မြန်မာဆယ်ကျော်သက် မသန်စွမ်းလူငယ်များပေးသော ကြည်နူးမှု ပုံရိပ်များ

၃  ဒီဇင်ဘာ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာနနှင့် ဂျပန်နိုင်ငံအခြေစိုက်နိပွန်ဖောင်ဒေး ရှင်း၊ သတင်းအချက်အလက်ဆက်သွယ်ရေး ဖောင်ဒေးရှင်း တို့၏ ကဏ္ဍ

ကျွန်မတို့၏ သတင်းအချက်အလက် ဆက်သွယ်ရေးနည်းပညာ လေ့ကျင့်သင်ကြားရေးစင်တာဟာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် ဂျပန်နိုင်ငံအခြေစိုက် နိပွန်ဖောင်ဒေးရှင်းတို့ သဘောတူစာချွန်လွှာရေးထိုးပြီး သတင်းအချက်အလက် ဆက်သွယ်ရေးနည်းပညာစင်တာ ဖောင်ဒေးရှင်းကို ဖွဲ့စည်းနိုင်ခဲ့ပြီးဖြစ်ပါသည်။ လုပ်ငန်းများပိုမိုတိုးတက် အောင်မြင်စေရန် စီမံချက်တစ်ခုအနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။ စင်တာမှာအဓိကအားဖြင့် ကွန်ပျူတာနည်းပညာများကို အခြေခံမှစ၍ အဆင့်မြင့်နည်းပညာများအထိ မသန်စွမ်းလူငယ်လူရွယ်များအပါအဝင် လူငယ်များ၊ ဝန်ထမ်းများကို သက်ဆိုင်ရာသင်ရိုးညွှန်းတမ်းများဆွဲကာ စနစ်တကျ သင်တန်းများဖွင့်လှစ်ပြီး လေ့ကျင့်သင်ကြားပေးလျက် ရှိပါသည်။

မသန်စွမ်း ဆယ်ကျော်သက်များ၏ ကမ္ဘာ့သတင်းအချက်အလက် နည်းပညာပြိုင်ပွဲ

၂၀၁၉ခုနှစ် နိုဝင်ဘာလတွင် ကိုရီးယားနိုင်ငံ ဘူဆန်မြို့၌ ကျင်းပသည့် မသန်စွမ်းဆယ်ကျော်သက်များ၏ ကမ္ဘာ့သတင်းအချက်အလက် နည်းပညာပြိုင်ပွဲအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနအောက်ရှိ ပြန်လည်ထူထောင်ရေးဦးစီးဌာနနှင့် ရွှေမင်းသားဖောင်ဒေးရှင်းတို့မှ ယင်းပြိုင်ပွဲနှင့် ပတ်သက်ဆောင်ရွက်သည့်အဖွဲ့နှင့် ဆက်သွယ်နိုင်ခဲ့ပါသည်။ မြန်မာနိုင်ငံကိုယ်စားပြု ယှဉ်ပြိုင်နိုင်မည့် ပဏာမလူရွေးပွဲကို မသန်စွမ်းအမျိုးအစား လေးမျိုးစလုံးအတွက် ဝင်ရောက်ဖြေဆိုနိုင်ရန် ကျွန်မတို့စင်တာကို ဆက်သွယ်လာသည့်အတွက် ဝင်ရောက်ဖြေဆိုမည့် မသန်စွမ်းသင်တန်းသား ခုနစ်ဦးကို ယင်းရွေးချယ်ပွဲသို့ သွားရောက်ဖြေဆိုစေခဲ့ရာ စင်တာမှနှစ်ဦး ရွေးချယ်ခံခဲ့ရပါသည်။ ကျန်နှစ်ဦးမှာ လူမှုဝန်ထမ်းဦးစီးဌာန လက်အောက်ရှိ မျက်မမြင်ကျောင်းမှတစ်ဦးနှင့် မွန်ပြည်နယ်မှတစ်ဦးတို့ ရရှိသည့်အတွက် အမြင်အာရုံမသန်စွမ်းသူတစ်ဦး၊ ဉာဏ်ရည်မသန်စွမ်းသူတစ်ဦး၊ အကြားအာရုံချို့တဲ့သူတစ်ဦး၊ ကိုယ်လက်အင်္ဂါ မသန်စွမ်းသူတစ်ဦးအဖြစ် လေးဦးကို မြန်မာနိုင်ငံကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်နိုင်ရန် ရွေးချယ်ခြင်း ခံခဲ့ရပါသည်။

