မြန်မာကျောင်းသားများ အင်ဒိုနီးရှားတက္ကသိုလ်များတွင် ပညာသင်ဆုများ ရယူကာ ပညာသင်ကြားလျက်ရှိ

ရန်ကုန်၊ ၁၈ဒီဇင်ဘာ

 

မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသံရုံး၏ ကြိုးပမ်းပေးမှုဖြင့် မြန်မာကျောင်းသားများ အင်ဒိုနီးရှားနိုင်ငံအတွင်းရှိ တက္ကသိုလ်များတွင် တက်ရောက်ပညာသင်ယူခွင့် ရရှိရေးနှင့် ပညာသင်ဆုများ ရရှိနိုင်ရေးအတွက် ပိုမိုအခွင့်အလမ်း များပြားလာလျက်ရှိကြောင်း သိရသည်။

 

မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသံအမတ်ကြီး ပါမောက္ခဒေါက်တာ Lza Fadri က ပညာရေးကဏ္ဍ ပူးပေါင်းမြှင့်တင်ရန် စိတ်အားထက်သန်လျက်ရှိပြီး အင်ဒိုနီးရှားနှင့် မြန်မာနိုင်ငံအတွက် ပညာသင်ဆုဆိုင်ရာ ပူးပေါင်းဆောင်ရွက်နေခြင်းသည် အလွန်မဟာဗျူဟာမြောက်ကြောင်း ပညာသင်ဆု ပေးအပ်ခြင်းနှင့်စပ်လျဉ်း၍ ပြောကြားသည်။ အင်ဒိုနီးရှားပညာရေးနှင့် ယဉ်ကျေးမှုပညာသင်ဆုများကို နှစ်စဉ် မြန်မာကျောင်းသားများကို ပေးအပ်လျက်ရှိပြီး ယခုနှစ်အတွက်လည်း ပညာသင်ဆုများ ပေးအပ် နိုင်ခဲ့သည်။

 

“၂၀၁၈ ခုနှစ်ကတည်းက မြန်မာကျောင်းသားတွေကို ပညာသင်ဆုတွေပေးအပ်ပြီး အင်ဒိုနီးရှားနိုင်ငံမှာ ပညာသင်ယူနိုင်ဖို့ ဆောင်ရွက်ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က မြန်မာကျောင်းသားတွေကို အလုံးစုံ ပညာသင်ဆုပေးနိုင်ဖို့ဖြစ်ပြီး သို့မှသာ ကျောင်းသားတွေက သူတို့ရဲ့သင်ယူမှုကို အာရုံအပြည့်အဝ စိုက်ထည့်နိုင်မှာဖြစ်ပါတယ်” ဟု သံအမတ်ကြီးက ပြောကြားသည်။ လက်ရှိတွင် အင်ဒိုနီးရှားနိုင်ငံအတွင်းက တက္ကသိုလ်များဖြစ်သည့် Brawijaya University (UB), Andalas University (UNAND) နှင့် Padang State University (UNP) များနှင့် ပူးပေါင်း၍ပညာသင်ဆုများ ပေးအပ်လျက်ရှိသည်။

 

ယခုနှစ် ဩဂုတ်လက အင်ဒိုနီးရှားနိုင်ငံ Padang မြို့ရှိ UNAND တက္ကသိုလ်မှ မြန်မာကျောင်းသား ကိုးဦးအား ပညာသင်ဆုများ ပေးအပ်ခဲ့သည်။ သို့သော် ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါဖြစ်သည့် ကိုဗစ်-၁၉ ရောဂါကြောင့် ကျောင်းသားများ အင်ဒိုနီးရှားနိုင်ငံသို့ မသွားရောက်နိုင်သေးဘဲ စက်တင်ဘာလတွင် ကျင်းပသည့် ၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက် တက္ကသိုလ်၏ မဟာဘွဲ့သင်တန်း နိုင်ငံခြားကျောင်းသားများ မောင်မယ်သစ်လွင် ကြိုဆိုပွဲကို အွန်လိုင်းစနစ်ဖြင့်သာ တက်ရောက်ခဲ့သည့်အပြင် ဆက်လက်၍လည်း ပညာသင်ယူနေကြပြီဖြစ်သည်။ မြန်မာနိုင်ငံအပြင် အင်္ဂလန်၊ တာဂျစ်ကစ္စတန်၊ ထိုင်း နှင့် ဗီယက်နမ်တို့မှ ကျောင်းသားများလည်း တက်ရောက် ပညာသင်ယူနေပြီး ခရီးသွားလာမှု စတင်နိုင်ချိန်တွင် အင်ဒိုနီးရှားနိုင်ငံသို့ သွားရောက်ကြမည်ဖြစ်သည်။

