မြန်မာ့လက်ရွေးစင်အသင်း ယှဉ်ပြိုင်ရမည့် ၂၀၂၂ ကမ္ဘာ့ဖလားနှင့် ၂၀၂၃ အာရှဖလားခြေစစ်ပွဲ

၁၃ ဇွန် 

 

မြန်မာ့လက်ရွေးစင်အသင်းသည် ယခုနှစ်အတွင်း ပထမဆုံးနိုင်ငံတကာပြိုင်ပွဲအဖြစ် စက်တင်ဘာတွင် စတင်ကျင်းပမည့် ၂၀၂၂ ကမ္ဘာ့ဖလား (အာရှဇုန်) နှင့် ၂၀၂၃ အာရှဖလား ဒုတိယအဆင့်ခြေစစ်ပွဲ ယှဉ်ပြိုင်ရမည်ဖြစ်သည်။

 

အာရှဘောလုံးအဖွဲ့ချုပ်သည် ပထမအဆင့်နှင့် ဒုတိယအဆင့်ခြေစစ်ပွဲကို ပြိုင်ပွဲနှစ်ခုပေါင်း၍ ကျင်းပမည်ဖြစ်ပြီး တတိယအဆင့်ခြေစစ်ပွဲမှသာ သီးခြားစီ ကျင်းပမည်ဖြစ်သည်။ ဒုတိယအဆင့်ခြေစစ်ပွဲကို တိုက်ရိုက်ယှဉ်ပြိုင်ခွင့်ရ ၃၄ သင်း၊ ပထမအဆင့်ခြေစစ်ပွဲမှ တက်ရောက်လာသည့် ခြောက်သင်း စုစုပေါင်းအသင်း ၄၀ ဖြင့် ကျင်းပမည်ဖြစ်သည်။ ဒုတိယအဆင့် ခြေစစ်ပွဲကို ငါးသင်း ရှစ်အုပ်စုခွဲ၍ ကျင်းပမည်ဖြစ်ပြီး ထိပ်ဆုံးရှစ်သင်းနှင့် အကောင်းဆုံး ဒုတိယလေးသင်းမှာ ကမ္ဘာ့ဖလား တတိယအဆင့်ခြေစစ်ပွဲသို့ တက်ရောက်ခွင့်ရမည်ဖြစ်ပြီး အာရှဖလားခြေစစ်ပွဲအောင်မြင်မည်ဖြစ်သည်။ 

 

ကျန်ဒုတိယနေရာရ လေးသင်း၊ တတိယနေရာရ ရှစ်သင်းနှင့် အကောင်းဆုံး စတုတ္ထနေရာရလေးသင်းမှာ တတိယအဆင့်ခြေစစ်ပွဲသို့  တက်ရောက်ခွင့်ရမည်ဖြစ်သည်။ ကျန်စတုတ္ထနေရာရ လေးသင်းနှင့် အုပ်စုအောက်ဆုံး ရှစ်သင်းမှာ Play-off ထပ်မံ ကစားရမည်ဖြစ်သည်။ ဒုတိယအဆင့်ခြေစစ်ပွဲများကို ၂၀၁၉ ခုနှစ် စက်တင်ဘာ ၅ ရက်မှ ၂၀၂၀ ပြည့်နှစ် ဇွန် ၉ ရက်အထိ ကျင်းပမည်ဖြစ်သည်။ မြန်မာအသင်းသည် ယင်းပြိုင်ပွဲအတွက် သြဂုတ်လကုန်နီးမှသာ ပြင်ဆင်မည်ဖြစ်ပြီး နည်းပြသစ် ရာဒူလိုဗစ်၏ ပထမဆုံးနိုင်ငံတကာပြိုင်ပွဲလည်းဖြစ်သည်။ ရာဒူလိုဗစ်သည် ၎င်း၏ ပထမဆုံး နိုင်ငံတကာပွဲအဖြစ် ဇွန် ၁၁ ရက်က စင်ကာပူလက်ရွေးစင်အသင်းနှင့် စင်ကာပူနိုင်ငံ၌ ခြေစမ်းပွဲယှဉ်ပြိုင်ကစားရာ နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ ရာဒူလိုဗစ်နှင့် နည်းပြအဖွဲ့ဝင်များသည် ကစားသမားများရွေးချယ်ရန် လိဂ်ပွဲစဉ်များကို စောင့်ကြည့်လေ့လာသွားမည်ဖြစ်သည်။

အာရှဘောလုံးအဖွဲ့ချုပ်သည် ၂၀၁၉ အာရှဖလားပြိုင်ပွဲမှစတင်ကာ ခြေစစ်ပွဲကျင်းပသည့်ပုံစံ ပြောင်းလဲခဲ့ပြီး မြန်မာအသင်းသည် တတိယအဆင့်ခြေစစ်ပွဲသို့ တက်ရောက်နိုင်ခဲ့သော်လည်း ခြေစစ်ပွဲအောင်မြင်ခဲ့ခြင်း မရှိပေ။ မြန်မာအသင်းသည် အာရှဖလားပြိုင်ပွဲ နောက်ဆုံးအဆင့်တွင် ယှဉ်ပြိုင်ခွင့်မရသည်မှာ ကြာမြင့်နေပြီဖြစ်သည်။

 

ညီမြတ်သော်တာ