ရွေးချယ်ခံရသူ လေးဦးစလုံးအတွက် သတင်းအချက်အလက်ဆက်သွယ်ရေး နည်းပညာလေ့ကျင့် သင်ကြားရေးစင်တာဖောင်ဒေးရှင်း ဥက္ကဋ္ဌ၏ လမ်းညွှန်မှုကို ခံယူကာ လူမှုဝန်ထမ်းဦးစီးဌာနကို တင်ပြခဲ့ပြီး ကျွန်မတို့၏ သင်တန်းကျောင်းမှာ အောင်နိုင်ရေးအတွက် စခန်းသွင်းလေ့ကျင့်ပေးခဲ့ကြပါသည်။ ရှေ့ပိုင်းတွင် နည်းပညာများအတွက်၊ အချင်းချင်းစည်းလုံးမှုများအတွက်၊ အချင်းချင်း ရိုင်းပင်းကူညီနိုင်အောင်အတွက် သက်ဆိုင်ရာ ယဉ်ကျေးမှုပွဲများတွင် ပါဝင်ဆောင်ရွက်နိုင်ရန်အတွက် စနစ်တကျ လေ့ကျင့်နိုင်ခဲ့ပြီး သွားခါနီးတစ်လအလိုမှာ အသေးစိတ် ပြန်လည်လေ့ကျင့်ပေးခဲ့ကြသည်။

လေ့ကျင့်ပေးသူများမှာ စီမံခန့်ခွဲနိုင်ရန်အတွက် စီမံချက်ဝန်ထမ်းများ၊ နည်းပညာအတွက် နည်းပညာ ကျွမ်းကျင်သူများ၊ အချင်းချင်းဖေးမကူညီမှုများအတွက် မိသားစုဝင်များအားလုံး သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့်တိုင်ပင်ပြီး အနိုင်ရနိုင်အောင်၊ အခက်အခဲများကို ကျော်လွှားနိုင်အောင် အဘက်ဘက်က ဖြည့်ဆည်းပြီး  တစိုက်မတ်မတ်ဆောင်ရွက်ခဲ့ကြပါသည်။

ဌာနဆိုင်ရာနှင့် အဖွဲ့ အစည်းများ၏ အခန်းကဏ္ဍ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံခြားသွားလာနေထိုင်ရေး များအတွက် လိုအပ်သော စာရွက်စာတမ်းများကိုလည်း  ပံ့ပိုးကူညီမှု ဆောင်ရွက်ပေးခဲ့ပါသည်။ ရွှေမင်းသား ဖောင်ဒေးရှင်းက အဓိကဆောင်ရွက်သူ  ပီပီ GITC အဖွဲ့နှင့် ချိတ်ဆက်ဆောင်ရွက်ပေးခဲ့ပါသည်။ လိုအပ်သော နိုင်ငံကူးလက်မှတ်ကိစ္စ၊သံရုံးကိစ္စများအတွက် အဓိက ဆောင်ရွက်ပေးခဲ့ပါသည်။

သတင်းအချက်အလက်ဆက်သွယ်ရေး နည်းပညာစင်တာ စီမံချက်၏ ဆောင်ရွက်ချက်အခန်းကဏ္ဍ

စီမံချက်အနေဖြင့် စီမံခန့်ခွဲပေးရာမှာ နည်းပညာတစ်ခု တည်းအတွက်ဦးမတည်ဘဲ တစ်ဦးချင်းတစ်ယောက်ချင်းစီ အတွက် လိုအပ်ချက်များ၊ အချင်းချင်းအားဖြည့်ကူညီရမည့် (အပိုင်းများ၊ ပြိုင်ပွဲကာလတွင် ရင်ဆိုင်ရမည့် ကိစ္စရပ်များအတွက် တစ်ဦးချင်းနေတတ်အောင် ဆောင်ရွက်တတ်အောင် စိတ်ထားတတ်အောင်တွေအပြင် အချင်းချင်းစည်းလုံးရန်၊ အချင်းချင်း နားလည်နိုင်သည့် အနေအထားများနှင့် ဆက်သွယ်တတ်ရန်၊ စီမံခန့်ခွဲတတ်ရန်၊ ဦးဆောင်တတ်ရန်၊ အချင်းချင်းသည်းခံခွင့်လွှတ်တတ်ရန် စီစဉ်လေ့ကျင့်ပေးခြင်း၊ စိတ်ဓာတ်ခွန်အားများ ဖြည့်ဆည်းပေးခြင်းများကို စဉ်ဆက်မပြတ် လေ့ကျင့်ပျိုး ထောင်ပေးခဲ့ကြပါသည်။

ကျန်းမာရေးအတွက် လိုအပ်ချက်များအတွက်လည်း မိသားစုဝင်များနှင့် တိုင်ပင်ဆောင်ရွက်ခဲ့ကြပါသည်။ မိမိနိုင်ငံနှင့်ပတ်သက်သည့် ယဉ်ကျေးမှုဆိုင်ရာ ဖျော်ဖြေပွဲအတွက်လည်း ကရင်ဒုံးယိမ်းအကကို နေ့စဉ်လေ့ကျင့်ခြင်း၊ ကရင်တိုင်းရင်းသားဝတ်စုံ ရွေးချယ်ဆင်ယင်ခြင်းများကို စီစဉ်ပေးခဲ့ကြပါသည်။ ကိုရီးယားနိုင်ငံ၏ ရာသီဥတုအနေအထားအရ ဝတ်စားရမည့် အဝတ်အစားများကိုလည်း ရွေးချယ်နိုင်ရန် ဆွေးနွေးခဲ့ကြပါသည်။

