မြန်မာ့လက်ရွေးစင်အသင်း ကမ္ဘာ့ဖလားခြေစစ်ပွဲယှဉ်ပြိုင်ရန် ကာဂျစ္စတန်နိုင်ငံသို့ ထွက်ခွာ

၆ အောက်တိုဘာ

 

မြန်မာ့လက်ရွေးစင်အသင်းသည် ၂၀၂၂ ကမ္ဘာ့ဖလားနှင့် ၂၀၂၃ အာရှဖလား ဒုတိယအဆင့်ခြေစစ်ပွဲ ယှဉ်ပြိုင်ကစားရန် ယနေ့ညနေပိုင်းက ကာဂျစ္စတန်နိုင်ငံသို့ ထွက်ခွာသွားသည်။

 

မြန်မာ့လက်ရွေးစင်အသင်းတွင် အုပ်ချုပ်သူ-ဦးသန်းတိုးအောင်၊ နည်းပြချုပ်-ရာဒူလိုဗစ်၊ လက်ထောက်နည်းပြ- ဗလာဒီမာ၊ ဦးဇော်လင်းထွန်း၊ ဂိုးနည်းပြ- ဦးစိုင်းမောင်မောင်ဦး၊ အသင်းအတွင်းရေးမှူး-ဦးထွန်းထွန်းအောင်၊ ကစားသမားများအဖြစ် ဂိုး-ကျော်ဇင်ဖြိုး၊ ပြည့်ဖြိုးအောင်၊ ပြည့်လျှံအောင်၊ နောက်တန်း-ဇော်မင်းထွန်း၊ စိုးမိုးကျော်၊ ဇော်လင်း၊ ဒေးဗစ်ဒန်း၊ နန္ဒကျော်၊ ပြည့်ဖြိုးဇော်၊ ဇော်ရဲထွန်း၊ ကျော်ဇင်လွင်၊ အလယ်တန်း-ရန်အောင်ကျော်၊ လှိုင်းဘိုဘို၊ ဆွမ်လမန်၊ စည်သူအောင်၊ လွင်မိုးအောင်၊ ဇင်မင်းထွန်း၊ ကြည်လင်း၊ ရှေ့တန်း-အောင်သူ၊ ဝင်းနိုင်စိုး၊ သန်းပိုင်၊ ကောင်းစည်သူ၊ ဒွေးကိုကိုချစ်တို့ ပါဝင်ကြသည်။ မြန်မာ့လက်ရွေးစင်အသင်း အပြီးသတ်လူစာရင်းတွင် နာမည်ကြီးကစားသမားများဖြစ်သည့် ကျော်ကိုကို၊ မောင်မောင်လွင်နှင့် ဟိန်းသီဟဇော်တို့ ဒဏ်ရာပြဿနာကြောင့် ချန်လှပ်ခံခဲ့ရပြီး စက်တင်ဘာက ကစားခဲ့သည့် ကမ္ဘာ့ဖလားခြေစစ်ပွဲနှစ်ပွဲမှ ကစားသမားအများစု ပြန်လည်ပါဝင်လာသည်။ မြန်မာ့လက်ရွေးစင်အသင်းသည် ကာဂျစ္စတန်နိုင်ငံသို့ ကြိုတင်သွားရောက်ခြင်းဖြစ်ပြီး အောက်တိုဘာ ၁၀ ရက် မြန်မာစံတော်ချိန် ည ၉ နာရီတွင် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

 

မြန်မာ့လက်ရွေးစင်အသင်းသည် ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် ဂျပန်၊ ကာဂျစ္စတန်၊ တာဂျစ်ကစ္စတန်၊ မွန်ဂိုလီးယားတို့နှင့် တစ်အုပ်စုတည်း ကျရောက်နေပြီး နှစ်ပွဲကစား နှစ်ပွဲစလုံး ရှုံးနိမ့်ထားသည်။

 

မြန်မာ့လက်ရွေးစင်အသင်းသည် မွန်ဂိုလီးယားအသင်းကို အဝေးကွင်း၌ တစ်ဂိုး-ဂိုးမရှိ၊ ဂျပန်အသင်းကို အိမ်ကွင်း၌ နှစ်ဂိုး-ဂိုးမရှိဖြင့် ရှုံးနိမ့်ထားသောကြောင့် ယခုပွဲတွင် ရလဒ်ကောင်းရန် ကြိုးပမ်းရမည်ဖြစ်သည်။

 

မြန်မာအသင်းနှင့် ယှဉ်ပြိုင်ရမည့် ကာဂျစ္စတန်အသင်းသည် တစ်ပွဲကစား တစ်ပွဲရှုံးထားပြီး နှစ်သင်းစလုံး ပထမဆုံး အမှတ်ရယူနိုင်ရန် ကြိုးပမ်းရမည့်ပွဲလည်းဖြစ်သည်။

 

သတင်း-ညီမြတ်သော်တာ