မြန်မာ့လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ လူမျိုးရေးတရား

mdn

နေပြည်တော် ၂၂ ဒီဇင်ဘာ

 

မြန်မာနိုင်ငံသည် တိုင်းရင်းသားလူမျိုးများ စုပေါင်းနေထိုင်ကြသည့် ပြည်ထောင်စုနိုင်ငံဖြစ်သည်။ ထို့အပြင် မြန်မာနိုင်ငံ မြန်မာ့မြေပေါ်တွင် ဥပဒေနှင့်အညီ နေထိုင်ကာ နိုင်ငံသားဖြစ်လာကြသူများ၊ ၎င်းတို့မှ ဆင်းသက်လာကြသည့် မြန်မာနိုင်ငံဖွား နိုင်ငံသူနိုင်ငံသားများလည်း ရှိကြသည်။ ယင်းသို့ မတူကွဲပြားသူများ စုပေါင်းနေထိုင်ကြသည့် နိုင်ငံမျိုးတွင် စည်းလုံးညီညွတ်ရေးက အရေးကြီးသလို အမျိုးသားရေး စိတ်ဓာတ် သို့မဟုတ်မျိုးချစ်စိတ်ဓာတ်နှင့်စပ်လျဉ်း၍လည်း မှန်ကန်စွာ နားလည်နိုင်ရန် လွန်စွာအရေးကြီးသည်။ လူမျိုးရေးနှင့် စပ်လျဉ်း၍ ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့သည့်မိန့်ခွန်းများမှ အဓိပ္ပာယ်ဖွင့်ဆိုချက်များနှင့် လမ်းညွှန်မှာကြားချက်များမှာ ယနေ့တိုင် အံဝင်ခွင်ကျဖြစ်နေဆဲ။ ခေတ်မီနေဆဲဖြစ်သည်။

 

“ရာဇဝင်ကြောင်းကို ပြန်ပြောင်း၍ ကြည့်ရှုမှု အမျိုးဘာသာသာသနာ တို့သည် တည်တံ့၍မနေ။ ရောနှောပျံ့နှံ့လျက်ရှိလေသည်။ ဘယ်နိုင်ငံ တွင်မှ လူမျိုးတစ်မျိုးတည်းမရှိချေ။ လူမျိုးတစ်မျိုးတွင်လည်း အမျိုးမျိုး သော ဘာသာတရားတို့ကို အားထားယုံကြည်မှုရှိကြပြန်လေသည်။ " ဟူ၍ ဗိုလ်ချုပ်ကမိန့်ဆိုခဲ့ပြီး “လူမျိုးဆိုသည်မှာသုခ ဒုက္ခအတူခံစားကြ၍ နီးနီးစပ်စပ် အကျိုးချင်းထပ်ပြီးလျှင် နှစ်ပရိစ္ဆေဒရှည်လျားစွာ တစ်မျိုး တစ်စားတည်းပင်ဟု စိတ်ထားရှိသူတို့ကို တစ်ခုတည်းပေါင်း၍ ခေါ်ဝေါ် ခြင်းသာ ဖြစ်ပေသည်။ အမျိုးအနွယ်၊ ကိုးကွယ်သည့် ဘာသာတရား၊ ပြောဆိုသည့် ဘာသာစကားတို့ကို အရေးထားရမည် ဖြစ်သော်လည်း စင်စစ်မှာ အေးအတူ ပူအမျှ၊ ကောင်းတူဆိုးဖက် ပူးပေါင်းလျက်နေလိုသော အစဉ်အလာ ဆန္ဒပေါ်တွင် ဝံသာနုရက္ခိတတရားသည် တည်နေပေ ၏” ဟူ၍ ဖွင့်ဆိုခဲ့သည်။

 

ဗိုလ်ချုပ်၏ အဆိုအမိန့်အရ အေးအတူပူအမျှ၊ ကောင်းတူဆိုးဖက် ပူးပေါင်းနေထိုင်ခြင်းက လူမျိုးတစ်မျိုး၏ အဓိကလက္ခဏာဖြစ်သည်။ ယင်းသို့ နေထိုင်ခြင်းသည် မိသားစုတစ်စုသဖွယ် နေထိုင်ခြင်းလည်း ဖြစ်သည်။ ကောင်းကျိုးရလဒ်တို့ကို အတူခံစားခြင်း၊ အခက်အခဲ အကျပ် အတည်းတို့ကို အတူယှဉ်တွဲရုန်းကန်ရင်ဆိုင်ကြခြင်းသည် ကောင်းသော မိသားစုတို့၏ စရိုက်လက္ခဏာပင်ဖြစ်သည်။ အတူနေထိုင်ကြသည့် မိသားစုတစ်စုတွင် တစ်ဦးတည်းကောင်းစားလိုသည့် ဆန္ဒ၊ တစ်ကိုယ်ကောင်းဝါဒကို တစ်ဦးဦးက ကျင့်သုံးလာပြီဆိုလျှင် စည်းလုံးညီညွတ်မှုကို ထိခိုက်စေသည်။ “ဘယ်သူသေသေ ငတေမာလျှင်ပြီးရောဆိုသည့် အမျိုးသားရေးကိစ္စဟူ၍ မရှိနိုင်”ဟု ဗိုလ်ချုပ်က မိန့်ဆိုခဲ့သည်။ “ကျွန်ုပ် တို့သည် ကျွန်ုပ်တို့၏ ဝံသာနုစိတ်ကို အလွဲသုံးစားမပြုဘဲလျက် (ဝါ) မျိုးချစ်စိတ်ကို အတိဒုက္ခရောက်အောင် အသုံးမပြုဘဲလျက် အမြင်ကျယ်ကျယ်နှင့် သဘောကြီးစွာ ဆောင်ရွက်သင့်ကြပေသည်။"ဟူ၍လည်း  လမ်းညွှန်တိုက်တွန်းခဲ့သည်။

