မြန်မာ့ဒီမိုကရေစီနိုင်ငံတော်နှင့် စတုတ္ထမဏ္ဍိုင် ပီပြင်စွာရပ်တည်ရေး သတင်းစာဆရာကြီးများနှင့် ပညာရှင်များ၏ အတွေးအမြင်များ

ရန်ကုန် ၅ မေ

 

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီက ကြီးမှူး၍ “မြန်မာ့ဒီမိုကရေစီ နိုင်ငံတော်နှင့် စတုတ္ထမဏ္ဍိုင် ပီပြင်စွာရပ်တည်ရေး ခေါင်းစဉ်ဖြင့် ဒုတိယအကြိမ် မြန်မာသတင်းမီဒီယာ စာတမ်းဖတ်ပွဲနှင့် စာအုပ်ဈေးရောင်းပွဲကို မေ ၅ ရက် နံနက် ၉ နာရီက ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန ဗဟိုပုံနှိပ်စက်ရုံဝင်း၌ ကျင်းပသည်။

 

စာတမ်းဖတ်ပွဲတွင် ဖတ်ကြားကြမည့် စာတမ်းရှင် သတင်းစာဆရာကြီးများနှင့် ပညာရှင်များအား မြန်မာ့သတင်းစဉ်က တွေ့ဆုံမေးမြန်းခဲ့သည်များကို ရေးသားဖော်ပြပါသည်။

 

ဦးအုန်းကြိုင် (ဟံသာဝတီဦးအုန်းကြိုင်)

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ

ဒုတိယဥက္ကဋ္ဌ(၁)



“ မြန်မာ့ဒီမိုကရေစီနိုင်ငံတော်နှင့် စတုတ္ထမဏ္ဍိုင် ပီပြင်စွာရပ်တည်ရေး” ခေါင်းစဉ်နဲ့ စာတမ်းဖတ်ကြားပါမယ်။ ဒီကနေ့ သတင်းသမားတွေပြောနေတဲ့ သတင်းလွတ်လပ်ခွင့် မရှိဘူးဆိုတာကိုယ်က ကိုယ့်ဟာကိုယ်ရေးရမယ့် တာဝန်အရ ရေးကိုရေးရမယ်။ အခွင့်အရေး တောင်းနေစရာမလိုဘူး။ ပြည်သူဘာဖြစ်နေတယ်ဆိုတာ တင်ပြရမယ်၊ အစိုးရ ဘာလုပ်တယ်ဆိုတာ တင်ပြရမယ်။ ဒါကျွန်တော်တို့ တာဝန်ပါ။ အဲဒီအတွက် သတင်းလွတ်လပ်ခွင့်ကို နားမလည်ဘူး။ ကျွန်တော်တို့မှာ ရှိပြီးသားအခွင့်အရေး ပြည်သူပိုင်သလို ကျွန်တော်တို့ မီဒီယာသမားတွေလည်း အခွင့်အရေးရှိတယ်။ ဘာလဲဆိုရင် အခြေခံဥပဒေအရ ပေးထားတဲ့ လွတ်လပ်စွာ ရေးသားခွင့်၊ လွတ်လပ်စွာ ထုတ်ဖော်ခွင့်၊ လွတ်လပ်စွာပြောဆိုခွင့် အဲဒီအခွင့်အရေးတွေက ကျွန်တော်တို့မှာ ရှိပြီးသားဖြစ်တယ်။ သို့သော် တည်ဆဲဥပဒေတွေနဲ့ မငြိစွန်းရင် ကျွန်တော်တို့ လွတ်လပ်စွာ ရေးမှာပဲ။ ဒီဟာတစ်ခုပဲ ထိန်းတယ်၊ စည်းမဲ့ကမ်းမဲ့ ရေးသားတာမျိုးတော့ မဟုတ်ဘူး။ ရှိတဲ့သတင်း မီဒီယာကျင့်ဝတ်တွေနဲ့ ရေးမယ်။ ရေးရင် သတင်းလွတ်လပ်ခွင့်ရှိပြီးသား ဖြစ်ပါတယ်။ ဒီရည်ရွယ်ချက်နဲ့ စာတမ်းခေါင်းစဉ် ရွေးချယ်ခြင်း ဖြစ်ပါတယ်။

 

 

ဦးရဲမြင့်ဖေ(မြန်မာ့အလင်းစာတည်းမှူးချုပ်-ငြိမ်း၊

မြန်မာတိုင်းမ်နေ့စဉ် အယ်ဒီတာချုပ်)