“ကျွန်မက ၂၀၁၉ ခုနှစ်အတွက် အလုံးစုံပညာသင်ဆုကို Brawijaya University (UB) က ရရှိထားပါတယ်။ သူက အင်ဒိုနီးရှားထိပ်တန်း တက္ကသိုလ်တစ်ခုလည်း ဖြစ်ပြီး ကျောင်းသား ၆၀၀၀၀ ကျော် ဘွဲ့၊ ဘွဲ့လွန်နဲ့ ပါရဂူဘွဲ့တွေ၊ ဆေးဘက်ဆိုင်ရာ မဟာဘွဲ့တွေကို သင်ကြားပေးနေတာ ဖြစ်ပါတယ်။ ကျွန်မကတော့ Public Admini-stration ဘာသာရပ်နဲ့ မဟာဘွဲ့တန်းကို လာရောက် ပညာသင်ကြားနေတာဖြစ်ပါတယ်။ ဒီတက္ကသိုလ်က အရှေ့ဂျာဗားမှာရှိပြီး လုံခြုံစိတ်ချမှုနဲ့ သုတေသနလုပ်ငန်းတွေ လုပ်ဖို့အတွက် အဆင်ပြေတဲ့ နေရာတစ်ခုလည်းဖြစ်တယ်” ဟု ၂၀၁၉ ခုနှစ်အတွက် အလုံးစုံပညာသင်ဆုရရှိသည့် မခိုင်သရဖီက ပြောသည်။

 

စိမ်းလန်းသောပတ်ဝန်းကျင်၊ တောတောင်သဘာဝများနှင့်အတူ Bromo မီးတောင်၏အလှ၊ Tanggar လူမျိုးစုတို့၏ ရိုးရာနေထိုင်မှုဘဝကိုလေ့လာရင်း Environmen-tal Science ဘာသာရပ်ဖြင့် အင်ဒိုနီးရှားနိုင်ငံ Brawijaya University ကျောင်းသား ကိုတင်နိုင်ဦးက ဘွဲ့ကြို ကျောင်းသားများအားလုံး ဘွဲ့အတွက် စာတမ်းရေးကြရသည့် ပညာရေးစနစ်က မြန်မာနိုင်ငံနှင့်မတူဘဲ သုတေသနနည်းစနစ် နှင့် ပိုမိုရင်းနှီးကျွမ်းဝင်လာကြောင်း သူ့အမြင်ကို ပြောပြသည်။

 

အင်ဒိုနီးရှားနိုင်ငံသို့ မြန်မာကျောင်းသားများ ပညာသင်ဆုများ ပိုမိုရရှိစေရေးအတွက် အင်ဒိုနီးရှားသံရုံးမှ အခြားအင်ဒိုနီးရှား တက္ကသိုလ်များနှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ “ပညာရေး ပူးပေါင်းဆောင်ရွက်ရာကနေ နှစ်နိုင်ငံလုံးအတွက် အခြားပူးပေါင်း ဆောင်ရွက်တဲ့ နယ်ပယ်တွေမှာလည်း ကောင်းတဲ့အကျိုး ကျေးဇူးတွေရရှိလာနိုင်မယ်လို့ ယုံကြည်ပါတယ်”ဟု မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသံရုံးမှ သတင်းနှင့် လူမှုယဉ်ကျေးမှုဆိုင်ရာ သံတမန် Sylvia Masri က ပြောသည်။

 

၂၀၁၉ ခုနှစ်အတွက် Padang, Sumatra အနောက်ပိုင်းတွင် တည်ရှိသော UNP တက္ကသိုလ်မှ ပညာသင်ဆု ရရှိထားသူတစ်ဦးဖြစ်သည့် မစူစန်စံဌေးက “ပညာသင်ယူနေစဉ်မှာပဲ သူတို့နိုင်ငံရဲ့ အခြေခံပညာရေးစနစ်ကို လေ့လာလိုတဲ့အတွက် ကျောင်းဆရာမအဖြစ် စေတနာ့ဝန်ထမ်း ဝင်ရောက် လုပ်ကိုင်ပေးခဲ့ပါတယ်။ အင်ဒိုနီးရှားနိုင်ငံရဲ့ ယဉ်ကျေးမှုဓလေ့စရိုက်တွေ၊ ဘာသာစကားတွေနဲ့ အဲဒီက လူအများကြီးနဲ့ ပိုမိုပြီးခင်မင်ရင်းနှီးခဲ့ရတယ်”ဟု သူ့အတွေ့ အကြုံကိုပြောကြားသည်။

 

သတင်းဆောင်းပါးနှင့်ဓာတ်ပုံ - ဇင်မင်း