မြန်မာကလပ်အသင်းများ ယှဉ်ပြိုင်မည့် AFC Cup ပြိုင်ပွဲနှင့်ပတ်သက်၍ အာရှဘောလုံးအဖွဲ့ချုပ် ထပ်မံအတည်ပြုမည်

အောက်တိုဘာ ၁၀ 

အာရှဘောလုံးအဖွဲ့ချုပ်သည် ၂၀၂၁ ခုနှစ်တွင် ကျင်းပမည့် AFC Cup  ပြိုင်ပွဲနှင့်ပတ်သက်၍ ထပ်မံအတည်ပြုမည်ဖြစ်သည်။ AFC Cup ပြိုင်ပွဲကို ကိုဗစ်-၁၉ ရောဂါကြောင့် ယခုနှစ်တွင် ပြီးဆုံးအောင် ကျင်းပနိုင်ခြင်းမရှိသဖြင့် လာမည့်နှစ်တွင် ကျင်းပမည့်ကာလကို ထပ်မံထုတ်ပြန်ရမည်ဖြစ်သည်။

မြန်မာကလပ်အသင်းများသည် AFC Cup ပြိုင်ပွဲတွင် ၂၀၁၂ ခုနှစ်မှစ၍ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့ပြီး ၂၀၂၁ ပြိုင်ပွဲတွင် ၂၀၂၀ MNL အမှတ်ပေးပြိုင်ပွဲ ချန်ပီယံ ရှမ်းယူနိုက်တက်အသင်းက အုပ်စုအဆင့်နှင့် ဒုတိယဆုရသည့် ဟံသာဝတီအသင်းက ခြေစစ်ပွဲအဆင့်မှ စတင်ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ရှမ်းယူနိုက်တက် အသင်းသည် အာရှချန်ပီယံလိဂ်အကြို ခြေစစ်ပွဲတွင်လည်း ယှဉ်ပြိုင်ခွင့်ရထားပြီး ခြေစစ်ပွဲ မအောင်ပါက AFC Cup ပြိုင်ပွဲ အုပ်စုအဆင့်တွင် ပြန်လည်ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ယခုနှစ်တွင် ကိုဗစ်-၁၉ ရောဂါကြောင့် ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲကျင်းပနိုင်ခြင်း မရှိရာ အမှတ်ပေးပြိုင်ပွဲတွင် ဒုတိယရသည့် ဟံသာဝတီအသင်းက AFC Cup ပြိုင်ပွဲတွင် ယှဉ်ပြိုင်ခွင့်ရခဲ့ခြင်းဖြစ်သည်။ အာရှဘောလုံးအဖွဲ့ချုပ်၏ သတ်မှတ်ချက်အရ မြန်မာကလပ် အသင်းများသည် AFC Cup ပြိုင်ပွဲတွင် အုပ်စုအဆင့်မှတစ်သင်း၊ ခြေစစ်ပွဲအဆင့်မှ တစ်သင်းသာ ယှဉ်ပြိုင်ခွင့်ရထားပြီး ရှုံးထွက်ချန်ပီယံအသင်း သို့မဟုတ် အမှတ်ပေးပြိုင်ပွဲ ဒုတိယရသည့်အသင်းက ခြေစစ်ပွဲအဆင့်မှ စတင်ယှဉ်ပြိုင်ရမည်ဖြစ်သည်။

AFC Cup ပြိုင်ပွဲတွင် မြန်မာကလပ် အသင်းများဖြစ်သည့် ရန်ကုန်၊ ဧရာဝတီ၊ ရတနာပုံ၊ နေပြည်တော်၊ မကွေး၊ ရှမ်းယူနိုက်တက်အသင်းတို့ ဝင်ရောက်ယှဉ်ပြိုင်ဖူးပြီး ဟံသာဝတီအသင်းက ပထမဆုံး ယှဉ်ပြိုင်ခွင့် ရရှိခြင်းဖြစ်သည်။ အာရှဘောလုံးအဖွဲ့ချုပ်သည် ၂၀၁၈ ခုနှစ်တွင် ပြိုင်ပွဲကျင်းပသည့် ပုံစံသစ် ပြောင်းလဲခဲ့ပြီး ပုံစံသစ်ဖြင့် ပြောင်းလဲပြီးနောက် အမြင့်ဆုံး ရပ်တည်မှုအဖြစ် ရန်ကုန်အသင်းက ၂၀၁၈ ပြိုင်ပွဲတွင် အာဆီယံဇုန် ဆီမီးဖိုင်နယ် တက်ရောက်နိုင်ခဲ့သည်။ အာရှဘောလုံးအဖွဲ့ချုပ်၏ သတ်မှတ်ချက်အရ AFC Cup ပြိုင်ပွဲ ခြေစစ်ပွဲများကို ဇန်နဝါရီ၊ အုပ်စုအဆင့်ပွဲစဉ်များကို ဖေဖော်ဝါရီတွင် စတင်ကျင်းပရန် သတ်မှတ်ထားသော်လည်း ကိုဗစ်-၁၉ ရောဂါအခြေအနေကြောင့် ကျင်းပမည့်ကာလကို ထပ်မံအတည်ပြုရမည်ဖြစ်သည်။

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-ဖိုးသော်ဇင်