မြန်မာကွင်းလယ်ကစားသမား မြတ်ကောင်းခန့် ချိုင်းနတ်အသင်းနှင့် လမ်းခွဲ

မေ ၁၆

 

ထိုင်းလိဂ်-၂ ကလပ် ချိုင်းနတ်အသင်းတွင် သွားရောက်ကစားနေသည့် မြန်မာကွင်းလယ်ကစားသမား မြတ်ကောင်းခန့်သည် အသင်းနှင့် နှစ်ဦးသဘောတူ လမ်းခွဲလိုက်ပြီဖြစ်သည်။

 

မြတ်ကောင်းခန့်သည် ယခုရာသီအစတွင် ပြောင်းရွှေ့ခဲ့သော်လည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် လိဂ်ပြိုင်ပွဲရပ်နားထားသည့် ကာလအတွင်း ချိုင်းနတ်အသင်းက ဘတ်ဂျက်လျှော့ချရန် ကစားသမားအချို့နှင့် နှစ်ဦးသဘောတူလမ်းခွဲခဲ့ရာ မြတ်ကောင်းခန့်ပါ ပါဝင်ခဲ့ခြင်းဖြစ်သည်။ မြတ်ကောင်းခန့်သည် ၂၀၁၉ ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ခြေစွမ်းပြနိုင်ခဲ့သောကြောင့် ပြည်ပကလပ်အသင်းများ၏ စိတ်ဝင်စားခြင်းကိုခံခဲ့ရကာ ချိုင်းနတ်အသင်းသို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်သည်။

 

မြတ်ကောင်းခန့်သည် ယခုရာသီ ချိုင်းနတ်အသင်းကစားထားသည့် လိဂ်ပွဲလေးပွဲတွင် နှစ်ပွဲကစားခွင့်ရထားပြီး တစ်ပွဲမှာ ပွဲထွက်ခွင့်ရခဲ့ခြင်းဖြစ်သည်။ မြတ်ကောင်းခန့်သည် ချိုင်းနတ်အသင်းနှင့် လမ်းခွဲခဲ့သောကြောင့် ထိုင်းကလပ်အသင်းတစ်သင်းသို့ ပြောင်းရွှေ့ရန် ကြိုးပမ်းနေပြီး အဆင်မပြေပါက မြန်မာနေရှင်နယ်လိဂ်တွင် ပြန်လည်ကစားမည်ဖြစ်သည်။

 

ထိုင်းကလပ်များတွင် ကစားနေသည့် မြန်မာကစားသမားများအနက် ကျော်ကိုကိုသည် ပြီးခဲ့သည့်ရက်ပိုင်းက ထိုင်းလိဂ်-၁ ကလပ် ဆူခိုထိုင်းအသင်းနှင့် လမ်းခွဲခဲ့ပြီး မြတ်ကောင်းခန့်သည် ယခုလအတွင်း ကလပ်အသင်းနှင့် နှစ်ဦးသဘောတူလမ်းခွဲရသည့် ဒုတိယမြောက် မြန်မာကစားသမား ဖြစ်လာခဲ့သည်။

 

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-စိုးညွန့်