မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း ဆီးဂိမ်းပြိုင်ပွဲအတွက် စက်တင်ဘာ ၁၆ ရက် စတင်လေ့ကျင့်မည်

နေပြည်တော် ၃ စက်တင်ဘာ

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် အကြိမ် (၃၀)မြောက် ဆီးဂိမ်းပြိုင်ပွဲအတွက် စက်တင်ဘာ ၁၆ ရက်တွင် စတင်လေ့ကျင့်မည်ဖြစ်သည်။

မြန်မာအမျိုးသမီးအသင်းသည် ၂၀၁၉ အာဆီယံ အမျိုးသမီးပြိုင်ပွဲအပြီးတွင် လေ့ကျင့်မှုရပ်နားထားပြီး စက်တင်ဘာ တတိယပတ်တွင် စတင်လေ့ကျင့်မည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းကို ပဏာမကစားသမား ၃၆ ဦးဖြင့် စတင်ဖွဲ့စည်းမည်ဖြစ်ပြီး စက်တင်ဘာ ၁၉၊ ၂၁၊ ၂၃ ရက်တွင် လူရွေးပွဲကျင်းပကာ ကစားသမားများ လျှော့ချမည်ဖြစ်သည်။

ပဏာမကစားသမား ၃၆ ဦးကို ၁၂ ဦး၊ တစ်သင်းဖြင့် သုံးသင်းဖွဲ့စည်းကာ သုံးပွင့်ဆိုင်ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။ လူရွေးပွဲအပြီးတွင် ကစားသမား ၂၆ ဦးဖြင့် ဖွဲ့စည်းကာ ဆီးဂိမ်းအတွက် လေ့ကျင့်ပြင်ဆင်မည်ဖြစ်သည်။

ပဏာမကစားသမား ၃၆ ဦးစာရင်းကို ရက်ပိုင်းအတွင်း ထုတ်ပြန်မည်ဖြစ်ပြီး ၂၀၁၉ အာဆီယံ အမျိုးသမီးပြိုင်ပွဲတွင် တတိယရခဲ့သည့်အသင်းကို အခြေခံကာ လူငယ်လက်ရွေးစင်အသင်းမှ ကစားသမားများ၊ ကလပ်အသင်းများမှ ကစားသမား များဖြင့် ပေါင်းစပ်ဖွဲ့စည်းမည်ဖြစ်သည်။

မြန်မာအမျိုးသမီးအသင်းသည် ဆီးဂိမ်းပြိုင်ပွဲအတွက် ပြင်ဆင်ချိန် နှစ်လကျော်ရရှိမည်ဖြစ်ပြီး ရက်ပေါင်း ၇၀ ကျော်အတွင်း နိုင်ငံတကာ ခြေစမ်းပွဲများ၊ ပြည်ပလေ့ကျင့်ရေး ခရီးစဉ်များနှင့် ပြည်တွင်းခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။

မြန်မာအမျိုးသမီးအသင်းသည် ယခုနှစ်အတွင်း နိုင်ငံတကာပြိုင်ပွဲများ ဆက်တိုက်ယှဉ်ပြိုင်နေပြီး ဖေဖော်ဝါရီတွင် အိန္ဒိယ ဖိတ်ခေါ်ပြိုင်ပွဲ၊ ဧပြီတွင် ၂၀၂၀ တိုကျိုအိုလံပစ် ဒုတိယအဆင့်ခြေစစ်ပွဲ၊ သြဂုတ်တွင် ၂၀၁၉ အာဆီယံ အမျိုးသမီးပြိုင်ပွဲတို့ ယှဉ်ပြိုင်ခဲ့ပြီး နိုဝင်ဘာလကုန်တွင် ဆီးဂိမ်းပြိုင်ပွဲ ယှဉ်ပြိုင်ရမည် ဖြစ်သည်။

ထို့ပြင် မြန်မာအမျိုးသမီးအသင်းသည် ၂၀၂၀ နှစ်ဆန်းပိုင်းတွင် ကျင်းပမည့် ၂၀၂၀ အိုလံပစ် တတိယအဆင့် ခြေစစ်ပွဲအတွက် ဆက်လက်ပြင်ဆင်ရမည် ဖြစ်သည်။

မြန်မာအမျိုးသမီးအသင်းသည် အိန္ဒိယဖိတ်ခေါ်ပြိုင်ပွဲတွင် ချန်ပီယံဆုရခဲ့ပြီး အာဆီယံ အမျိုးသမီးပြိုင်ပွဲတွင် တတိယဆုရခဲ့သည်။

ဆီးဂိမ်းအမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် မြန်မာအသင်းသည် ဒုတိယသုံးကြိမ်၊ တတိယခြောက်ကြိမ် ရထားပြီး ရွှေတံဆိပ် ရယူနိုင်ခြင်း မရှိသေးပေ။ နောက်ဆုံးကျင်းပခဲ့သည့် ၂၀၁၇ ပြိုင်ပွဲတွင် ကြေးတံဆိပ် ဆွတ်ခူးရရှိခဲ့သည်။ 

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်