မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာ ဒိန်းမတ်နိုင်ငံ၌ လေ့ကျင့်နေ

ရန်ကုန် ၉ ဇူလိုင်

မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာသည် ဘီနင်နှင့် အိုင်ဗရီကို့စ်နိုင်ငံ၌ ကျင်းပသည့် International Series ကြက်တောင်ရိုက်ပြိုင်ပွဲတွင် ဗိုလ်စွဲပြီးနောက်ပိုင်း ဒိန်းမတ်နိုင်ငံ၌ သွားရောက်လေ့ကျင့်လျက်ရှိသည်။

သက်ထားသူဇာသည် အပြည်ပြည်ဆိုင်ရာ အိုလံပစ်ကော်မတီ၏ အစီအစဉ်ဖြင့် ဒိန်းမတ်နိုင်ငံ၌ သွားရောက်လေ့ကျင့်နေခြင်းဖြစ်ပြီး နှစ်လကြာမြင့်မည်ဖြစ်ကာ လေ့ကျင့်နေစဉ်ကာလအတွင်း ဩဂုတ်၌ကျင်းပမည့် နိုင်ငံတကာပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည်။ သက်ထားသူဇာသည် ၂၀၂၀ ပြည့်နှစ်တွင် ဂျပန်နိုင်ငံ၌ ကျင်းပမည့် တိုကျိုအိုလံပစ်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရန် ပြင်ဆင်နေခြင်းဖြစ်ပြီး ပြိုင်ပွဲများ ဆက်တိုက်ယှဉ်ပြိုင်လျက်ရှိသည်။ 

ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်၏ သတ်မှတ်ချက်အရ ၂၀၁၉ ခုနှစ် ဧပြီမှ ၂၀၂၀ ပြည့်နှစ် ဧပြီအထိ ဝင်ရောက်ယှဉ်ပြိုင်သည့် နိုင်ငံတကာပြိုင်ပွဲများမှ ရမှတ်များနှင့် ကမ္ဘာ့အဆင့်အပေါ် တွက်ချက်၍ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပြုမည်ဖြစ်သောကြောင့် သက်ထားသူဇာအနေဖြင့် ပြိုင်ပွဲများ ဆက်တိုက်ယှဉ်ပြိုင်နေခြင်းဖြစ်သည်။ သက်ထားသူဇာသည် ဘီနင်နှင့် အိုင်ဗရီကို့စ်နိုင်ငံ၌ ကျင်းပသည့် International Series ကြက်တောင်ရိုက်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ပြီး အိုင်ဗရီကို့စ်နိုင်ငံမှ ဒိန်းမတ်နိုင်ငံသို့ ထွက်ခွာသွားကာ စက်တင်ဘာ ၆ ရက်မှသာ ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိမည်ဖြစ်သည်။

သက်ထားသူဇာသည် ငယ်စဉ်ကတည်းက နိုင်ငံတကာပြိုင်ပွဲများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သလို ၂၀၁၈ အောက်တိုဘာတွင် ပြည်ပပြိုင်ပွဲများ၌ အောင်မြင်မှုရပြီးနောက်ပိုင်း ပရိသတ်နှင့် ရင်းနှီးကျွမ်းဝင်လာသလို အောင်မြင်မှုများ ဆက်တိုက်ရလာသောကြောင့် ပိုမိုနာမည်ကြီးလာခြင်းဖြစ်သည်။ သက်ထားသူဇာသည် ၂၀၁၈ အောက်တိုဘာမှ ၂၀၁၉ ဇူလိုင်လအထိ နိုင်ငံတကာပြိုင်ပွဲများ၌ ချန်ပီယံဆု ခြောက်ကြိမ်၊ ဒုတိယဆု တစ်ကြိမ် ရရှိထားသည်။

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-ဖိုးသော်ဇင်