နည်းပညာဆိုင်ရာ အခန်းကဏ္ဍ

နည်းပညာပံ့ပိုးသူများကလည်း မသန်စွမ်းကဏ္ဍအလိုက် တစ်ဦးချင်းပြိုင်ရမည့်ခေါင်းစဉ်များကို အနီးကပ် လေ့ကျင့်ပေးကြသကဲ့သို့ အုပ်စုလိုက် ပြိုင်ပွဲဝင်ရမည့် ပြိုင်ပွဲများအတွက်လည်း အချိတ်အဆက် မိနိုင်အောင် လေ့ကျင့်ပေးခဲ့ကြပါသည်။ လေ့ကျင့်သည့်အခါတွင်လည်း ယခင်နှစ်က မေးခွန်းများအပေါ် ပြန်လည် လေ့ကျင့်ခြင်း၊ လိုအပ်ချက်များ ဖြည့်ဆည်းပေးခြင်းနှင့် အခက်အခဲများကို မည်သို့ကျော်လွှားနိုင်ပုံများကို အားဖြည့်သင်ကြားပေးခဲ့ပါသည်။ တိုင်းပြည်အလိုက် အုပ်စုလိုက်လုပ်ဆောင်ရမည့် စက်ရုပ်နှင့်ပတ်သက်သည့် ဆောင်ရွက်မှု၊ Movie Making ဖြစ်မြောက်အောင် စီမံဆောင်ရွက်မှုများကိုလည်း ချိတ်ဆက် ဆောင်ရွက်နိုင်အောင် လေ့ကျင့်ပေးခဲ့ကြပါသည်။

မသန်စွမ်းကလေးသူငယ်များ၏ မိဘတို့ အခန်းကဏ္ဍ

မသန်စွမ်းကလေးများ မိဘများ၏ မသန်စွမ်း သားသမီးများအပေါ်ထားသည့် စိတ်ဓာတ်များကလည်း အံ့မခန်းလောက်အောင် ကြည်နူးရပါသည်။ ၎င်းကလေး လေးယောက်စလုံးအတွက် နေထိုင်စားသောက်ရေး အစီအစဉ်များ၊ တစ်စုံတစ်ဦး၏ အကူအညီ မယူမဖြစ်ယူရသည့် အနေအထားတွင် ကိုရီးယားရောက်လျှင် အချင်းချင်းကူညီရမည့် အနေအထားများအတွက် မိဘများက ညီအစ်ကိုအရင်းလို အချင်းချင်း လုပ်ပေးနိုင်အောင် မှာကြားလေ့ကျင့်စေခဲ့ပါသည်။ ဥပမာ-အဝတ်အစား ဝတ်ဆင်ခြင်း၊ အလေးအပေါ့သွား ခြင်းတို့ ပါဝင်ပါသည်။ လိုအပ်ချက်ရှိသူများအတွက် သားသမီးနှင့်မခြား ငွေရေးကြေးရေးလိုအပ်ချက်၊ အသုံးအဆောင်ပစ္စည်း လိုအပ်ချက်များကိုလည်း အချင်းချင်းဝိုင်းဝန်းဖြည့်ဆည်း ပေးနေခြင်းကပင်လျှင် မိသားစုအကြီးကြီးတစ်ခုကို နွေးနွေးထွေးထွေး ဖန်တီးနိုင်ခဲ့ကြသလို ခံစားရပါသည်။

 

dr aye mya lwin 002

 

သွားရောက်ယှဉ်ပြိုင်မည့် မသန်စွမ်း ပြိုင်ပွဲဝင်များ၏ အခန်းကဏ္ဍ

မသန်စွမ်းပြိုင်ပွဲဝင်မည့် ကလေး လေးဦးသည် တစ်မျိုးစီ မသန်စွမ်းကြသော်လည်း စခန်းသွင်းလေ့ကျင့်စဉ် ခင်မင်ရင်းနှီးမှု၊ နိုင်ငံအလိုက် လှုပ်ရှားဆောင်ရွက်မှုအပေါ်မှာ ပြိုင်ပွဲကာလတစ်လျှောက်လုံး အကဲဖြတ်နေမည် ဖြစ်သည်ဆိုသည့် အသိရှိမှု၊ မသန်စွမ်းသူအချင်းချင်း ချိတ်ဆက်နိုင်မှုများက မိမိအသိဖြင့် မသွားခင်မှာ လေ့ကျင့်နိုင်ခဲ့ကြပါသည်။ ။