“သတင်းသမားဘဝ ဖြတ်သန်းခဲ့ရခြင်းပုံရိပ်” ခေါင်းစဉ်နဲ့ စာတမ်းဖတ်ပါမယ်။ ကျွန်တော် ကြေးမုံမှာလုပ်ခဲ့စဉ်က သတင်းသမားဘဝ၊ နေ့စားဘဝ၊ စာပြင်ဘဝ၊ သတင်းထောက်ဘဝ၊ အယ်ဒီတာဘဝ၊ နောက်ဆုံး အယ်ဒီတာချုပ်ထိ လုပ်ခဲ့တာတွေကို ပြောမယ်။ ရှင်းပြမယ်။ သတင်းသမားဘဝဆိုတာ ရိုးရိုးတန်းတန်း သာမန် မရနိုင်ဘူး။ ခက်ခဲတဲ့ ဆူးခင်းလမ်းကို ဖြတ်ရမယ်၊ ပေးဆပ်ရမယ်။ အနစ်နာခံရမယ်။ စာအုပ်စာတမ်းတွေ ဖတ်ရမယ်၊ ဆရာသမားတွေ၊ ဆရာကောင်း သမားကောင်း တွေ့ဖို့လိုတယ်။

 

 

ဒေါက်တာတင်လှိုင်(ဘိုးလှိုင်)



“မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ အစတည်ပုံနှင့် အနာဂတ်အတွက် ဆောင်ရွက်သင့်သည်များ” ခေါင်းစဉ်နဲ့ စာတမ်းဖတ်ကြားပါမယ်။ စာတမ်းဖတ်ရတဲ့ ရည်ရွယ်ချက်ကတော့ စာတမ်းခေါင်းစဉ်အတိုင်း မြန်မာသတင်းမီဒီယာ ကောင်စီဖြစ်ပေါ်လာပုံကို မှတ်တမ်းမှတ်ရာဖြစ်ဖို့၊ လူအများ သိသွားစေရန်အတွက် မှတ်တမ်းမှတ်ရာ ကျန်ရစ်စေရန် ဖတ်ကြားတာပါ။ နောက်တစ်ခုက အနာဂတ်အတွက် လုပ်ဆောင်သင့်တဲ့ ရှေ့ဘာဆက်လုပ်ကြမလဲ၊ ဥပဒေပြဋ္ဌာန်းထားတဲ့ အထဲမှာ ရည်ရွယ်ချက်တွေ ပါပါတယ်။ ရည်ရွယ်ချက်တွေကို ပေါက်မြောက်အောင် ဘာတွေဆက်လုပ်ကြမလဲ။ လုပ်သင့်တာလေးတွေ ဆွေးနွေးဖို့ အဓိကရည်ရွယ်ချက်ပါ။ ဒီစာတမ်းကို ပြည်သူတွေအတွက် Messag ကတော့ ပထမ ဒီသတင်းမီဒီယာကောင်စီ ဖြစ်ပေါ်လာပုံကို သမိုင်းကြောင်းလေး သိစေချင်တာပါ။ သုတပေးရုံပါ၊ နောင်တစ်ချိန်ကျတော့ သုတေသီတွေ ဘာတွေ ပြန်ဖော်ထုတ်ချင်ကြတယ်။ ရေးသားချင်တဲ့ စိတ်မှတ်တမ်း ကျန်ရစ်ဖို့၊ သတင်းမီဒီယာကောင်စီရဲ့ လုပ်ငန်းစဉ်၊ ဘာတွေလုပ်တာသိအောင်၊ နောင်ကို ဘာတွေလုပ်သင့်သလဲ၊ ကြိုတင်ဆွေးနွေးထားတာပါ။ အဲဒီမှာ စိတ်ဝင်စားတဲ့ ပြည်သူလူထုက အကြဉာဏ်ပေးနိုင်၊ ဆွေးနွေးနိုင်အောင် ဒါကိုဖွင့်လိုက်တဲ့ သဘောပါ။ ဒါက သတင်းမီဒီယာကောင်စီရဲ့ ဒုတိယအကြိမ် စာတမ်းဖတ်ပွဲဖြစ်ပါတယ်။

 

 

ပါမောက္ခ ဒေါက်တာမြင့်မောင်မောင်



“ပြည်သူ့ကျန်းမာရေးနှင့် သတင်းမီဒီယာကဏ္ဍ” ခေါင်းစဉ်နဲ့ စာတမ်းဖတ်ပါမယ်။ ဆေးပညာသည်တွေရဲ့ တစ်ဦးတည်း ကိုယ်စားလှယ်ပါ၊ ပါတဲ့ အနှစ်သာရကတော့ ရည်ရွယ်ချက် သုံးခုရှိပါတယ်။ တစ်ခုက ကနေ့လက်ရှိ မြန်မာနိုင်ငံမှာ သတင်းမီဒီယာက ပြည်သူ့ကျန်းမာရေးနဲ့ ဘယ်လောက် အထောက်အကူ ဖြစ်နိုင်သလဲ။ အားနည်းချက် အားသာချက်၊ နောက်တစ်ခုက ပြည်တွင်းတွင်မက အာဆီယံနိုင်ငံတွေမှာတော့ ဘာတွေလုပ်နေလဲ။ အခု တက်ရောက်လာတဲ့ ပရိသတ်တွေကို အသိပေးမှာပါ။ နောက်တစ်ခုက ကမ္ဘာဖွံ့ဖြိုးပြီး နိုင်ငံတွေမှာ ဘာတွေလုပ်နေသလဲဆိုတာပါ။

