာ ၂၃ ရက်မှ ၃၁ ရက်အထိ ကျင်းပမည်ဖြစ်သည်။

ယင်းခြေစစ်ပွဲများအနက် ၂၀၂၂ ကမ္ဘာ့ဖလားနှင့် ၂၀၂၃ အာရှဖလား ဒုတိယအဆင့်ခြေစစ်ပွဲ အုပ်စုလက်ကျန်ပွဲများမှာ အိမ်ကွင်း၊ အဝေးကွင်း ကျင်းပနေသောကြောင့် အိမ်ရှင်နိုင်ငံ သီးခြားရွေးချယ်ရန်မလိုဘဲ အာရှဖလား ယူ-၂၀ နှင့် ယူ-၁၇ အမျိုးသမီးခြေစစ်ပွဲ ပထမအဆင့်တွင် မြန်မာအသင်းပါဝင်သော အုပ်စုများကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့် ရရှိထားသည်။ အာရှဖလား အမျိုးသမီးခြေစစ်ပွဲနှင့် အာရှဖလား ယူ-၂၃ အမျိုးသားခြေစစ်ပွဲတို့ကိုမူ အိမ်ရှင်နိုင်ငံ ရွေးချယ်ခြင်းမရှိသေးကြောင်း သိရသည်။

ယင်းအသင်းများသည် လာမည့်နှစ်တွင် အာရှခြေစစ်ပွဲများအပြင် အာဆီယံအဆင့်ပြိုင်ပွဲများလည်း ဝင်ရောက် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်