 

“ရှေးအခါက လူမျိုးရေးတရားကြောင့် တစ်မျိုးနှင့်တစ်မျိုး ကွဲပြား ခြားနားခဲ့ကြပေသည်။ အခုချိန်ခါ၌ လူမျိုးရေးတရားသစ်ကြောင့် တစ်မျိုးနှင့်တစ်မျိုး ရင်းနှီးစုရုံးကြပြန်ပေသည်။ ဤသည်ကို ထောက်ခြင်း ၊ အားဖြင့် အမျိုးသားအရေးကိစ္စ၏ အဓိပ္ပာယ်သည် ခေတ်အားလျော်စွာ ပြုပြင်ပြောင်းလဲလျက်ရှိနေသည်ကို သိရှိသင့်ကြပေသည်” ဟူ၍လည်း ဗိုလ်ချုပ်အောင်ဆန်းက မိန့်ဆိုထားရာ အမျိုးသားရေးနှင့် စပ်လျဉ်း၍ အဓိပ္ပာယ်ဖွင့်ဆိုမှုများအပေါ်လိုက်ပြီး ဝိရောဓိများ၊ ပဋိပက္ခများ ဖြစ်ပွားနိုင်သလို ချစ်ခင်ရင်းနှီးမှုနှင့် စည်းလုံးညီညွတ်မှုတို့ ရရှိနိုင်သည်မှာ ထင်ရှားသည်။

 

ယခုအခါ မြန်မာနိုင်ငံလွတ်လပ်ရေးရခဲ့ပြီးသည်မှာ နှစ်ပေါင်း ၇၀ ကျော်ခဲ့ပြီဖြစ်သည်။ ယင်းနှစ်ပေါင်း ၇၀ ကျော်သည် အမှန်တကယ် ငြိမ်းချမ်းခဲ့၊ ညီညွတ်ခဲ့ပါက နိုင်ငံနှင့်လူမျိုးဖွံ့ဖြိုးတိုးတက်ဖို့ ကောင်းစွာ လုံလောက်သည့် အချိန်ကာလဖြစ်သည်။ မြန်မာနိုင်ငံနှင့် မရှေးမနှောင်းကာလများအတွင်း ကိုလိုနီလက်အောက်မှ လွတ်မြောက်ခဲ့သည့် နိုင်ငံများ၊ နိုင်ငံသစ်ထူထောင်ကြသည့် နိုင်ငံများ မိမိတို့ထက် လေးငါးဆယ်ပြန်၊ သည့်ထက်မက ဖွံ့ဖြိုးတိုးတက်ကာ ကျော်ဖြတ်သွားခဲ့ကြပြီဖြစ်သည်။

 

နိုင်ငံတိုင်း၊ လူမျိုးတိုင်းမှာ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်တို့ ရှိကြသည်။ နိုင်ငံနှင့်လူမျိုးအပေါ် သစ္စာစောင့်သိခြင်းတို့ရှိကြသည်။ လွတ်လပ်ပြီးသည့် နိုင်ငံတစ်နိုင်ငံအနေဖြင့်လည်း လွတ်လပ်ရေးကို ထိန်းသိမ်းစောင့်ရှောက်ရာတွင် နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ဖြင့် ထိန်းသိမ်း စောင့်ရှောက်ကြရခြင်း၊ ဖြစ်သည်။ မည်သည့်လူမျိုး၊ မည်သည့်ဘာသာကသာ ထိန်းသိမ်းစောင့်ရှောက်ကြရမည်၊ မည်သူတို့က မထိန်းသိမ်း မစောင့်ရှောက်ရဟူ၍ မရှိနိုင်။ နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသူ အားလုံးက တစ်မျိုးတစ်စား တည်းသာဟူသောစိတ်ထား တစ်စည်းတစ်လုံးတည်းဖြစ်သောအင်အားဖြင့် နိုင်ငံကို ကာကွယ်စောင့်ရှောက်၊ ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက် သွားကြရ မည်ဖြစ်ပါကြောင်း။

 

မြန်မာ့အလင်း