မြန်မာမိန်းကလေးတစ်ဦးအား တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားခဲ့သူအား လူကုန်ကူးမှုဖြင့် ထောင်ဒဏ် (၁၀)နှစ်နှင့် သက်သေခံငွေကျပ်သိန်း (၄၀)အား ပြည်သူ့ဘဏ္ဍာသိမ်း အမိန့်ချမှတ်

နေပြည်တော် ၁၄ နိုဝင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မိုးမောက်မြို့နယ်၊ ခုံဆင့်ကျေးရွာဟောင်းနေ ဒေါ်တင်တင်နွယ် (ခ) ထွေးငယ်၊ (ဘ)ဦးဘအောင်သည် အောက်တိုဘာ ၂၆ ရက်က တစ်ရွာတည်းနေ မ xxx အား တရုတ်နိုင်ငံတွင် တစ်ရက်လျှင် ယွမ် (၇၀)နှုန်းဖြင့် ကြံစိုက်သည့်လုပ်ငန်း လုပ်ကိုင်ရမည်ဟု ပြောဆိုစည်းရုံးလျက် ဗန်းမော်၊ လွယ်ဂျယ်လမ်းကြောင်းအတိုင်း တရုတ်နိုင်ငံသို့ ခေါ်ဆောင်သွားခဲ့သည်။

 

ယင်းနောက်  တရုတ်နိုင်ငံ၊ မုန်ယော်မြို့နေ လောင်းရှောင် ဆိုသူထံ ယွမ် (၅)သောင်းဖြင့် ရောင်းစားခဲ့မှုအား မြို့သစ်နယ်မြေရဲစခန်း (ပ)၉/၂၀၁၉၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေပုဒ်မ-၂၄/၃၂ ဖြင့် အမှုရေးဖွင့်ခဲ့ပြီး ဗန်းမော်ခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ နိုဝင်ဘာ ၈ ရက်တွင် တရားခံ ဒေါ်တင်တင်နွယ် (ခ) ထွေးငယ်အား လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေပုဒ်မ-၂၄ အရ အလုပ်နှင့် ထောင်ဒဏ် (၁၀)နှစ် ကျခံစေရန်၊ သက်သေခံ ငွေကျပ်သိန်း (၄၀)အား ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းရန်နှင့် ပူးပေါင်းကြံစည်သူ ဒေါ်မြင့် (ဘ)ဦးအုန်းမောင်၊ နောင်လိုက်ကျေးရွာ၊ ဗန်းမော်မြို့နယ်နေသူအား တရားခံပြေး ကြေညာခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်