မြန်မာ့လက်ရွေးစင်အသင်းများ လေ့ကျင့်မည့်ရက် မသတ်မှတ်ရသေး

၂ နိုဝင်ဘာ 

မြန်မာ့လက်ရွေးစင်နှင့် သက်တမ်းအလိုက် လူငယ်လက်ရွေးစင် အသင်းများသည် လာမည့်နှစ်တွင် နိုင်ငံတကာပြိုင်ပွဲများ ယှဉ်ပြိုင်ရမည်ဖြစ်သော်လည်း လေ့ကျင့်မည့်ရက် မသတ်မှတ်ရသေးကြောင်း သိရသည်။

မြန်မာ့လက်ရွေးစင်နှင့် လူငယ်လက်ရွေးစင် အသင်းများသည် ကိုဗစ်-၁၉ ရောဂါကြောင့် ယခုနှစ်အတွင်း နိုင်ငံတကာပြိုင်ပွဲများ ယှဉ်ပြိုင်ရခြင်းမရှိသလို လေ့ကျင့်နိုင်ခြင်းလည်း မရှိသေးပေ။ မြန်မာနိုင်ငံတွင် ရောဂါကူးစက်မှု အခြေအနေနှင့် ထိန်းချုပ်နိုင်မှုအပေါ်မူတည်၍ စခန်းဝင် လေ့ကျင့်ရမည်ဖြစ်ပြီး အစောဆုံး နှစ်ကုန်ပိုင်းမှသာ လေ့ကျင့်နိုင်မည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင်နှင့် လူငယ်လက်ရွေးစင် အသင်းများသည် လာမည့်နှစ်တွင် အာရှအဆင့်နှင့် အာဆီယံအဆင့် ပြိုင်ပွဲများ ယှဉ်ပြိုင်ရမည်ဖြစ်ပြီး နိုင်ငံတကာ ပြိုင်ပွဲများကို ၂၀၂၁ ခုနှစ် မတ်လတွင် အစောဆုံး ယှဉ်ပြိုင်ရမည်ဖြစ်သည်။ 

မြန်မာ့လက်ရွေးစင် အမျိုးသားအသင်းသည် ၂၀၂၂ ကမ္ဘာ့ဖလားနှင့် ၂၀၂၃ အာရှဖလား ဒုတိယအဆင့် ခြေစစ်ပွဲ အုပ်စုလက်ကျန်ပွဲများ၊  အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲ၊ လက်ရွေးစင် အမျိုးသမီးအသင်းက အာဆီယံ အမျိုးသမီးပြိုင်ပွဲ၊ အာရှဖလားခြေစစ်ပွဲနှင့် ဗီယက်နမ်ဆီးဂိမ်းပြိုင်ပွဲ၊ ယူ-၂၂ အမျိုးသားအသင်းက အာရှ ယူ-၂၃ ခြေစစ်ပွဲနှင့် ဗီယက်နမ်ဆီးဂိမ်းပြိုင်ပွဲ၊ ယူ-၁၉ အမျိုးသားအသင်းက အာဆီယံ ယူ-၁၉ ပြိုင်ပွဲ၊ ယူ-၁၆ အမျိုးသားအသင်းက အာဆီယံ ယူ-၁၆ ပြိုင်ပွဲ၊ ယူ-၂၀ အမျိုးသမီးအသင်းက အာဆီယံပြိုင်ပွဲနှင့် အာရှဖလား ခြေစစ်ပွဲ၊ ယူ-၁၇ အမျိုးသမီးအသင်းက အာဆီယံပြိုင်ပွဲနှင့် အာရှဖလားခြေစစ်ပွဲ၊ ဖူဆယ်လက်ရွေးစင်အသင်းက အာဆီယံပြိုင်ပွဲတို့ ယှဉ်ပြိုင်ရမည် ဖြစ်သည်။

အာရှဘောလုံးအဖွဲ့ချုပ်သည် လာမည့်နှစ်တွင် ပြုလုပ်မည့် အာရှအဆင့်ပြိုင်ပွဲများနှင့် ခြေစစ်ပွဲများ ထုတ်ပြန်ထားသော်လည်း ကပ်ရောဂါအပေါ် မူတည်၍ နှစ်ကုန်ပိုင်းတွင် ပြန်လည် အတည်ပြုမည်ဖြစ်သည်။ အာဆီယံ ဘောလုံးအဖွဲ့ချုပ်မှာမူ အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲကိုသာ အတည်ပြုသေးပြီး ကျန်ပြိုင်ပွဲများကို ကပ်ရောဂါအပေါ် မူတည်၍ ပြန်လည်အတည်ပြုမည်ဖြစ်သည်။

သတင်း-ညီမြတ်သော်တာ