မြန်မာကလပ်များ ယှဉ်ပြိုင်ခွင့်ရထားသည့်  အာရှအဆင့် ကလပ်ပြိုင်ပွဲများနှင့်ပတ်သက်၍ အာရှဘောလုံးအဖွဲ့ချုပ် နှစ်ကုန်ပိုင်းတွင် အတည်ပြုမည်

၃ နိုဝင်ဘာ


အာရှဘောလုံးအဖွဲ့ချုပ်သည် မြန်မာကလပ်များ ယှဉ်ပြိုင်ခွင့်ရထားသော ၂၀၂၁ ခုနှစ်တွင်ပြုလုပ်မည့် အာရှအဆင့် ကလပ်ဘောလုံးပြိုင်ပွဲများနှင့် ပတ်သက်၍ နှစ်ကုန်ပိုင်းတွင် အတည်ပြုမည်ဖြစ်သည်။

အာရှဘောလုံးအဖွဲ့ချုပ်သည် အာရှဒေသတွင်းမှ ကလပ်အသင်းများအတွက် အာရှချန်ပီယံလိဂ်ပြိုင်ပွဲနှင့် AFC Cup ပြိုင်ပွဲတို့ ကျင်းပမည်ဖြစ်ပြီး ခြေစစ်ပွဲများကို ဇန်နဝါရီတွင် ကျင်းပမည်ဖြစ်သည်။ သို့သော် လက်ရှိဖြစ်ပေါ်နေသည့် ကိုဗစ်-၁၉ ရောဂါ အခြေအနေကြောင့် သတ်မှတ်ထားသည့်ရက်အတိုင်း ကျင်းပနိုင်ခြင်းရှိမရှိ အာရှဘောလုံး အဖွဲ့ချုပ်က ထပ်မံထုတ်ပြန်မည် ဖြစ်သည်။

အာရှဘောလုံးအဖွဲ့ချုပ်ကကျင်းပမည့် ကလပ်ပြိုင်ပွဲများအနက် အာရှချန်ပီယံလိဂ်အကြိုခြေစစ်ပွဲတွင် ရှမ်းယူနိုက် တက်အသင်း၊ AFC Cup ပြိုင်ပွဲ အုပ်စုအဆင့်တွင် ရှမ်းယူနိုက်တက်အသင်း၊ ခြေစစ်ပွဲတွင် ဟံသာဝတီအသင်းတို့ ယှဉ်ပြိုင်ခွင့်ရထားသည်။ 

၂၀၂၀ ရာသီတွင် ရှုံးထွက်ပြိုင်ပွဲကျင်းပနိုင်ခြင်းမရှိဘဲ MNL အမှတ်ပေးပြိုင်ပွဲသာ ကျင်းပခဲ့သောကြောင့် ချန်ပီယံ ရှမ်းယူနိုက်တက်အသင်းက အာရှချန်ပီယံလိဂ်အကြိုခြေစစ်ပွဲတွင် ကစားခွင့်ရခြင်းဖြစ်ပြီး ခြေစစ်ပွဲမအောင်ပါက AFC Cup ပြိုင်ပွဲ အုပ်စုအဆင့်တွင် ပြန်လည်ယှဉ်ပြိုင်ရမည်ဖြစ်သည်။

အာရှချန်ပီယံလိဂ်တွင် ခြေစစ်ပွဲအောင်မြင်ပါက တတိယရသည့် ဧရာဝတီအသင်းက AFC Cup ပြိုင်ပွဲတွင် အစားထိုး ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်သည်။ ဒုတိယဆုရသည့် ဟံသာဝတီအသင်းမှာမူ AFC Cup ပြိုင်ပွဲခြေစစ်ပွဲအဆင့်မှ စတင် ကစားရမည်ဖြစ်သည်။ အာရှဘောလုံးအဖွဲ့ချုပ်သည် အာရှချန်ပီယံလိဂ်နှင့် AFC Cup ပြိုင်ပွဲ အကြိုခြေစစ်ပွဲနှင့် Play-off ပွဲစဉ်များကို ဇန်နဝါရီတွင် ကျင်းပမည်ဖြစ်သည်။

ရှမ်းယူနိုက်တက်အသင်းသည် အာရှချန်ပီယံလိဂ်ခြေစစ်ပွဲတွင် သုံးကြိမ်မြောက် ယှဉ်ပြိုင်ခွင့်ရခြင်းဖြစ်ပြီး ဟံသာဝတီ အသင်းမှာမူ AFC Cup ပြိုင်ပွဲတွင် ပထမဆုံးယှဉ်ပြိုင်ခွင့်ရခြင်း ဖြစ်သည်။

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-ဖိုးသော်ဇင်