မြန်မာနိုင်ငံ အထက်ပိုင်းဒေသများတွင် အောင်မြင်ဖြစ်ထွန်းစေမည့် မိုးကြိုနေကြာစပ်မျိုးများ ထုတ်လုပ်ပေးနိုင်ရေး ကြိုးပမ်း

နေပြည်တော် မတ် ၄ 

ပြည်တွင်းဖြစ် စပ်မျိုးနေကြာ ဆင်းရွှေကြာ(၁) စပ်မျိုးအား စံထားမျိုးအဖြစ် အသုံးပြု၍ စပ်မျိုးနေကြာမျိုးသစ် ခြောက်မျိုးကို မျိုးယှဉ်ပြိုင်စမ်းသပ်ဆောင်ရွက်ပြီး နေပြည်တော်နှင့် မြန်မာနိုင်ငံ အထက်ပိုင်းဒေသများတွင် စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းစေမည့် မိုးကြိုနေကြာ စပ်မျိုးများ ထုတ်လုပ်ပေးနိုင်ရေးအတွက် ဆက်စပ်ဌာနပေါင်းစုံနှင့် တောင်သူများ ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

အဆိုပါမျိုးများ ယှဉ်ပြိုင်စမ်းသပ်ဆောင်ရွက်နေသည့် နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ဘဲကုန်းကျေးရွာနှင့် သစ်တပ်အုပ်စု ကြို့ပင်ကျေးရွာများရှိ စံပြစိုက်ကွင်းသို့ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်နှင့် တာဝန်ရှိသူများက မတ် ၄ ရက် နံနက်ပိုင်းတွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများ နှင့် တောင်သူများကိုယ်တိုင် ပါဝင်ဆောင်ရွက်လျက်ရှိသော နေကြာစပ်မျိုး သုတေသနလုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးစဉ် ဒုတိယဝန်ကြီးက “မိမိတို့ ဝန်ကြီးဌာနအနေဖြင့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေးနှင့်အတူ သီးနှံမျိုးများအလိုက် မျိုးကောင်း မျိုးသန့် မျိုးစေ့များ လွယ်ကူစွာသုံးစွဲနိုင်ရေးနှင့် မျိုးစေ့ထုတ်လုပ်ငန်းတွင် တောင်သူများကိုယ်တိုင် ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်ရေးကိုလည်း အလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊ အမျိုးသမီးတောင်သူ အချိုးညီပါဝင်သော တောင်သူအစုအဖွဲ့များစုဖွဲ့၍ နေကြာစိုက်ပျိုးနည်း၊ နေကြာမျိုးထိန်းနည်း၊ မြေဆီလွှာ ပြုပြင်ထိန်းသိမ်းနည်းနှင့် သွင်းအားစုဆိုင်ရာ နည်းစနစ်များကို ဖြည့်ဆည်းဆောင်ရွက်ပေးပြီး နေပြည်တော်ကောင်စီ နယ်မြေကို နေကြာမျိုး စေ့ထုတ်ဇုန်အဖြစ် အကောင်အထည် ဖော်ဆောင်သွားမည် ဖြစ်ကြောင်း၊ နေပြည်တော်၏ အောင်မြင်မှုကို စံပြဖြစ်စေပြီး တိုင်းဒေသကြီး၊ ပြည်နယ်များ၌ တောင်သူများ ပူးပေါင်းပါဝင်သည့် နေကြာမျိုးစေ့ထုတ် ဇုန်များ တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း” ပြောကြားသည်။

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် တဲကြီးကုန်းကျေးရွာ စံပြစိုက်ကွင်းတွင် စက်မှုလယ်ယာဦးစီးဌာနက သုတေသနပြု ဆောင်ရွက်ထားရှိသော ဆွေးမြေ့မှု မြန်ဆန်သည့် လေပေးစနစ်ဖြင့် သစ်ဆွေးမြေဆွေး ပြုလုပ်နည်းကို တောင်သူများ ကိုယ်တိုင် အလွယ်တကူ ဆောင်ရွက်နိုင်ရေး နည်းပညာပေးပြသနေမှုကို ကြည့်ရှုအားပေးသည်။ စိုက်ပျိုးရေးလုပ်ငန်းတွင် ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာကို အချိုးကျရောနှော အသုံးပြုခြင်းဖြင့် သီးနှံအထွက်ကိုမထိခိုက်စေပဲ သွင်းအားစုစရိတ်လျော့ချနိုင်မည်ဖြစ်၍ ကျေးရွာအမှိုက် လယ်ယာမြေရတနာသိုက်ဆိုသည့် ဆောင်ပုဒ်နှင့် အညီ မိမိအိမ်၏ စွန့်ပစ်အမှိုက်များ၊ ကျေးရွာသစ်ရွက်ရှိ အမှိုက်များကို တောင်သူများ မြေဆွေးပြုလုပ်သုံးစွဲနိုင် ရန် နည်းပညာပေးလုပ်ငန်းများ အသိပညာပေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

သတင်းစဉ်