 

မီဒီယာကောင်စီ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ဂျာနယ်လစ်ဆင် သင်တန်းတွေဖွင့်မယ်။ လက်မှတ်ရသင်တန်း၊ ဒီပလိုမာ၊ မာစတာ ဒီဂရီ၊ သိပ်တော်ရင် ပြည်ပအထိ လွှတ်မယ်။ ပီပြင်လာရင် ကျန်းမာရေးကဏ္ဍဟာ မီဒီယာများရဲ့ အကူအညီနဲ့ နှစ်ဦးနှစ်ဖက်ကူညီပြီး ဒီထက်ဖွံ့ဖြိုးမယ်လို့ ထင်ပါတယ်။ ကမ္ဘာ့နာမည်ကြီးတဲ့ စာစောင်တွေမှာတောင် အနည်းဆုံး လူထုအတွင်းမှာ အဖြစ်များတဲ့ ရောဂါတစ်ခုအကြောင်း အမြဲပါတယ်။ နောက်ထပ်အသစ်ပေါ်တဲ့ ဆေးတို့၊ ရောဂါတို့အကြောင်းတွေ အများကြီးပါပါတယ်။ အဲဒါတွေကို တိုတိုနဲ့လိုရင်း ရှင်းပြပါမယ်။ နောင်ကို သတင်းမီဒီယာကို ဝါသနာပါပြီး တကယ်အထူးပြုချင်တဲ့လူက တကယ့်ကို ထိပ်တန်းကျကျ အသိအမှတ်ပြုပြီး သင်တန်းလက်မှတ်ရ၊ ဘွဲ့ရအထိကို ထူထောင်ပေးချင်တာပါ။ အဲဒီလောက်ထိ မျှော်မှန်းပါတယ်။ ဒါကြောင့်မို့ ဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်၊ ဆေးပညာ၊ နောက်ပြီးတော့ အင်ဂျင်နီယာထဲက အသိပညာရှင် အတတ်ပညာရှင်တွေလည်း ဒီအဖွဲ့ထဲမှာ ပါလာမယ်လို့ ထင်ပါတယ်။

 

 

ဦးသိမ်းစိုး (သိမ်းစိုးသီဟရတနာ)

မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီဝင်

 

ပထမအကြိမ် စာတမ်းဖတ်ပြီး စာအုပ်ထုတ်ဝေနိုင်ရေး၊ ဒီပုံနှိပ်တိုက် ဝင်းအတွင်းမှာ ဆိုင်ခန်းတွေနေရာချပြီး အကုန်လုံး စီစဉ်တာတွေကို တာဝန်ယူစီစဉ်ရပါတယ်။ စာတမ်းဖတ်ပွဲခေါင်းစဉ်က မြန်မာ့ဒီမိုကရေစီ နိုင်ငံတော်နဲ့ စတုတ္ထမဏ္ဍိုင် ပီပြင်စွာရပ်တည်နိုင်ရေး ဆိုတဲ့အတွက် သတင်းမီဒီယာ လောကအတွက် တစ်စုံတစ်ရာ အထောက်အကူ ဒီထက်အများကြီးပိုပြီးတော့ ရှိလာမယ်လို့ မျှော်လင့်ပါတယ်။ ဒီသတင်းမီဒီယာဆိုတာ သိပ်အရေးကြီးပါတယ်။ ဒီနေ့ခေတ်လိုမျိုးမှာ အချိန်နဲ့တစ်ပြေးညီ အင်မတန်လျင်မြန်စွာ ကမ္ဘာနဲ့အနှံ့ ပျံ့နှံ့သွားနိုင်တာမျိုး ဖြစ်တဲ့အတွက် သတင်းတွေနဲ့ ပတ်သက်ပြီး သိသင့်သိထိုက်တဲ့ အခြေခံ အချက်အလက်တွေ၊ ကျင့်ဝတ်တွေ၊ သတင်းမီဒီယာပိုင်းဆိုင်ရာ သမိုင်းကနေ အစချီပြီး သိသင့်သိထိုက် တာတွေကို လေ့လာနိုင်ဖို့ စာတမ်းတွေ၊ စာအုပ်တွေ၊ ထုတ်ဝေထားပါတယ်။ လူငယ်တွေ အနေနဲ့လည်း ဒါကို မျက်ခြည်မပြတ်လေ့လာပြီး တိုင်းပြည်အတွက် အကျိုးရှိနိုင်မယ့် ကဏ္ဍတွေ ဖော်ဆောင်နိုင်ဖို့အတွက် ဆန္ဒပြုလိုပါတယ်။

 

အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။



တွေ့ဆုံမေးမြန်း-ရီရီမြင့်၊ ဥမ္မာသန့်
ဓာတ်ပုံ-ဇော်မင်းလတ်