မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် မြိတ်မြို့ရှိ ကျောက်ဖြူတောင်/နတ်စင်ကုန်း ကုန်ထုတ်စခန်း၊ မြိတ်အကျဉ်းထောင်၊ အမျိုးသမီးသက်မွေး အတတ်ပညာသင်ကျောင်း မြို့မရဲစခန်းအချုပ်ခန်းနှင့် တရားရုံးအချုပ်ခန်း  ကြည့်ရှုစစ်ဆေး

နေပြည်တော် ဧပြီ ၂၄

မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်အဖွဲ့ဝင် ဦးတင်အောင် ဦးဆောင်သော အဖွဲ့သည် ကော်မရှင် ဥပဒေ ပုဒ်မ ၄၃၊ ၄၄ ပြဋ္ဌာန်းချက်၊ ကော်မရှင်ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်း များနှင့်အညီ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ရှိ ကျောက်ဖြူတောင်/နတ်စင်ကုန်း ကုန်ထုတ်စခန်းကို ဧပြီ ၂၂ ရက်တွင်လည်းကောင်း၊ မြိတ်အကျဉ်းထောင်နှင့် အမျိုးသမီးသက်မွေး အတတ်ပညာသင်ကျောင်းတို့ကို ဧပြီ ၂၃ ရက်တွင်လည်းကောင်း၊ မြို့မရဲစခန်းအချုပ်ခန်းနှင့် ခရိုင်/ မြို့နယ်တရားရုံးအချုပ်ခန်းများကို ယနေ့တွင်  လည်းကောင်း သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ဉီးစွာ ကော်မရှင်အဖွဲ့သည် ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ ကျောက်ဖြူတောင်/ နတ်စင်ကုန်း ကုန်ထုတ်စခန်းနှင့် မြိတ်အကျဉ်းထောင်တို့ကို ကြည့်ရှုစစ်ဆေးစဉ် အကျဉ်းသား/ အကျဉ်းသူ၊ အချုပ်သား/အချုပ်သူများကို အိပ်ဆောင်များတွင် တွေ့ဆုံ၍ အကျဉ်းသား၊ အချုပ်သားတစ်ဦး၏ အနိမ့်ဆုံးရရှိရမည့် အခွင့်အရေးဖြစ်သော နေထိုင်စားသောက်မှု၊ ကျန်းမာ‌‌ရေးစောင့်ရှောက်မှု၊ သန့်ရှင်းသော သောက်ရေနှင့်သုံးရေရရှိစေရန် ဆောင်ရွက်ပေးနေမှု၊ မိသားစုနှင့်တွေ့ဆုံခွင့်ပေးနေမှု၊ လွတ်လပ်စွာ ကိုးကွယ်နိုင်မှု၊ အသက်မွေးဝမ်းကျောင်းပညာ သင်ကြားပေးမှု၊ စာရိတ္တ ပြုပြင်ပြောင်းလဲပေးမှု ၊ စာကြည့်တိုက်သုံးစွဲမှု ၊ လုပ်ငန်းခွင်အတွင်း ဘေးအန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်ထားရှိမှု၊ ထောင်ဝင်စာပစ္စည်းများ စုံလင်စွာ ရရှိမှု၊ ရသင့်ရထိုက်သော အသုံးအဆောင်ပစ္စည်းများရရှိမှု အခြေအနေများ၊ ညှဉ်းပန်း နှိပ်စက်မှု ရှိ မရှိ အခြေအနေနှင့် အချုပ်ခန်းများအတွင်း သန့်ရှင်းမှုအခြေအနေ စသည်တို့ကို မေးမြန်းခဲ့ပြီး သီးခြား လွတ်လပ်စွာ တွေ့ဆုံခွင့် တောင်းခံသူ အကျဉ်းသား/ အကျဉ်းသူ၊ အချုပ်သား/ အချုပ်သူများကို လည်း သီးခြားတွေ့ဆုံ မေးမြန်းမှတ်တမ်းတင်ခဲ့သည်။

