မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီအစည်းအဝေး ကျင်းပ

နေပြည်တော် ၊ ၂၂  ဇန်နဝါရီ 

မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီအစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန အစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

အစည်းအဝေးတွင် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီနာယက၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း က မိမိတို့ဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီက နိုင်ငံခြားငွေဖြင့် ရောင်းချသည့် ရတနာပြပွဲများ၊ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲများကို နှစ်စဉ် ကျင်းပပြုလုပ်ပေးလျက်ရှိပြီး မြန်မာနိုင်ငံအတွင်း ကျောက်မျက်ရတနာကဏ္ဍ ဖွံ့ဖြိုးတိုးတက် စေရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေရေးတို့အတွက် ပုဂ္ဂလိကကျောက်မျက် ရတနာပြပွဲများကို သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များ၏ ခွင့်ပြုချက်၊ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း၊ မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်းတို့၏ ပူးပေါင်းပါဝင်ကူညီမှုဖြင့် ကျင်းပနိုင်ရေး ဆောင်ရွက်ပေးလျက် ရှိပါကြောင်း။

ဗဟိုကော်မတီအနေဖြင့် ရတနာပြပွဲများ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ယခုကဲ့သို့ ပြပွဲဗဟိုကော်မတီ အစည်းအဝေးများ ကျင်းပပြုလုပ်ပြီး အဆုံးအဖြတ် ရယူရန်နှင့် မှတ်တမ်းတင်အတည်ပြုရန် ကိစ္စရပ်များကို ပြပွဲဗဟိုကော်မတီသို့ တင်ပြဆွေး နွေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း။ 

၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ကျောက်မျက်ရတနာများ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် မြန်မာ့ကျောက်မျက် ရတနာပြပွဲ ဗဟိုကော်မတီ အစည်းအဝေးကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၉ ရက်တွင် ကျင်းပပြုလုပ်ခဲ့ပြီး ယင်းကာလ နောက်ပိုင်း၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု အခြေအနေကြောင့် ရတနာပြပွဲများ ကျင်းပ ပြုလုပ်နိုင်ခြင်းမရှိသကဲ့သို့ ပြပွဲဗဟိုကော်မတီ အစည်းအဝေးများကိုလည်း ကျင်းပပြုလုပ်နိုင်ခြင်း မရှိခဲ့သည်မှာ တစ်နှစ်ကျော်ကြာမြင့်ခဲ့ပြီ ဖြစ်ပါကြောင်း။

ထို့ကြောင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်မှုနှင့် သတ်မှတ်ထားရှိသည့် ကန့်သတ်မှုများ ဖြေလျော့မှုအခြေအနေများအပေါ် မူတည်ပြီး မြန်မာ့ကျောက် မျက်ရတနာ ပြပွဲများကို ကျင်းပပြုလုပ်သွားရန် လျာထားစီစဉ်ဆောင်ရွက်ထားရှိရာ ရတနာပြပွဲဆိုင်ရာ လုပ်ငန်းများကို မှတ်တမ်းတင် အတည်ပြုနိုင်ရေးနှင့် ဆုံးဖြတ်ချက်များရယူနိုင်ရေး ညှိနှိုင်းဆွေးနွေးနိုင်ရန်အတွက် ယခုပြပွဲဗဟိုကော်မတီ အစည်းအဝေးကို ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပရခြင်းဖြစ်ပါကြောင်း။

ဖွဲ့စည်းပေးထားသည့် လုပ်ငန်းကော်မတီအသီးသီးကလည်း လုပ်ငန်းများဆောင်ရွက်ကြရာတွင် ယခင်ကျင်းပပြီး ပြပွဲများ၏ အားသာချက်၊ အားနည်းချက်များအပေါ် ပြန်လည် သုံးသပ်ပြီး ကိုဗစ်-၁၉ ရောဂါအလွန် ဆောင်ရွက်ရမည့် ပြပွဲဆိုင်ရာလုပ်ငန်းများကို ပိုမိုကောင်းမွန်သည့် နည်းလမ်းများဖြင့် ဆောင်ရွက်နိုင်စေရေး ရှာဖွေဖော်ထုတ်သွားကြရန် တိုက်တွန်းမှာကြားလိုပါကြောင်း။

သက်ဆိုင်ရာလုပ်ငန်းကော်မတီအလိုက် တာဝန်ရှိသူများအနေဖြင့် ယခုပြပွဲဗဟိုကော် မတီအစည်းအဝေးတွင် မှတ်တမ်းတင်အတည်ပြုရန် နှင့် ဆုံးဖြတ်ချက်ရယူရန် လိုအပ်သည့် ကိစ္စရပ်များကို ရှင်းလင်းတင်ပြကြရန်နှင့် တင်ပြချက်များအပေါ် အစည်းအဝေး တက်ရောက်လာကြသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးကြရန် ပြောကြားသည်။

ထို့နောက် စီမံရေးရာလုပ်ငန်းကော်မတီ၊ ကျောက်စိမ်းလုပ်ငန်းကော်မတီ၊ ကျောက် မျက်လုပ်ငန်းကော်မတီ၊ ဘဏ္ဍာရေးလုပ်ငန်းကော်မတီ၊ လုံခြုံရေးလုပ်ငန်းကော်မတီနှင့် မြန်မာနိုင်ငံကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်းတို့မှ တာဝန်ရှိသူများက ပြပွဲကျင်းပ နိုင်ရေးအတွက် သက်ဆိုင်ရာကဏ္ဍများအလိုက် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြကြပြီး အစည်းအဝေးတက်ရောက်ကြသူများက ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြသည်။

အစည်းအဝေးသို့ ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ၊ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးမင်းနောင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန် ကြားရေးမှူးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

သတင်းစဉ်