သွားရောက်ယှဉ်ပြိုင်ရန် အချိန်ကိုရောက်လာသည့်အခါ အရိပ်တကြည့်ကြည့်နေပေးသော မိဘများ၏ ရင်ခွင်များမှ ခွဲခွာပြီး အားမာန်အပြည့်နှင့် ရဲရင့်စွာ လူမှုဝန်ထမ်းမှ ဦးဆောင်သူတစ်ဦး၊ ရွှေမင်းသား ဖောင်ဒေးရှင်းမှ ဦးဆောင်သူတစ်ဦးတို့၏ အစီအစဉ်ဖြင့် ကိုရီးယားနိုင်ငံ ဘူဆန်မြို့ကို ၂၀၁၉ ခု နိုဝင်ဘာလ ၂၄ ရက်နေ့မှာ စတင်ထွက်ခွာသွားခဲ့ကြပါသည်။ ပြိုင်ပွဲမှာ လာရောက်ယှဉ်ပြိုင်သည့် နိုင်ငံများမှာ မြန်မာနိုင်ငံ အပါအဝင် စုစုပေါင်း ၂၄ နိုင်ငံဖြစ်ပြီး ယှဉ်ပြိုင်သူစုစုပေါင်း ၉၆ ဦး ဝင်ရောက် ယှဉ်ပြိုင်ကြပါသည်။ ။

ကျွန်မတို့ မြန်မာနိုင်ငံမှအုပ်စုလိုက် အပေးအယူမျှ ခြင်း၊ စည်းလုံးခြင်း၊ အချင်းချင်း အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ခြင်းတို့ကြောင့် " The Good Award" ဆုများကို အကြားအာရုံ မသန်စွမ်းသူ မစုဝေလင်း၊ အမြင်အာရုံ မသန်စွမ်းသူမောင်မြတ်ကိုကိုနှင့် ကိုယ်လက်အင်္ဂါချို့တဲ့သူ မောင်ပြည့်စုံအောင်တို့သုံးဦးက မသန်စွမ်းကဏ္ဍအလိုက် ဆုများရရှိခဲ့ကြပါသည်။ မောင်ပြည့်စုံအောင်က "Super Challenger Awards" ကို ဆက်လက်ရယူနိုင်ခဲ့ပါသည်။ ပြီးခဲ့သည့် အောက်တိုဘာလက အိန္ဒိယနိုင်ငံမှာ ကျင်းပခဲ့သည့် မသန်စွမ်းသူများ ဘောလုံးအသင်းတွင် တစ်ဖက် ဂိုးသွင်းချက်များကို တစ်လုံးမှ အဝင်မခံဘဲ ထိထိရောက်ရောက်ကာကွယ်ရင်း မြန်မာနိုင်ငံအတွက် အနိုင်ဒိုင်းဆုကြီးကို ရယူပေးနိုင်ခဲ့သူ ဂိုးဖမ်းသမားလေးသတင်းအချက်အလက် ဆက်သွယ်ရေးနည်းပညာ လေ့ကျင့်သင်ကြားရေးစင်တာက ချစ်စရာကျောင်းသားလေး မောင်ကောင်းမြတ်စံက သည်ပွဲမှာ အစ်ကိုအစ်မများ၏ လိုအပ်ချက်များကို အပင်ပန်းခံဖြည့်ဆည်းပေးရင်း ကြည်နူးမှုကို ရင်ဝယ်ပိုက် ပြန်လာနိုင်ခဲ့ခြင်းကိုလည်း ကျွန်မတို့က အများကြီး တန်ဖိုးထားအသိအမှတ်ပြုနိုင်ခဲ့ပါသည်။

နိုင်ငံဂုဏ်ဆောင်ချစ်စရာ သားငယ်သမီးငယ်များ

သည်ဆယ်ကျော်သက် မသန်စွမ်းကလေးငယ် လေးဦးသည် ပေါင်းစည်းခြင်းကို တန်ဖိုးထားသည့် စိတ်ဓာတ်၊ အဖွဲ့အစည်း စိတ်ဓာတ်၊ ကြိုးစားလိုသော စိတ်ဓာတ်၊ ကျရာနေရာကနိုင်ငံဂုဏ်ဆောင်လိုသော စိတ်ဓာတ်များသည် လေးစားချစ်ခင်ဖွယ်မို့ သည်နှစ်မှာ ကျရောက်သည့် မသန်စွမ်းသူများနေ့ကို ကလေးငယ်များ၏ အောင်မြင်မှု အသီးအပွင့်များနှင့်အတူ ဂုဏ်ပြုလိုက်ပါသည်။

ဒေါက်တာအေးမြတ်လွင် (ဟင်္သာတ)