မြန်မာ့လက်ရွေးစင်အသင်းနှင့် နီပေါအသင်း နိုဝင်ဘာ ၇ ရက်တွင် မန္တလေးမြို့၌ ခြေစမ်းမည်

သတင်း-ညီမြတ်သော်တာ

၂၀၂၂ ကမ္ဘာ့ဖလားနှင့် ၂၀၂၃ အာရှဖလား ဒုတိယအဆင့်ခြေစစ်ပွဲ ယှဉ်ပြိုင်ရမည့် မြန်မာ့လက်ရွေးစင်အသင်းသည် နိုဝင်ဘာ ၇ ရက်တွင် နီပေါလက်ရွေးစင်အသင်းနှင့် ခြေစမ်းပွဲယှဉ်ပြိုင်ကစားမည် ဖြစ်သည်။ ယင်းပွဲကို ညနေ ၅ နာရီတွင် မန္တလာ သီရိကွင်း၌ ကျင်းပမည်ဖြစ်ပြီး ကွင်းဝင်ကြေးအခမဲ့ သတ်မှတ်ထားသည်။

မြန်မာ့လက်ရွေးစင်အသင်းသည်၂၀၂၂ ကမ္ဘာ့ဖလားနှင့် ၂၀၂၃ အာရှဖလား ဒုတိယအဆင့်ခြေစစ်ပွဲ အုပ်စုပွဲအဖြစ် နိုဝင်ဘာ ၁၄ ရက်တွင် တာဂျစ်ကစ္စတန်အသင်း၊ နိုဝင်ဘာ ၁၉ ရက်တွင် မွန်ဂိုလီးယားအသင်းတို့နှင့် ကစားရမည်ဖြစ်ပြီး ယင်းပွဲများ မတိုင်မီ နီပေါအသင်းနှင့် ခြေစမ်းခြင်းဖြစ်သည်။

မြန်မာ့လက်ရွေးစင်အသင်းသည် ယင်းပွဲများကစားရမည့် မန္တလေးမြို့သို့ ကြိုတင်သွားရောက်ခြင်းဖြစ်ပြီး နိုဝင်ဘာ ၄ ရက် နံနက်ပိုင်းတွင် ထွက်ခွာကာ ညနေပိုင်းတွင် စတင်လေ့ကျင့်နေခြင်း ဖြစ်သည်။

မြန်မာ့လက်ရွေးစင်အသင်းသည် အောက်တိုဘာ ၁၀ ရက်တွင် ကစားသည့် ကာဂျစ္စတန်နှင့် ကမ္ဘာ့ဖလား ခြေစစ်ပွဲအပြီးတွင် နည်းပြ အပြောင်းအလဲပြုလုပ်ခဲ့ပြီး ဂျာမန်လူမျိုးနည်းပြ အန်တွမ်နီဟေးကို ပြန်လည်ခန့်အပ်ကာ အောက်တိုဘာ၂၂ ရက်မှစ၍ ပဏာမကစားသမား ၃၅ ဦးဖြင့် လေ့ကျင့်ပြင်ဆင်ခဲ့သည်။

မြန်မာအသင်းနည်းပြသစ် အန်တွမ်နီဟေးသည် အောက်တိုဘာလကုန်ခါနီးတွင် ကစားသမား ၂၄ ဦး ရွေးချယ်ခဲ့ပြီး ယင်းကစားသမားများအနက် တိုက်စစ်မှူး ကျော်ကိုကိုမှာ ဒဏ်ရာပြဿနာကြောင့် ယခုပွဲအားလုံးကို လွဲချော်မည်ဖြစ်ရာ ကျန်ကစားသမား ၂၃ ဦးဖြင့် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။

မြန်မာ့လက်ရွေးစင်အသင်းသည် ယခုနှစ်အတွင်း နိုင်ငံတကာ ခြေစမ်းပွဲ ငါးပွဲမြောက် ယှဉ်ပြိုင်ကစားခြင်းဖြစ်ပြီး မတ်လတွင် တရုတ်တိုင်ပေ၊ အင်ဒိုနီးရှား၊ ဇွန်တွင် စင်ကာပူ၊ သြဂုတ်တွင် တရုတ်အသင်းတို့နှင့် ယှဉ်ပြိုင်ကစားထားခြင်း ဖြစ်သည်။ မြန်မာ့လက်ရွေးစင် အသင်းသည် ယခုနှစ်အတွင်း ကစားသည့် ခြေစမ်းပွဲများအနက် အိမ်ကွင်း၌ ကစားသည့် ပွဲအားလုံးကို မန္တလေးမြို့၌ ယှဉ်ပြိုင်ကစားထားခြင်း ဖြစ်သည်။

မြန်မာ့လက်ရွေးစင်အသင်းတွင်  အဖွဲ့ခေါင်းဆောင်-ဦးခွန်နောင်မြင့်ဝေ၊ နည်းပြချုပ်-အန်တွမ်နီဟေး၊ လက်ထောက်နည်းပြ-ဦးကြည်လွင်၊ ဦးမင်းထွန်းလင်း၊ ဦးမြင့်ကို၊ ဂိုးနည်းပြ-ဦးစိုင်း မောင်မောင်ဦး၊ ဂိုး-ကျော်ဇင်ထက်၊ကျော်ဇင်ဖြိုး၊ ပြည့်လျှံအောင်၊ နောက်တန်း-ဇော်မင်းထွန်း၊ ငြိမ်းချမ်း၊ ဇော်ရဲထွန်း၊ ပြည့်ဖြိုးဇော်၊ ဒေးဗစ်ဒန်း၊ ကျော်ဇင်လွင်၊ နန္ဒကျော်၊ သိန်းသန်းဝင်း၊ အလယ်တန်း-ရန်နိုင်ဦး၊ ဇင်မင်းထွန်းလှိုင်းဘိုဘို၊ ငြိမ်းချမ်းအောင်၊ မျိုးကိုထွန်း၊ တင်ဝင်းအောင်၊ဆွမ်လမန်၊ မောင်မောင်လွင်၊ သန်းထက်အောင်၊ ရှေ့တန်း-အောင်သူ၊ ဝင်းနိုင်စိုး၊  သန်းပိုင်တို့ ပါဝင်ကြသည်။