မြန်မာမိန်းကလေးများအား တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားခဲ့သူများအား လူကုန်ကူးမှုဖြင့် နှစ်ရှည်ထောင်ဒဏ်များချမှတ်

နေပြည်တော် ၃ အောက်တိုဘာ

 

မြန်မာမိန်းကလေးများအား တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားခဲ့သူများအား လူကုန်ကူးမှုဖြင့် ထောင်ဒဏ် နှစ်(၈၀)ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

 

ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့၊ ဈေးရှေ့ရပ်ကွက်နေ မxxx (၃၂)နှစ်နှင့် မxxx (၁၈)နှစ်တို့အား ဟိန်ဓမ္မရပ်ကွက်နေ မဌေးလေး (ခ)မဝင်းဌေး၊ ၎င်း၏ခင်ပွန်း အကြီးကောင်(ခ)တေဇာလွင်၊ မမိုးမခနွယ်၊  မသန်းသန်းမြင့်(ခ)မသန်းနှင့် မသော်သော်တို့က တရုတ်နိုင်ငံ၊ ရွှေလီမြို့ရှိ ခေါက်ဆွဲဆိုင်/ မြေအိုးမြီးရှည်ဆိုင်တို့တွင် တစ်နှစ်လုပ်ခကျပ်သိန်း (၃၀)ရမည်ဟု ပြောဆိုစည်းရုံးပြီး တရုတ်နိုင်ငံသို့ ခေါ်ဆောင်ကာ တရုတ်အမျိုးသားထံ ရောင်းစားခဲ့မှုအား ဖယ်ခုံမြို့မရဲစခန်း (ပ)၃/၂၀၁၉၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေပုဒ်မ-၂၈(က)ဖြင့် အမှုဖွင့်စစ်ဆေးခဲ့သည်။

 

ထို့ပြင် ဟိန်ဓမ္မရပ် ကွက်နေ မxxx (၃၆)နှစ်အား မဌေးလေး (ခ)မဝင်းဌေး၊ မမိုးမခနွယ်၊ မသန်းသန်းမြင့်(ခ)မသန်း၊ မသော်သော်တို့က တရုတ်နိုင်ငံ၊ ရွှေလီမြို့ရှိ အထည်ချုပ်စက်ရုံတွင် တစ်လ ကျပ် (၂) သိန်းခွဲရမည်ဟု ပြောဆိုစည်းရုံးပြီး တရုတ်အမျိုးသားထံ ရောင်းစားရန် စီစဉ်ခဲ့မှု၊ လုံကာကျေးရွာ နေ မxxx (၂၃)နှစ်နှင့် မxxx (၁၈)နှစ်တို့အား မဌေးလေး (ခ)မဝင်းဌေး၊ မနန်းညွန့်၊ မမိုးမခနွယ်၊ မသန်းသန်းမြင့်(ခ)မသန်းနှင့် မသော်သော်တို့က တရုတ်နိုင်ငံ ရွှေလီမြို့ရှိ ကုန်စုံဆိုင်တွင် တစ်နှစ်လုပ်ခ ကျပ်သိန်း (၃၀)ရမည်ဟု ပြောဆိုစည်းရုံးပြီး တရုတ်နိုင်ငံသို့ခေါ်ဆောင်ကာ တရုတ်အမျိုးသားထံ ရောင်းစားခဲ့မှု၊ ဆီဆိုင်မြို့၊ အောင်ချမ်းသာရပ်ကွက်နေ မxxx (၁၇)နှစ်အား မဌေးလေး (ခ)မဝင်းဌေး၊ မသီတာ(ခ)မသီတာအေး၊ မမိုးမခနွယ်၊ မသန်းသန်းမြင့်(ခ)မသန်းနှင့် မသော်သော်တို့က တရုတ်နိုင်ငံ၊ ရွှေလီမြို့ရှိ ကုန်စုံဆိုင်တွင် တစ်နှစ်လုပ်ခကျပ်သိန်း (၃၀)ရမည်ဟု ပြောဆိုစည်းရုံးပြီး တရုတ်နိုင်ငံသို့ ခေါ်ဆောင်ကာ တရုတ်အမျိုးသားထံ ရောင်းစားခဲ့မှုတို့အား အမှုဖွင့်လှစ်ခဲ့ပြီး တရားစွဲတင်ပို့ခဲ့ရာ သက်ဆိုင်ရာတရားရုံးများက မဌေးလေး(ခ)မဝင်းဌေးအား အလုပ်ထောင်ဒဏ် နှစ် (၂၀)စီဖြင့် (၄)မှုအတွက် အလုပ်နှင့်ထောင်ဒဏ် နှစ်(၈၀)၊ အကြီးကောင်(ခ)တေဇာလွင်၊ မသီတာ(ခ)မသီတာအေး၊ မနန်းညွန့်တို့အား (၁)မှုစီအတွက် အလုပ်နှင့်ထောင်ဒဏ် (၂၀)နှစ်စီ ချမှတ်ခဲ့ပြီး တိမ်းရှောင်တရားခံများအား တရားခံပြေးကြေညာခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်