မြန်မာမိန်းကလေးတစ်ဦးအား တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားခဲ့သူများအား လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ် နှစ်ရှည်ချမှတ်

နေပြည်တော် ၂၀ ဒီဇင်ဘာ

မြန်မာမိန်းကလေးတစ်ဦးအား တရုတ်နိုင်ငံသို့ ပို့ဆောင်ရောင်းစားခဲ့သူများအား လူကုန်ကူးမှု ဖြင့် အလုပ်နှင့် ထောင်ဒဏ်နှစ် ၂၀ စီ ချမှတ်ခဲ့ကြောင်းသိရသည်။

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ နဘူးကျင်းကျေးရွာအုပ်စု၊ သရက်ကန် ရွာနေ မသင်းသင်းမော်(ခ) သင်းမော်  (ဘ) ဦးကြည်ဝင်း၊ နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့၊ အောင်ဇေယျအမှတ်(၂) ရပ်ကွက်နေ ဦးသိန်းထွန်း(ခ) ခင်မောင်လွင်(ဘ) ဦးစံကြည် နှင့် မထား (ခ) ခင်ထားမူ (ခ) ခင်ညွန့်ဆွေ (ဘ) ဦးလှဖေတို့က သရက်ကန်ရွာနေ မ xxxx ၊ ၂၈ နှစ်အား တရုတ်နိုင်ငံတွင် အလုပ်ရမည်ဟု ပြောဆိုစည်းရုံးလျက် လယ်ဝေး၊ မူဆယ်၊ ရွှေလီ လမ်းကြောင်းအတိုင်း တရုတ်နိုင်ငံသို့ ခေါ်ဆောင်သွားခဲ့ပြီး တရုတ်အမျိုးသားတစ်ဦးထံ ရောင်းစားခဲ့သည်။

ယင်းဖြစ်စဉ်အား ရမည်းသင်းမြို့မရဲစခန်း၊ (ပ) ၃၂၆/ ၂၀၁၈၊ လူကုန်ကူးမှုတားဆီး ကာကွယ်ရေး ဥပဒေပုဒ်မ− ၂၈ (က) ဖြင့် အမှုရေးဖွင့်ခဲ့ပြီး ရမည်းသင်းခရိုင်တရားရုံးသို့ တရားစွဲ ဆိုတင်ပို့ခဲ့ရာ ဒီဇင်ဘာ ၁၇ ရက်တွင် တရားခံ မသင်းသင်းမော်(ခ) သင်းမော်၊ ဦးသိန်းထွန်း(ခ) ခင်မောင်လွင်နှင့် မထား (ခ) ခင်ထားမူ(ခ) ခင်ညွန့်ဆွေ တို့ (၃) ဦးကို အလုပ်နှင့် ထောင်ဒဏ် နှစ် ၂၀ စီ ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။ 

(ရဲပြန်ကြား)