မြန်မာ့လက်ရွေးစင်အသင်း စင်ကာပူနှင့် ခြေစမ်းပွဲအတွက် ဇွန် ၃ ရက် စတင်လေ့ကျင့်မည်

ရန်ကုန် ၂၁ မေ

 

မြန်မာ့လက်ရွေးစင်အသင်းသည် ဇွန်ဒုတိယပတ်တွင် ယှဉ်ပြိုင်ကစားမည့် စင်ကာပူလက်ရွေးစင် အသင်းနှင့် ခြေစမ်းပွဲအတွက် ဇွန် ၃ ရက်တွင် စတင်လေ့ကျင့်မည်ဖြစ်သည်။

 


မြန်မာ့လက်ရွေးစင်အသင်းသည် ယင်းခြေစမ်းပွဲအတွက် တစ်ပတ်ဝန်းကျင် အချိန်ယူပြင်ဆင်မည်ဖြစ်ပြီး ကလပ်အသင်းများမှာ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲကစားနေရသောကြောင့် ဆီမီးဖိုင်နယ်ပွဲစဉ်ပြီးဆုံးသည့် နောက်ရက်မှသာ လေ့ကျင့်မှုစတင်မည်ဖြစ်သည်။

 


မြန်မာ့လက်ရွေးစင်အသင်းကို ပဏာမကစားသမား ၂၅ ဦးဖြင့် ဖွဲ့စည်းမည်ဖြစ်ပြီး နည်းပြချုပ်သစ် ရာဒူလိုဗစ်အနေဖြင့် ပထမဆုံးကိုင်တွယ်ရမည့်ပွဲဖြစ်သောကြောင့် ရလဒ်ကောင်းရရန် ပြင်ဆင်သွားမည်ဖြစ်သည်။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ်သစ် ရာဒူလိုဗစ်ကို ဧပြီစတုတ္ထပတ်က ခန့်အပ်ခဲ့ပြီး ၎င်းနှင့်အတူ လက်ထောက်နည်းပြ ဗလာဒီမာကိုပါ တာဝန်ပေးအပ်ခဲ့သည်။

 

ထို့ပြင် မြန်မာ့လက်ရွေးစင်အသင်း လက်ထောက်နည်းပြအဖြစ် ဦးဇော်လင်းထွန်း (စစ်ကိုင်း)ကို တာဝန်ပေးရန် သဘောတူညီမှုရထားပြီးဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က အတည်ပြုခဲ့သည်။ မြန်မာ့လက်ရွေးစင်အသင်းသည် ဇွန်လတွင် နိုင်ငံတကာခြေစမ်းပွဲနှစ်ပွဲကစားရန် စီစဉ်ထားသော်လည်း ကစားသမားများနှင့် စုစည်းလေ့ကျင့်ရက်နည်းနိုင်သောကြောင့် စင်ကာပူ အသင်းနှင့်သာ ကစားရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်းနှင့် စင်ကာပူလက်ရွေးစင်အသင်းသည် ဇွန် ၁၁ ရက်တွင် စင်ကာပူနိုင်ငံ၌ ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

 

မြန်မာ့လက်ရွေးစင်အသင်းသည် ယခုနှစ်အတွင်း ၂၀၂၂ ကမ္ဘာ့ဖလားနှင့် ၂၀၂၃ အာရှဖလား ဒုတိယအဆင့်ခြေစစ်ပွဲ ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ခြေစစ်ပွဲ အုပ်စုပွဲစဉ်များ မကစားမီတိုင်း နိုင်ငံတကာ ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင်အသင်းနှင့် စင်ကာပူလက်ရွေးစင် အသင်းသည် ယခုနောက်ပိုင်းနှစ်များတွင် ခြေစမ်းပွဲများ၊ ဖိတ်ခေါ်ပြိုင်ပွဲများ ကစားလျက်ရှိပြီး ၂၀၁၆ နှင့် ၂၀၁၇ ခုနှစ်တွင် စင်ကာပူနိုင်ငံ၌ ခြေစမ်းပွဲကစားခဲ့သည်။

 


သတင်း - ညီမြတ်သော်တာ
ဓာတ်ပုံ - စိုးညွန့်