မြန်မာ့လက်ရွေးစင်အသင်း ဖေဖော်ဝါရီနှင့် မတ်တွင် နိုင်ငံတကာခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားမည်

၂ ဇန်နဝါရီ

 

၂၀၂၂ ကမ္ဘာ့ဖလားနှင့် ၂၀၂၃ အာရှဖလား ဒုတိယအဆင့်ခြေစစ်ပွဲ ယှဉ်ပြိုင်နေသည့် မြန်မာ့လက်ရွေးစင်အသင်းသည် ဖေဖော်ဝါရီနှင့် မတ်လတွင် နိုင်ငံတကာခြေစမ်း ပွဲနှစ်ပွဲ ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

 

မြန်မာ့လက်ရွေးစင်အသင်းသည် မတ်နောက်ဆုံးပတ်တွင် ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲ ဒုတိယအဆင့် အုပ်စုပွဲစဉ်နှစ်ပွဲ ကစားရမည်ဖြစ်ရာ ယင်းနှစ်ပွဲမတိုင်မီ ခြေစမ်းပွဲများကစားရန် စီစဉ်နေခြင်းဖြစ်သည်။ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် ယင်းခြေစမ်းပွဲများအတွက် အသင်းများ စတင်ဖိတ်ကြားနေပြီဖြစ်ပြီး ခြေစမ်းပွဲနှစ်ပွဲတွင် အိမ်ကွင်း၌ အနည်းဆုံးတစ်ပွဲ ယှဉ်ပြိုင်ကစားမည် ဖြစ်သည်။

 

1

 

မြန်မာ့လက်ရွေးစင်အသင်းသည် နိုဝင်ဘာတွင် ကစားခဲ့သည့် ကမ္ဘာ့ဖလားခြေစစ်ပွဲ နှစ်ပွဲအပြီးတွင် လေ့ကျင့်မှုရပ်နားထားပြီး မတ်လတွင် ကစားမည့် ခြေစစ်ပွဲနီးမှသာ လေ့ကျင့်မှုပြုလုပ်မည်ဖြစ်သည်။ သို့သော် ဖေဖော်ဝါရီတွင် နိုင်ငံတကာခြေစမ်းပွဲ တစ်ပွဲ ကစားရန် စီစဉ်ထားရာ ယင်းကာလတွင်လည်း လေ့ကျင့်မှုပြုလုပ်မည်ဖြစ်သည်။

 

မြန်မာ့လက်ရွေးစင်အသင်းသည် တစ်ကျော့ပြန်နည်းပြ အန်တွမ်နီဟေးလက်ထက်တွင် ရလဒ်ကောင်းများရရှိနေပြီး ၄င်းလက်ထက်တွင် နိုင်ငံတကာ ခြေစမ်းပွဲတစ်ပွဲ၊ ကမ္ဘာ့ဖလားခြေစစ်ပွဲနှစ်ပွဲ ကစားထားရာ သုံးပွဲစလုံး အနိုင်ရထားသည်။

 

မြန်မာ့လက်ရွေးစင်အသင်းသည် ခြေစမ်းပွဲတွင် နီပေါအသင်းကို သုံးဂိုးပြတ်အနိုင်ရပြီး ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် တာဂျစ်ကစ္စတန်အသင်းကို လေးဂိုး-သုံးဂိုး၊ မွန်ဂိုလီးယားအသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။

 

5

 

မြန်မာ့လက်ရွေးစင်အသင်းသည် ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် ငါးပွဲကစား ခြောက်မှတ်ရထားသည်။ မြန်မာအသင်းသည် ယခင်နည်းပြဟောင်း ရာဒူလိုဗစ်လက်ထက်တွင် သုံးပွဲစလုံး အရေးနိမ့်ခဲ့သော်လည်း နည်းပြသစ် အန်တွမ်နီဟေးလက်ထက် နှစ်ပွဲကစားရာတွင် နှစ်ပွဲစလုံး အနိုင်ရထားသည်။

 

မြန်မာ့လက်ရွေးစင်အသင်းသည် ၂၀၂၀ ပြည့်နှစ်တွင် ကမ္ဘာ့ဖလားခြေစစ်ပွဲလက်ကျန် သုံးပွဲကစားရမည်ဖြစ်ပြီး မတ် ၂၆ ရက်တွင် ဂျပန်အသင်းနှင့် အဝေးကွင်း၊ မတ် ၃၁ ရက်တွင် ကာဂျစ္စတန်အသင်းနှင့် အိမ်ကွင်း၊ ဇွန် ၉ ရက်တွင် တာဂျစ်ကစ္စတန် အသင်းနှင့် အဝေးကွင်း ယှဉ်ပြိုင်ကစားရမည် ဖြစ်သည်။

 

 

သတင်း-ညီမြတ်သော်တာ

ဓာတ်ပုံ-စိုးညွန့်