မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း ထားဝယ်မြို့၌ ခြေစမ်းပွဲကစား

ထားဝယ်  ၂  ဇူလိုင်

 

၂၀၁၉ အာဆီယံ အမျိုးသမီးပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ပြည်တွင်းခြေစမ်းခရီးစဉ် သွားရောက်နေသည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ယနေ့ညနေပိုင်း ထားဝယ်မြို့၌ ခြေစမ်းပွဲစတင်ယှဉ်ပြိုင်ကစားခဲ့သည်။

 

 မြန်မာအမျိုးသမီးအသင်းသည် မွန်ပြည်နယ် မော်လမြိုင်မြို့မှ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ သို့ သွားရောက်ခြင်းဖြစ်ပြီး ပထမဆုံးခြေစမ်းပွဲအဖြစ် တနင်္သာရီတိုင်းဒေသကြီး ယူ-၁၇ အမျိုးသားအသင်းနှင့် ယှဉ်ပြိုင်ကစားရာ တစ်ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့သည်။

 

မြန်မာအမျိုးသမီးအသင်းသည် ပထမပိုင်းတွင် အမာခံကစားသမားများ အသုံးပြုသော်လည်း နောက်ပိုင်းတွင် ကစားသမားအားလုံး လဲလှယ်အသုံးပြုခဲ့သည်။ မြန်မာအမျိုးသမီးအသင်းသည် ပွဲပြီးခါနီး နာကျင်အချိန်ပိုတွင် ပေးလိုက်ရသည့်ဂိုးဖြင့် အရေးနိမ့်ခဲ့ခြင်း ဖြစ်သည်။  တနင်္သာရီတိုင်းဒေသကြီး ယူ-၁၇ လက်ရွေးစင်အသင်းသည် တိုင်းဒေသကြီးနှင့် ပြည်နယ် ယူ-၁၇ ပြိုင်ပွဲယှဉ်ပြိုင်မည့်အသင်းလည်း ဖြစ်သည်။

 

မြန်မာအမျိုးသမီးအသင်းသည် ဇူလိုင် ၄ ရက်တွင် ထားဝယ်လက်ရွေးစင်အသင်းနှင့် ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး ဇူလိုင် ၅ ရက်တွင် ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာလာမည်ဖြစ်သည်။

 

ရဲရင့်ရှိုင်း