မြန်မာ့ကော်ဖီ တိုးချဲ့တင်ပို့နိုင်ရေး

သြဂုတ် ၂

မြန်မာနိုင်ငံသည် လယ်ယာစိုက်ပျိုးရေး အခြေခံနိုင်ငံဖြစ်၍ စိုက်ပျိုးရေးထွက်ကုန် အမယ်သစ်တို့ကို ပြည်ပသို့ တင်ပို့နိုင်ရေးသည် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးတွက် အာရုံစိုက် အကောင်အထည် ဖော်ရမည့် ကိစ္စတစ်ခု ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ အလားအလာရှိသော စိုက်ပျိုးရေး ထွက်ကုန်များတွင် ကော်ဖီလည်း ပါဝင်ပါသည်။ မြန်မာနိုင်ငံ၌ ကော်ဖီကို မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် အပါအဝင် တစ်နိုင်ငံလုံး၌ ဧရိယာ သုံးသောင်းဝန်းကျင်ခန့် စိုက်ပျိုးကြပါသည်။ ၂၀၁၄ ခုနှစ်၌ မြန်မာ့ကော်ဖီ ၃၆ တန်ကို ဂျပန်နိုင်ငံသို့ တင်ပို့ခဲ့ပါသည်။ ယခုနှစ်၌ ပြင်ဦးလွင်မြို့နယ်နှင့် ရှမ်းပြည်နယ် ရွာငံမြို့နယ်ထွက် ကော်ဖီစေ့ တန် ၁၀ဝ ကျော်ကို ပြည်ပနိုင်ငံများသို့ တင်ပို့နိုင်ခဲ့ပါသည်။ မြန်မာနိုင်ငံကော်ဖီအသင်း၏ ထုတ်ပြန်ချက်များအရ မြန်မာ့ကော်ဖီကို အမေရိကန်၊ ဂျပန်၊ ကနေဒါ၊ ကိုရီးယားနှင့် သြစတြေးလျကဲ့သို့သော ဖွံ့ဖြိုးပြီးနိုင်ငံများသို့ တင်ပို့လျက် ရှိပါသည်။

ဤကဲ့သို့တင်ပို့ရာ၌လည်း ကော်ဖီ၏ အရည်အသွေးအပေါ် မူတည်၍ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၅၀ဝ မှ ၆၀ဝ၀ ကျော်အထိ ရရှိကြောင်း သိရှိရပါသည်။ အဆိုပါဈေးနှုန်းက မြန်မာ့ကော်ဖီ၏ အရည်အသွေးကို ဖော်ပြနေသည်ဖြစ်၍ စနစ်တကျ တိုးချဲ့စိုက်ပျိုးရေးနှင့်အတူ ကော်ဖီစေ့ထုတ်လုပ်မှု လုပ်ငန်းစဉ်အဆင့်ဆင့်၏ စွမ်းဆောင်ရည်ကိုလည်း မြှင့်တင်ပေးရမည် ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ လက်ရှိကော်ဖီစိုက်ပျိုး ထုတ်လုပ်မှုကို လုပ်ကွက်ငယ်တောင်သူတို့က စိုက်ပျိုးထုတ်လုပ်ကြခြင်း ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ အရည်အသွေးမြင့် ကော်ဖီစိုက်ပျိုးရာ ဒေသဖြစ်သော ရွာငံဒေသ အပါအဝင် တစ်နိုင်ငံလုံး၌ တစ်ဦးချင်း တောင်သူတို့က နှစ်ဧက၊ သုံးဧက စသည်တို့ဖြင့် စိုက်ပျိုးကြခြင်း ဖြစ်ပါသည်။

ဤတစ်ဦးချင်း ကော်ဖီစိုက်ပျိုးသူ တောင်သူတို့အနေဖြင့် ကော်ဖီစိုက်ပျိုးထုတ်လုပ်မှု လုပ်ငန်းစဉ်ဆိုင်ရာ စက်ယန္တရားတို့အား ဝယ်ယူသုံးစွဲရေးသည် ပကတိအခြေအနေအရ လွယ်ကူသော ကိစ္စရပ်မဟုတ်ပါ။ ဥပမာအားဖြင့် တခြားသော နိုင်ငံတို့၌ ကော်ဖီစေ့တို့အား ရွေးချယ်ရာတွင် စက်ကိုအားပြု ဆောင်ရွက်သည်ဖြစ်၍ ပိုမိုသန့်စင်သည်သာမက ပိုမိုလည်း အရည်အသွေး ကောင်းမွန်ပါသည်။ မြန်မာနိုင်ငံ၌ လက်ရှိအချိန်အထိ ကော်ဖီစေ့ရွေးချယ်ခြင်းကို လူ့လုပ်အားအပေါ်၌သာ အားပြုဆောင်ရွက်ရသည်ဖြစ်၍ အရည်အသွေး နိမ့်ကျခြင်းနှင့်အတူ ထုတ်လုပ်မှုစရိတ်ကိုလည်း မြင့်မားစေပါသည်။

အထက်၌တင်ပြသကဲ့သို့ လယ်ယာစိုက်ပျိုးရေးအခြေခံ ပြည်ပပို့ကုန် အမယ်သစ်တို့ တိုးချဲ့တင်ပို့ နိုင်ရေးသည် တိုင်းပြည်၏ အမျိုးသားရေး လိုအပ်ချက်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ မြန်မာ့ကော်ဖီ စိုက်ပျိုး ထုတ်လုပ်မှု၏ အရည်အသွေးကို မြှင့်တင်ရန် သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းများ အနေဖြင့် မြန်မာနိုင်ငံ ကော်ဖီအသင်းနှင့် လက်တွဲညှိနှိုင်း ဆောင်ရွက်မှုမြှင့်တင်ရန် အကြံပြုတင်ပြလိုပါသည်။ ဥပမာအားဖြင့် ကော်ဖီစေ့ရွေးချယ်ခြင်းကို စက်အားဖြင့် ဆောင်ရွက်နိုင်ရန် မည်ကဲ့သို့ အကောင်အထည်ဖော်နိုင်မည်ကို လေ့လာသုံးသပ် ဆောင်ရွက်သင့်ပါသည်။ တစ်ဖန် မြန်မာနိုင်ငံကော်ဖီအသင်း၏ တာဝန်ရှိပုဂ္ဂိုလ်များ အကြံပြု သကဲ့သို့ ကော်ဖီစိုက်ပျိုးခြင်းနှင့်အတူ မက္ကဒေးမီးယား စိုက်ပျိုးခြင်းအား မည်သို့မည်ပုံ အားပေးဆောင်ရွက်မည် ကိုလည်း လေ့လာသုံးသပ် အကောင်အထည်ဖော်သင့်ပါသည်။

နိဂုံးချုပ်အနေဖြင့် လယ်ယာစိုက်ပျိုးရေးအခြေခံ ပြည်ပပို့ကုန်အမယ်သစ်တို့ တိုးချဲ့ထုတ်လုပ်နိုင်ရေးသည် တိုင်းပြည်၏ အမျိုးသားရေး လိုအပ်ချက်ဖြစ်၍ မြန်မာ့ကော်ဖီ တိုးချဲ့စိုက်ပျိုး ထုတ်လုပ်တင်ပို့နိုင်ရေးကို သက်ဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့် ဦးစားပေးကိစ္စအဖြစ် အာရုံစိုက်ဆောင်ရွက်ကြပါရန် လေးစားစွာ တိုက်တွန်း နှိုးဆော်အပ်ပါသည်။ ။

(မြန်မာ့အလင်း)