မြန်မာကြက်တောင်မယ် သက်ထားသူဇာ ကင်ညာပြိုင်ပွဲတွင် ချန်ပီယံဆု ထပ်မံကာကွယ်ရမည်

၂၄  ဖေဖော်ဝါရီ

မြန်မာကြက်တောင်အားကစားမယ် သက်ထားသူဇာသည် Uganda International ပြိုင်ပွဲတွင် ချန်ပီယံဆုကာကွယ်ပြီးနောက် ကင်ညာနိုင်ငံ၌ ကျင်းပမည့် Kenya International 2020 ပြိုင်ပွဲတွင် ချန်ပီယံဆုထပ်မံကာကွယ်ရမည်ဖြစ်သည်။

Kenya International 2020 ပြိုင်ပွဲကို ဖေဖော်ဝါရီ ၂၇ ရက်မှ မတ် ၁ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ်က ကြီးမှူးကျင်းပမည့် Future Series ပြိုင်ပွဲလည်းဖြစ်သည်။ သက်ထားသူဇာသည် ၂၀၁၉ ခုနှစ်က ကျင်းပသည့် ယင်းပြိုင်ပွဲတွင် ချန်ပီယံဆုရထားသောကြောင့် ချန်ပီယံဆုပြန်လည်ကာကွယ်ရခြင်းဖြစ်သည်။ သက်ထားသူဇာသည် လက်ရှိချန်ပီယံဖြစ်သောကြောင့် ဆီဒင်-၁ သတ်မှတ်ခံထားရပြီး ပထမအဆင့်တွင် ပါကစ္စတန်ကစားသမားနှင့် ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း ကမ္ဘာ့ကြက်တောင်အဖွဲ့ချုပ် ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။ သက်ထားသူဇာသည် ဥရောပနိုင်ငံများတွင် ပြိုင်ပွဲများမယှဉ်ပြိုင်မီ အာဖရိကနိုင်ငံများသို့ သွားရောက်ကာ ချန်ပီယံဆုများ လာရောက်ကာကွယ်ခြင်းဖြစ်သည်။ သက်ထားသူဇာသည် ဖေဖော်ဝါရီ ၂၀ ရက်မှ ၂၃ ရက်အထိ ယူဂန္ဓာနိုင်ငံ၌ ကျင်းပသည့် Uganda International ပြိုင်ပွဲတွင် ချန်ပီယံဆုကာကွယ်နိုင်ခဲ့သည်။

သက်ထားသူဇာသည် ဖေဖော်ဝါရီ ၂၄ ရက် နံနက်ပိုင်းက ယူဂန္ဓာနိုင်ငံမှ ကင်ညာနိုင်ငံသို့ ထွက်ခွာသွားပြီး သူမ၏ ဖခင်ဖြစ်သူလည်း လိုက်ပါကာ အနီးကပ် ပံ့ပိုးကူညီလျက်ရှိသည်။

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-သက်ထားသူဇာ Facebook