မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း ကစားသမားများလျှော့ချ

၂၈  ဇန်နဝါရီ 

 

၂၀၂၀ တိုကျိုအိုလံပစ် အမျိုးသမီးဘောလုံး ဒုတိယအဆင့်ခြေစစ်ပွဲအတွက် လေ့ကျင့်ပြင်ဆင်နေသည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ကစားသမားများလျှော့ချပြီး ပဏာမကစားသမား ၂၅ ဦးဖြင့် လေ့ကျင့်ပြင်ဆင်လျက်ရှိသည်။


 
မြန်မာအမျိုးသမီးအသင်းသည် ဒီဇင်ဘာ ၁၇ ရက်မှစ၍ စခန်းဝင်လေ့ကျင့်မှုပြုလုပ်ခဲ့ပြီး ပဏာမကစားသမား ၂၉ ဦးဖြင့် လေ့ကျင့်နေရာမှ လေးဦးလျှော့ချခဲ့ခြင်းဖြစ်သည်။

 

မြန်မာအမျိုးသမီးအသင်းသည် ဇန်နဝါရီ ၂၆ ရက်တွင် မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းနှင့် ခြေစမ်းပွဲကစားပြီးနောက် ယမင်းလွင်၊ နန့်မေသဇင်၊ ဇင်မာထွန်းနှင့် မေစံပယ်ဖူးတို့ကိုလျှော့ချခဲ့ခြင်းဖြစ်သည်။ မြန်မာအမျိုးသမီးအသင်းသည် အိုလံပစ်ခြေစစ်ပွဲကို ဧပြီလဆန်းပိုင်းတွင် ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ဖေဖော်ဝါရီနှင့် မတ်လတွင် နိုင်ငံတကာပြိုင်ပွဲနှင့် ခြေစမ်းပွဲများယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ မြန်မာအမျိုးသမီးအသင်းသည် ဖေဖော်ဝါရီတွင် အိန္ဒိယဖိတ်ခေါ်ပြိုင်ပွဲ ယှဉ်ပြိုင်မည်ဖြစ်ပြီး မတ်လတွင် ပြည်ပလေ့ကျင့်ရေးခရီးစဉ်တစ်ခု သွားရောက်မည်ဖြစ်သည်။ 

 

မြန်မာ့လက်ရွေးစင်အသင်းသည် လေ့ကျင့်ပြင်ဆင်သည့် တစ်လကျော် ကာလအတွင်း ပြည်တွင်းခြေစမ်းပွဲငါးပွဲ ယှဉ်ပြိုင်ကစားထားပြီး နောက်ဆုံးကစားထားသည့် ခြေစမ်းပွဲများတွင် ယူ-၁၆ လက်ရွေးစင်အသင်းနှင့် ယူ-၁၉ လက်ရွေးစင်အသင်းတို့ကို အနိုင်ရထားသည်။

 

မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းတွင် နည်းပြချုပ်အဖြစ်-ဦးဝင်းသူမိုး၊ လက်ထောက်နည်းပြများအဖြစ်-ဦးခင်မောင်ထွေး၊ ဦးစထက်နိုင်ဝင်း၊ ဒေါ်ဇင်မာဝမ်း၊ ဂိုးနည်းပြအဖြစ်-ဦး မြကိုမင်း၊ ကစားသမားများအဖြစ် ဂိုး-ဇာဇာမြင့်၊ မေဇင်နွယ်၊ မျိုးမြမြငြိမ်း၊ သန္တာဦး၊ နောက်တန်း-ဝေဝအောင်၊ အိရတနာဖြိုး၊ ခင်သန်းဝေ၊ အေးအေးမိုး၊ ခင်မျိုးဝင်း၊ ယွန်းမီမီလွင်၊ ချစ်ချစ်၊ ခိုင်သဇင်၊ ရူပါခိုင်၊ ဇင်ဇင်နိုင်၊ အလယ်တန်း-ငယ်ငယ်ထွေး၊ ခင်မိုမိုထွန်း၊ သင်းသင်းယု၊ လဲ့လဲ့လှိုင်၊  နုနု၊ ခင်မိုးဝေ၊ ခင်မာလာထွန်း၊ ရှေ့တန်း- ရီရီဦး၊ ဝင်းသိင်္ဂီထွန်း၊ ဂျုလိုင်ကျော်နှင့် လှယဉ်ဝင်းတို့ ပါဝင်ကြသည်။ 

 

သတင်း-ညီမြတ်သော်တာ

 

ဓာတ်ပုံ-စိုးညွန့်