မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာ ကြိုးပမ်းနေသည့် အိုလံပစ်ဝင်ခွင့်အတွက် သတ်မှတ်ချက်များ ထုတ်ပြန်

မေ ၃၀

 

မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရန် ကြိုးပမ်းနေသည့် တိုကျိုအိုလံပစ်ပြိုင်ပွဲဝင်ခွင့်အတွက် သတ်မှတ်ချက်များကို ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်က ထုတ်ပြန်လိုက်ပြီဖြစ်သည်။

 

ကမ္ဘာ့နိုင်ငံများတွင် ဖြစ်ပွားနေသည့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကြက်တောင်ပြိုင်ပွဲများကို မတ်လကတည်းက ရပ်နားခဲ့ရပြီး ဂျပန်နိုင်ငံက အိမ်ရှင်အဖြစ် အိုလံပစ်ပြိုင်ပွဲကိုလည်း ၂၀၂၁ ခုနှစ်သို့ ရွှေ့ဆိုင်းခဲ့ရသောကြောင့် အိုလံပစ်ဝင်ခွင့်အတွက် သတ်မှတ်ချက်များကို ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်က ပြန်လည်သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်သည် အိုလံပစ်ဝင်ခွင့်အတွက် ကစားသမားအရေအတွက်ကို အပြောင်းအလဲမရှိဘဲ လက်ရည်စစ်ပွဲကာလကို ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၄ ရက်မှ မေ ၂ ရက်အထိ သတ်မှတ်ခဲ့ပြီး ယင်းကာလအတွင်း ကျင်းပသည့်ပြိုင်ပွဲများမှ ရလဒ်များကိုသာ ထည့်သွင်းတွက်ချက်သွားမည်ဖြစ်သည်။ ကမ္ဘာကြက်တောင်အဖွဲ့ချုပ်သည် ရက်သတ္တပတ် ၁၇ ခုအတွင်း ပြိုင်ပွဲပေါင်း ၂၀ ကျော် ကျင်းပရန် စီစဉ်ထားပြီး ၂၀၂၀ ပြည့်နှစ်တွင် ကိုရိုနာဗိုင်းရပ်စ်အခြေအနေကြောင့် ရွှေ့ဆိုင်းလိုက်ရသည့် ပြိုင်ပွဲအချို့ကိုလည်း ပြန်လည်ကျင်းပမည်ဖြစ်သည်။ ထို့ပြင် ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်သည် လက်ရှိကမ္ဘာ့အဆင့်ရပ်တည်မှုနှင့် အိုလံပစ်ဝင်ခွင့်အတွက် ရမှတ်ရရှိထားမှုများကိုလည်း ဆက်လက်တွက်ချက်သွားမည်ဖြစ်ပြီး ယခုနှစ်ကုန်ပိုင်းတွင် ကျင်းပမည့်ပြိုင်ပွဲများကို အိုလံပစ်ဝင်ခွင့်အတွက် ရမှတ်တွက်ချက်မှုတွင် ထည့်သွင်းမည်မဟုတ်ကြောင်း သိရသည်။ တိုကျိုအိုလံပစ်ပြိုင်ပွဲကို ၂၀၂၁ ခုနှစ်တွင် ပြန်လည်ကျင်းပမည်ဖြစ်ပြီး ကြက်တောင်တစ်ဦးချင်းပြိုင်ပွဲတွင် အမျိုးသား ၃၈ ဦး၊ အမျိုးသမီး ၃၈ ဦး ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်သည်။

 

သက်ထားသူဇာသည် မတ်လက နောက်ဆုံးထုတ်ပြန်ထားသည့် ကမ္ဘာ့အဆင့်ရပ်တည်မှုတွင် အဆင့် ၅၇၊ အိုလံပစ်ဝင်ခွင့်အတွက် အဆင့်သတ်မှတ်ချက်တွင် အဆင့် ၂၇ နေရာ၌ ရပ်တည်နေသည်။ သက်ထားသူဇာသည် ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပြိုင်ပွဲယှဉ်ပြိုင်မှု ရပ်နားထားရသော်လည်း လေ့ကျင့်မှုများ စဉ်ဆက်မပြတ် ပြုလုပ်လျက်ရှိသည်။

 

သတင်း- ညီမြတ်သော်တာ

ဓာတ်ပုံ- စိုးညွန့်