ယင်းနောက် အကျဉ်းသား/အကျဉ်းသူ၊ အချုပ်သား/အချုပ်သူများ၏ အိပ်ဆောင်များ၊ ဆေးရုံဆောင်၊ စာကြည့်တိုက်၊ စားဖိုကြီး၊ ရိက္ခာဂိုထောင်၊ ရေသန့်စက်၊ သုံးရေကန်များ၊ အတွင်း/ အပြင် မိလ္လာများသန့်ရှင်းမှု ရှိ မရှိ စသည်တို့ကိုကြည့်ရှုစစ်ဆေးပြီး အကျဉ်းသား/ အကျဉ်းသူ၊ အချုပ်သား/ အချုပ်သူများ လေ့လာဖတ်ရှုနိုင်ရန်အတွက် ဗဟုသုတရဖွယ်ရာ စာအုပ်များကိုကော်မရှင်မှ လှူဒါန်းခဲ့သည်။

ထို့နောက် ကော်မရှင်အဖွဲ့သည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနအောက်ရှိ အမျိုးသမီးသက်မွေးအတတ်ပညာသင်ကျောင်းကို ကြည့်ရှုစစ်ဆေးစဉ် သင်တန်းကျောင်းတွင် အမျိုးသမီးငယ်များအား ကျန်းမာရေးစောင့်ရှောက်မှု ၊ အစားအစာကျွေးမွေးမှု ၊ အိပ်ဆောင်များထားရှိမှု ၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားရရှိမှု ၊ သန့်ရှင်းသော သောက်ရေနှင့်သုံးရေ ရရှိစေရန် ဆောင်ရွက်ပေးနေမှု ၊ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်လာစေ‌ရန် လေ့ကျင့်ပြုစု စောင့်ရှောက်ပေးမှု အခြေအနေများနှင့် အတန်း ပညာသင်ယူခွင့် ဆောင်ရွက်ပေးနေမှု၊ အသက်မွေးဝမ်းကျောင်း အတတ်ပညာများ လေ့ကျင့် သင်ကြားဆောင်ရွက်ပေးနေမှု ၊ မိသားစုနှင့်ဆက်သွယ်ခွင့်၊ မိသားစုနှင့်ပြန်လည်ပေါင်း စည်းခွင့်နှင့် လွတ်လပ်စွာ ယုံကြည်ကိုးကွယ် ခွင့်စသည့် အခြေခံလူ့အခွင့်အရေးများရရှိစေရန် ဆောင်ရွက်ပေးနေမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးသည်။

အဆိုပါအဖွဲ့သည် မြို့မရဲစခန်းအချုပ်ခန်းနှင့် တရားရုံးအချုပ်ခန်းတို့ကို ဝင်ရောက် ကြည့်ရှုစစ်ဆေးစဉ် ရီမန်ကာလအခြေအနေ၊ အချုပ်ခန်းများတွင် နေထိုင်စဉ်ကာလ အတွင်း ညှဉ်းပန်းနှိပ်စက်မှု ရှိ မရှိ ၊ မိသားစုနှင့်တွေ့ဆုံနိုင်မှု၊ တရားရုံးတွင် ရုံးထုတ်ချိန်ကာလအတွင်း စားသောက်ရေး စီစဉ်ပေးမှု၊ အချုပ်ခန်းအတွင်း မိလ္လာသုံးစွဲမှု နှင့် အချုပ်ခန်းများအတွင်း သန့်ရှင်းမှု၊ တရားရုံးထုတ်စဉ် မိသားစုဝင်များ၊  အကျိုးဆောင် ရှေ့နေများနှင့် တွေ့ဆုံခွင့်ရရှိမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးသည်။

ကော်မရှင်အဖွဲ့၏ ခရီးစဉ်အတွင်း စစ်ဆေးတွေ့ရှိချက်နှင့် အကြံပြုချက်များကို သင့်လျော်သကဲ့သို့ ဆောင်ရွက်ပေးနိုင်‌ရေးအတွက် သက်ဆိုင်ရာဌာနများသို့ အကြံပြုပေးပို့သွားမည် ဖြစ်ကြောင်းသိရသည်။

သတင်းစဉ်