မြန်မာမိန်းကလေးအား တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားခဲ့သူများအား လူကုန်ကူးမှုဖြင့် ထောင်ဒဏ်ချမှတ်

နေပြည်တော် ၂၈ ဇူလိုင်

 

မြန်မာမိန်းကလေးအား တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားခဲ့သူများအား လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဥပဒေဖြင့် အလုပ်နှင့် ထောင်ဒဏ်များ ချမှတ်ခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နေ ကရင် (ခ) ကိုမင်း (ခ) ဖိုးထွန်း (ခ) ကျော်ကိုမင်း၊ မခင်ဌေး (ခ) မခင်အေးနှင့် ပေါင်မြို့နယ်နေ မစိုးဝင်းတို့သည် မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ မြောက်ဇဂျမ်းကုန်းရွာနေ မ---- (၂၅)နှစ်အား တရုတ်နိုင်ငံတွင် အိမ်ဖော်အလုပ် (၆)လလုပ်ပါက ငွေကျပ် (၁၅)သိန်းရမည်ဟု စည်းရုံးပြောဆိုပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားခဲ့မှုအတွက် မော်လမြိုင်မြို့၊ ဒိုင်းဝန်ကွင်းနယ်မြေရဲစခန်း (ပ)၁၃၈၀/၂၀၁၉၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေပုဒ်မ ၂၄/၃၂ ဖြင့် အမှုဖွင့်လှစ်ခဲ့ပြီး မော်လမြိုင်ခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ မတ် ၁၀ ရက်တွင် တရားခံမစိုးဝင်းနှင့် ကရင် (ခ) ကိုမင်း (ခ) ဖိုးထွန်း (ခ) ကျော်ကိုမင်းတို့အား လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄ အရ အလုပ်နှင့်ထောင်ဒဏ် (၁၁)နှစ်စီနှင့် ဇူလိုင် ၂၇ ရက်တွင် တရားခံ မခင်ဌေး (ခ) မခင်အေးအား လူကုန်ကူးမှုတားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄ ဖြင့် အလုပ်နှင့်ထောင်ဒဏ် (၁၁)နှစ် ချမှတ်ခဲ့သည်။

 

အလားတူ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်နေ မသီတာတိုး (ခ) တိုးတိုး၊ ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့နယ်၊ စမ်းနားရွာနေ မဌေးဌေးဝင်း (ခ) မဌေးဝင်းနှင့် တရုတ်နိုင်ငံ၊ ဟဲနန်ပြည်နယ်နေ မချိုချိုဝင်း(တိမ်းရှောင်)တို့သည် လှိုင်သာယာမြို့နယ်နေ မ---- (၁၈)နှစ်အား တရုတ်နိုင်ငံတွင် တရုတ်ယောက်ျားယူလျှင် ငွေကျပ် (၁၀)သိန်းရမည်၊ ချမ်းချမ်းသာသာ နေရမည်၊ (၁)နှစ်စာချုပ်ဖြင့် ပေါင်းသင်းရမည်၊ မင်္ဂလာဆောင်ရမည်၊ (၁)နှစ်ပြည့်ပြီး ပြန်ချင်လျှင် ပြန်ခေါ်ပေးမည်ဟု စည်းရုံးပြောဆိုပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားရန် စီစဉ်ခဲ့မှုအတွက် မူဆယ်မြို့မရဲစခန်း (ပ)၃၇၉/၂၀၁၉၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၈(က)/၃၂ ဖြင့် အမှုဖွင့်လှစ်ခဲ့ပြီး မူဆယ်ခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ ဇူလိုင် ၂၄ ရက်တွင် တရားခံ မသီတာတိုး (ခ) တိုးတိုးနှင့် မဌေးဌေးဝင်း (ခ) မဌေးဝင်း တို့အား လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေပုဒ်မ ၂၄/၃၂ အရ အလုပ်နှင့်ထောင်ဒဏ် (၁၀)နှစ်စီ ချမှတ်ခဲ့ပြီး တိမ်းရှောင်တရားခံကို တရားခံပြေး ကြေညာခဲ့ကြောင်း သိရသည်။

 

ရဲပြန်ကြား