မြန်မာ့လက်ရွေးစင် ဖူဆယ်အမျိုးသားအသင်းကို နိုင်ငံခြားသားနည်းပြ ခန့်အပ်ရန်စီစဉ်

၁၇ မေ

 

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းကို နိုင်ငံခြားသားနည်းပြ ခန့်အပ်ရန် စီစဉ်ထားပြီး ၂၀၂၀ အာဆီယံ ဖူဆယ်ပြိုင်ပွဲမတိုင်မီ ခန့်အပ်သွားမည်ဖြစ်သည်။

 

မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်း နည်းပြသစ်အဖြစ် အာဆီယံဖူဆယ် လောကတွင် ကျင်လည်ခဲ့ဖူးပြီး ထိပ်သီးအသင်းများကို ကိုင်တွယ်ခဲ့သည့် နယ်သာလန်နိုင်ငံသား ဗစ်တာဟာမန်စ်ကို ခန့်အပ်ရန် စီစဉ်နေခြင်းဖြစ်သည်။ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် နှစ်ဆန်းပိုင်းကတည်းက နိုင်ငံခြားသားနည်းပြ ခန့်အပ်ရန် စီစဉ်နေခြင်းဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားနေသည့် ကာလဖြစ်သောကြောင့် ကြန့်ကြာနေခြင်းဖြစ်သည်။ ဗစ်တာဟာမန်သည် ၁၉၉၀ ပြည့်နှစ်တွင် နည်းပြအဖြစ် စတင်ဆောင်ရွက်ခဲ့ပြီး နယ်သာလန် ဖူဆယ်လက်ရွေးစင်ဟောင်းတစ်ဦးလည်းဖြစ်သည်။ ၎င်းသည် ၁၉၉၀ မှ ၁၉၉၂ ခုနှစ်အထိ နယ်သာလန်လက်ရွေးစင်အသင်း လက်ထောက်နည်းပြ၊ ၁၉၉၂ မှ ၁၉၉၆ ခုနှစ်အထိ ဟောင်ကောင် လက်ရွေးစင်အသင်းနည်းပြချုပ်၊ ၁၉၉၆ ခုနှစ်တွင် မလေးရှား လက်ရွေးစင်အသင်း နည်းပြချုပ်၊ ၁၉၉၇ ခုနှစ် ၂၀၀၀ ပြည့်နှစ်အထိ နယ်သာလန် လက်ရွေးစင်အသင်း လက်ထောက်နည်းပြ၊ ၂၀၀၁ ခုနှစ်တွင် အီရန်လက်ရွေးစင်အသင်း နည်းပြချုပ်၊ ၂၀၀၁ မှ ၂၀၀၇ ခုနှစ်အထိ နယ်သာလန် လက်ရွေးစင်အသင်း နည်းပြချုပ်၊ ၂၀၀၉ မှ ၂၀၁၁ ခုနှစ်အထိ မော်လ်တာ လက်ရွေးစင်အသင်း နည်းပြချုပ်၊ ၂၀၁၂ မှ ၂၀၁၆ ခုနှစ်အထိ ထိုင်းလက်ရွေးစင်အသင်း နည်းပြချုပ်၊ ၂၀၁၇ မှ ၂၀၁၈ ခုနှစ်အထိ အင်ဒိုနီးရှား လက်ရွေးစင်အသင်းနည်းပြချုပ်၊ ၂၀၁၈ ခုနှစ်တွင် မော်လ်တာ လက်ရွေးစင်အသင်း နည်းပြချုပ်အဖြစ် ဆောင်ရွက်ခဲ့သည်။

 

မြန်မာ့လက်ရွေးစင် ဖူဆယ်အသင်းသည် ယခုနှစ်အတွင်း အာဆီယံ ဖူဆယ်ပြိုင်ပွဲတစ်ခုသာ ယှဉ်ပြိုင်ရမည်ဖြစ်သည်။ မြန်မာဖူဆယ်အသင်းသည် ၂၀၁၆ ခုနှစ်က လမ်းခွဲခဲ့သည့် အီရန်လူမျိုးနည်းပြ ဆာအိနောက်ပိုင်း နိုင်ငံခြားသား နည်းပြခန့်အပ်ရန် စီစဉ်နေခြင်းဖြစ်သည်။ မြန်မာဖူဆယ်အသင်းကို ၂၀၁၆ ခုနှစ်နောက်ပိုင်း နည်းပြချုပ်အဖြစ် ဦးဌေးမြင့်က ဆောင်ရွက်ခဲ့ပြီး ၎င်းကိုင်တွယ်ခဲ့သည့် ကာလတွင် အာဆီယံဖူဆယ်ပြိုင်ပွဲ၌ ပထမဆုံး ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ကာ ဒုတိယတစ်ကြိမ်၊ တတိယတစ်ကြိမ် ရယူပေးနိုင်ခဲ့သည်။

 

သတင်း-ညီမြတ်သော်တာ