မြန်မာ့မိတ်ဖက် ကမ္ဘာ့ဘဏ်

၁၃   ဇူလိုင်

 

၂၀ဝ၅ ခုနှစ်၊ စက်တင်ဘာလ ၁၄-၁၆ ရက်များ၌ ကမ္ဘာ့ထိပ်သီး ညီလာခံတစ်ရပ်ကို ကျင်းပခဲ့ပါသည်။ နိုင်ငံတော် အကြီးအကဲများ အပါအဝင် နိုင်ငံပေါင်း ၁၉၁ နိုင်ငံ၏ ခေါင်းဆောင်များ တက်ရောက်ခဲ့သော ညီလာခံဖြစ်ပါသည်။ သမိုင်း၌ ကမ္ဘာ့ခေါင်းဆောင်များ အစုံလင်ဆုံး၊ အကျယ်ပြန့်ဆုံး တက်ရောက်ခဲ့သော ထိပ်သီးညီလာခံ ဖြစ်ပါသည်။ ဤ ၂၀ဝ၅ ခုနှစ် ကမ္ဘာ့ထိပ်သီးညီလာခံက အခြေခံမူတစ်ရပ် ချမှတ်ခဲ့ပါသည်။ အဆိုပါ အခြေခံမူ၏ သဘောမှာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအပါအဝင် လူ့အခွင့်အရေးနှင့် ဖွံ့ ဖြိုးတိုးတက်မှုတို့သည် အပြန်အလှန်အားဖြင့် ဆက်စပ်နေသည်ဖြစ်၍ ပဋိပက္ခ အလွန်ကာလ၌ ငြိမ်းချမ်းမှုနှင့် ပြန်လည်သင့်မြတ်ရေးတို့အား ပုံဖော်ဖန်တီးရာတွင် ဤဆက်စပ်မှုအားလုံးကို ခြုံငုံသုံးသပ်လျက် တစ်ခုတည်းသော ချဉ်းကပ်ပုံ ရရှိစေရန် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ရမည် ဖြစ်ပါသည်။

 

ကမ္ဘာ့ဘဏ်၏ အရှေ့အာရှနှင့် ပစိဖိတ်ဒေသ ဒုတိယဥက္ကဋ္ဌ ဗစ်တိုးရီးယားကွာကွာ၏ သုံးရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး၊ လူမှုအသိုင်းအဝိုင်းများအကြား သဟဇာတဖြစ်ရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များအပေါ် ကမ္ဘာ့ဘဏ်အနေဖြင့် ဆက်လက်ပံ့ပိုးကူညီရေးကို အဓိကထား ဆွေးနွေးညှိနှိုင်းခဲ့သည်ကို တွေ့ရှိရပါသည်။ ကမ္ဘာ့ဘဏ်၏ ဤချဉ်းကပ်ပုံ သည် ၂၀ဝ၅ ခုနှစ် ကမ္ဘာ့ထိပ်သီးညီလာခံက ချမှတ်ခဲ့သော အထက်ဖော်ပြ ပါ အခြေခံမူကို ထင်ဟပ်လျက်ရှိပါသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နှင့် ကမ္ဘာ့ဘဏ်၏ အရှေ့အာရှနှင့် ပစိဖိတ်ဒေသ ဒုတိယဥက္ကဋ္ဌတို့၏ တွေ့ဆုံဆွေးနွေးပွဲအတွင်း အလေးအနက်ပြုခဲ့သော အချက်ကလည်း ၂၀ဝ၅ ခုနှစ် ကမ္ဘာ့ထိပ်သီးညီလာခံ၏ အခြေခံမူကို ထပ်ဆင့်လောင်း ထင်ဟပ်လျက်ရှိပါသည်။ ဤအချက်မှာ မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ ခိုင်မြဲ၍ ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (Myanmar Sustainable Development Plan) အား ရေးဆွဲရာ၌ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်အေးချမ်းရေးကို အဓိကမဏ္ဍိုင်အဖြစ် ထည့်သွင်းရေးဆွဲခဲ့ခြင်းဖြစ်ပါသည်။

 

ဤကဲ့သို့သော အခြေခံမူများအပေါ်တွင် မြန်မာနိုင်ငံနှင့် ကမ္ဘာ့ဘဏ်တို့အကြား ငြိမ်းချမ်းသာယာ စည်ပင်သောရပ်ရွာ အသိုင်းအဝိုင်းများ တည်ဆောက်ရေးစီမံကိန်းကို သဘောတူခဲ့ခြင်းသည် အနာဂတ်အတွက် အားတက်စရာ ခြေလှမ်းတစ်ရပ် ဖြစ်ပါသည်။ ငြိမ်းချမ်းသာယာ စည်ပင်သော ရပ်ရွာအသိုင်းအဝိုင်းများ တည်ဆောက်ရေး စီမံကိန်းအတွက် ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံသို့ အမေရိကန်ဒေါ်လာသန်း ၂၀ဝ နှင့် ၂၅၀ အကြား ကနဦး ဘဏ္ဍာရေး အကူအညီအဖြစ် ပေးအပ်ခဲ့ခြင်းသည် ဤစီမံကိန်း၏ အရေးပါပုံကို ရည်ညွှန်းဖော်ပြနေပါသည်။ ဤစီမံကိန်းအရ ရပ်ရွာ အသိုင်းအဝိုင်းများတွင် ငြိမ်းချမ်းရေး တည်ဆောက်ရာ၌ အဓိကကျသည့် စီးပွားရေးနှင့် အလုပ်အကိုင်အခွင့် အလမ်းများ၊ အခြေခံ လူမှုဝန်ဆောင်မှုများနှင့် ရုပ်ပိုင်းလိုအပ်ချက်တို့ကို ဖြည့်ဆည်းပေးခြင်းဖြင့် ရပ်ရွာများအတွင်း စွမ်းဆောင်ရည်ကို မြှင့်တင်ပေးသွားမည် ဖြစ်ပါသည်။ ကမ္ဘာ့ဘဏ်မှ ရခိုင်ပြည်နယ်ရှိ လူ့အသိုင်းအဝိုင်း များအားလုံးဖွံ့ ဖြိုးတိုးတက်ရေးကို ဦးတည်လျက် ရခိုင်ပြည်နယ် ပြန်လည်ထူထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းတို့အတွက် အမေရိကန်ဒေါ်လာ သန်း ၁၀ဝ ပံ့ပိုး ပေးသွားမည်ဖြစ်ပါသည်။ အထက်ဖော်ပြပါ အချက်အားလုံးက ကမ္ဘာ့ဘဏ်သည် ကမ္ဘာ့ဘဏ်၏အရှေ့အာရှနှင့် ပစိဖိတ်ဒေသ ဒုဥက္ကဋ္ဌ ပြောကြားသကဲ့သို့ မြန်မာနိုင်ငံ၏ မိတ်ဖက်အဖြစ် ရပ်တည်နေသည်ကို ခိုင်မာစွာ ဖော်ပြခြင်းဖြစ်ကြောင်း လေးစားစွာ တင်ပြအပ်ပါသည်။ ။

 

မြန်မာ့အလင်း