မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း ခြေစမ်းပွဲတွင် ဂိုးပြတ်အနိုင်ရ

ရန်ကုန် ၂၆ ဇန်နဝါရီ

နိုင်ငံတကာပြိုင်ပွဲများအတွက် လေ့ကျင့်ပြင်ဆင်နေသည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းနှင့် ယူ-၁၉ လက်ရွေးစင် အမျိုးသမီးအသင်းသည် ယနေ့နံနက်ပိုင်းက သုဝဏ္ဏ လေ့ကျင့်ရေးကွင်း၌ ခြေစမ်းပွဲယှဉ်ပြိုင်ကစားရာ မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းက လေးဂိုးပြတ် အနိုင်ရခဲ့သည်။

လက်ရွေးစင် အမျိုးသမီးအသင်းများဖြစ်သည့် စီနီယာအသင်း၊ ယူ-၁၉ အသင်းနှင့် ယူ-၁၆ အသင်းသည် ခြေစမ်းပွဲများ ပတ်လည်ကစားလျက်ရှိပြီး လက်ရွေးစင်အသင်းသည် ယူ-၁၆ အသင်းနှင့် ကစားပြီးသောကြောင့် ယူ-၁၉ အသင်းနှင့် ထပ်မံခြေစမ်းခဲ့ခြင်းဖြစ်သည်။ ယခုခြေစမ်းပွဲကို ပုံမှန်အတိုင်း ၄၅ မိနစ် နှစ်ပိုင်းခွဲ၍ ယှဉ်ပြိုင်ကစားခဲ့သည်။ လက်ရွေးစင် အမျိုးသမီးအသင်းသည် ပထမပိုင်းတွင် အမာခံကစားသမား အများစုဖြင့် ပွဲထွက်ခဲ့ပြီး ဒုတိယပိုင်းတွင် အရန်ကစားသမား အများစုဖြင့် ယှဉ်ပြိုင်ခဲ့သည်။ 

ယူ-၁၉ လက်ရွေးစင်အသင်းမှာမူ လက်ရွေးစင်အသင်းမှ ကစားသမားများထက် အတွေ့အကြုံရော ဘောလုံးပညာပါ ကွာခြားသောကြောင့် ခံစစ်ဦးစားပေး ကစားခဲ့ရသည်။ ပွဲအစ လေးမိနစ်တွင် လက်ရွေးစင်အသင်း ဂိုးစရခဲ့ပြီး တိုက်စစ်မှူး ဝင်းသိဂီထွန်းက သွင်းယူခဲ့သည်။ ဂိုးရပြီးနောက်ပိုင်းတွင် လက်ရွေးစင်အသင်းက ပိုဖိကစားနိုင်ခဲ့ပြီး ၂၅ မိနစ်တွင် ခင်မိုးဝေက ဒုတိယဂိုး ထပ်မံသွင်းယူခဲ့သည်။ 

ဒုတိယပိုင်းတွင် နှစ်သင်းစလုံး ကစားသမားများ အပြောင်းအလဲ ပြုလုပ်ခဲ့သော်လည်း လက်ရွေးစင်အသင်းကသာ ခြေအသာဖြင့် ဆက်လက်ဖိကစားနိုင်ခဲ့သည်။ လက်ရွေးစင်အသင်းအတွက် အနိုင်ဂိုးများကို ရီရီဦးက ၅၆၊ ၈၈ မိနစ်တွင် သွင်းယူခဲ့သည်။

လက်ရွေးစင်အသင်းသည် ယူ-၁၆ အသင်းကို ခုနစ်ဂိုးပြတ်၊ ယူ-၁၉ အသင်းကို လေးဂိုးပြတ် အနိုင်ရခဲ့သည်။ ယူ-၁၉ လက်ရွေးစင် အမျိုးသမီးအသင်းနှင့် ယူ-၁၆ လက်ရွေးစင် အမျိုးသမီးအသင်းသည် ဇန်နဝါရီ ၃၀ ရက်တွင် ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-စိုးညွန့်