မြန်မာဘိလိယက်ကစားသမား ပေါက်စ လက်စွမ်းပြပြီး ခြောက်ကြိမ်ဆက် ရွှေဆုရှင် ပီတာဂေးလ်ခရစ်ကို အနိုင်ယူပြီး ဆီးဂိမ်းဘိလိယက်တစ်ဦးချင်းပြိုင်ပွဲတွင် ရွှေတံဆိပ်ရရှိ

မေ ၁၇

ဗီယက်နမ်နိုင်ငံ၌ ကျင်းပနေသည့် ဆီးဂိမ်း ဘိလိယက်တစ်ဦးချင်းပြိုင်ပွဲ ဗိုလ်လုပွဲကို မေ ၁၇ ရက်နံနက်ပိုင်းက ကျင်းပရာ မြန်မာဘိလိယက်ကစားသမား ပေါက်စ လက်စွမ်းပြပြီး ရွှေတံဆိပ်ဆု ထိုက်ထိုက်တန်တန် ရယူနိုင်ခဲ့သည်။

ပေါက်စသည် ဗိုလ်လုပွဲတွင် ခြောက်ကြိမ်ဆက်တိုက် ဘိလိယက်တစ်ဦးချင်း ရွှေတံဆိပ်ဆုရှင် စင်ကာပူနိုင်ငံသား ပီတာဂေးလ်ခရစ်နှင့် တွေ့ဆုံခဲ့ပြီး ၃-၁ ပွဲဖြင့် အနိုင်ရကာ ရွှေတံဆိပ်ဆုကို ထိုက်ထိုက်တန်တန်ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ ပေါက်စသည် ဗိုလ်လုပွဲတွင် အမှားအယွင်းမရှိ ယှဉ်ပြိုင်နိုင်ခဲ့ပြီး ပထမပွဲငယ်တွင် ၁၀၂-၁၁ မှတ်ဖြင့် အနိုင်ရခဲ့သည်။ ဒုတိယပွဲငယ်တွင် ပီတာဂေးလ်ခရစ်က ၁၀၀-၁၂ မှတ်ဖြင့် ပြန်လည်အနိုင်ရသော်လည်း တတိယပွဲငယ်တွင် ပေါက်စ တစ်ကြိမ်တည်း ၁၀၁ မှတ်ထိုးကာ ၁၀၁-၀ မှတ်ဖြင့် အနိုင်ရခဲ့သည်။ ထို့ကြောင့် စတုတ္ထပွဲငယ်မှာ အဆုံးအဖြတ်ဖြစ်လာပြီး ပေါက်စက ၁၀၀-၉၅ မှတ်ဖြင့် အနိုင်ရကာ ရွှေတံဆိပ်ရခဲ့ခြင်းဖြစ်သည်။. ပေါက်စသည် ယခုပြိုင်ပွဲတွင် ပြိုင်ဘက်ကောင်းများကို ဖြတ်ကျော်ကာ ဗိုလ်စွဲခဲ့ခြင်းဖြစ်ပြီး ကွာတားဖိုင်နယ်တွင် အိမ်ရှင်ဗီယက်နမ်ကစားသမား၊ ဆီမီးဖိုင်နယ်တွင် ထိုင်းနာမည်ကြီးကစားသမား ပရာပွတ်နှင့် ဗိုလ်လုပွဲတွင် ဆီးဂိမ်းဘိလိယက်တစ်ဦးချင်းပြိုင်ပွဲ၌ ကြီးစိုးထားသည့် ပီတာဂေးလ်ခရစ်တို့ကို အနိုင်ရခဲ့ခြင်းဖြစ်သည်။ ပီတာဂေးလ်ခရစ်သည် ၂၀၀၉ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ခြောက်ကြိမ်ဆက်တိုက် ဘိလိယက်တစ်ဦးချင်းပြိုင်ပွဲတွင် ရွှေတံဆိပ်ရယူထားခြင်းဖြစ်ပြီး ပေါက်စက ၎င်း၏ကြီးစိုးထားမှုကို အဆုံးသတ်ခဲ့ခြင်းဖြစ်သည်။

မြန်မာဘိလိယက်ကစားသမားများသည် ဆီးဂိမ်းပြိုင်ပွဲတစ်လျှောက် နှစ်ယောက်တွဲပြိုင်ပွဲနှင့် အသင်းလိုက်ပြိုင်ပွဲတို့တွင်သာ ရွှေတံဆိပ်ရရှိဖူးသော်လည်း တစ်ဦးချင်းပြိုင်ပွဲတွင်မူ ယခုအကြိမ်မှ ပထမဆုံးအကြိမ် ရွှေတံဆိပ်ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ မြန်မာဘိလိယက်အဖွဲ့သည် လက်ရှိယှဉ်ပြိုင်နေသည့် ဆီးဂိမ်းပြိုင်ပွဲတွင် ရွှေတစ်ခု ရရှိထားပြီး ဘိလိယက်နှစ်ယောက်တွဲပြိုင်ပွဲ၊ Pool 10 Ball တစ်ဦးချင်းပြိုင်ပွဲနှင့် စနူကာတစ်ဦးချင်းပြိုင်ပွဲတို့ ထပ်မံယှဉ်ပြိုင်မည်ဖြစ်သည်။

သတင်း-ရဲရင့်လွင်
ဓာတ်ပုံ-MBSF