မြန်မာနိုင်ငံ ကိုဗစ်-၁၉ ကာကွယ်ဆေး စီမံချက်အတွက် ကိုဗစ်-၁၉ ကာကွယ်ဆေး လုပ်ငန်းပေါင်းစပ်ညှိနှိုင်း စီမံခန့်ခွဲမှုကော်မတီ၏ (၂/၂၀၂၀) အစည်းအဝေးကျင်းပ 

နေပြည်တော်  ၅  ဒီဇင်ဘာ

မြန်မာနိုင်ငံ ကိုဗစ်-၁၉ ကာကွယ်ဆေး လုပ်ငန်းပေါင်းစပ်ညှိနှိုင်း စီမံခန့်ခွဲမှုကော်မတီ (COVAX National Coordinating Committee – CNCC) ၏ (၂/၂၀၂၀) အစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းတွင် ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့်ကျင်းပသည်။

အစည်းအဝေး၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က မြန်မာနိုင်ငံတွင် COVAX အစီအစဉ်မှ ကိုဗစ်-၁၉ ကာကွယ်ဆေးရရှိရန် Gavi, the Vaccine Alliance ထံသို့ ဒီဇင်ဘာ ၇ ရက်တွင် ပေးပို့ရန်အတွက် (၂၀၂၁) ခုနှစ်၊ ဒုတိယသုံးလပတ်မှ (၂၀၂၂) ခုနှစ်၊ ဒုတိယသုံးလပတ်အထိ ကာကွယ်ဆေးထိုးနှံမည့် ပုံစံအဆင့်ဆင့်၊ ကာကွယ်ဆေးထိုးနှံပေးမည့် ဦးစားပေးအုပ်စု၊ Gavi နှင့် မြန်မာနိုင်ငံမှ ကုန်ကျငွေကို ခွဲဝေကျခံမည့်ပုံစံ၊ မိမိတို့နိုင်ငံမှ သုံးစွဲလိုသည့် ဦးစားပေးအလိုက် ကာကွယ်ဆေးအမျိုးအစား၊ ကာကွယ်ဆေးရရှိပါက သိုလှောင်သယ်ဆောင်ထိုးနှံမည့် အစီအစဉ် အစရှိသည်တို့ကို Gavi, the Vaccine Alliance မှ ပေးပို့သော ဖောင်ပုံစံတွင် အသေးစိတ်ဖြည့်စွက်၍ မပေးပို့မီ မြန်မာနိုင်ငံ ကိုဗစ်-၁၉ ကာကွယ်ဆေး လုပ်ငန်းပေါင်းစပ်ညှိနှိုင်း စီမံခန့်ခွဲမှုကော်မတီ (COVAX National Coordinating Committee – CNCC) နှင့် အမျိုးသားအဆင့် ကာကွယ်ဆေးထိုးလုပ်ငန်းဆိုင်ရာ နည်းပညာအကြံပေးအဖွဲ့ (National Immunization Technical Advisory Group - NITAG)  တို့ နောက်ဆုံးအဆင့် အသေးစိတ်ဆွေးနွေးပွဲဖြစ်ပါကြောင်း၊ ဆွေးနွေးရာ၌ မြန်မာနိုင်ငံ တိုးချဲ့ကာကွယ်ဆေးထိုးနှံမှုဆိုင်ရာ အခြေခံအဆောက်အဦနှင့် လူ့စွမ်းအားအခြေအနေတို့ကို နောက်ခံထား၍ စဉ်းစားရမည်ဖြစ်ပါကြောင်း။ 

ဤကိစ္စနှင့် ပတ်သက်၍ ဝန်ကြီးဌာနသည် Gavi, the Vaccine Alliance နှင့် အချိန်နှင့် တစ်ပြေးညီ အသေးစိတ် ကြိုတင်ဆွေးနွေးထားပြီး ဖြစ်သဖြင့် ကာကွယ်ဆေးအမြန်ဆုံးရရှိမည်ဟု ယူဆထားပါကြောင်း၊ Gavi, the Vaccine Alliance သို့ အကြောင်းကြားရန် လုပ်ဆောင်နေချိန်တွင် မိမိတို့သည် ဘေးထွက်ဆိုးကျိုးနည်းပြီး စွမ်းရည်ထက်မြက်သည့် ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ရရှိသည့်အချိန်၌ မိမိတို့နိုင်ငံ ပြည်သူများအား ဦးစားပေး အစီအစဉ်အလိုက် စနစ်တကျထိုးနှံနိုင်ရေးအတွက် လုပ်ငန်းများကို တစ်ပြိုင်တည်း စီစဉ်ဆောင်ရွက်လျက် ရှိပါကြောင်း၊ မြန်မာနိုင်ငံ၌ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းစီမံချက်သည် ကာကွယ်ဆေး (၁၃)မျိုးကို နှစ်ပေါင်းများစွာထိုးနှံပေးနေသည့် အတွေ့အကြုံများစွာရှိသည့်အတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းကို အဆင်ပြေစွာ ဆောင်ရွက်နိုင်မည်ဟု မိမိယုံကြည်ပါကြောင်း။

မိမိတို့ အထူးသတိပြုရမည်မှာ အအေးလမ်းကြောင်းစနစ်ပင်ဖြစ်ပါကြောင်း၊ ဤကိစ္စနှင့်ပတ်သက်၍ လိုအပ်နိုင်သည့် အချက်များကို သိရှိသည့်အတွက် ကြိုတင်ပြင်ဆင်လျက်ရှိပါကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် မည်သည့်ကာကွယ်ဆေး အမျိုးအစားကို ရရှိမည်ဆိုသည်ကို Gavi, the Vaccine Alliance မှ မိမိတို့ထံသို့ ကြိုတင်အကြောင်းကြား အသိပေးမည်ဖြစ်ပါကြောင်း၊ COVAX အစီအစဉ်မှ (၂၀၂၁) ခုနှစ်အတွင်း အများဆုံးရရှိနိုင်မည့် ကာကွယ်ဆေး ပမာဏမှာ မြန်မာနိုင်ငံလူဦးရေ၏ (၂၀) ရာခိုင်နှုန်းအတွက်သာ ရရှိမည်ဖြစ်ပြီး ရရှိခြင်းမှာလည်း တစ်ကြိမ်တည်းနှင့် အကုန်ရရှိမည် မဟုတ်သည်ကို သိရှိရပါကြောင်း။

ထို့ကြောင့် မိမိတို့သည် ထပ်မံလိုအပ်မည့်ပမာဏကို ဝယ်ယူနိုင်ရန်အတွက် ကာကွယ်ဆေးထုတ်လုပ် သုတေသန ပြုနေသည့်နိုင်ငံများဖြစ်သည့် အမေရိကန်၊ ယူကေ၊ တရုတ်နှင့် အိန္ဒိယနိုင်ငံတို့မှ သက်ဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီးများနှင့် ဆက်သွယ်၍ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထပ်မံလိုအပ်မည့် ကာကွယ်ဆေးပမာဏကို ဝယ်ယူနိုင်ရန်အတွက် နိုင်ငံတော်ဘဏ္ဍာငွေနှင့် ကမ္ဘာ့ဘဏ်ချေးငွေတို့ဖြင့် ဝယ်ယူနိုင်ရန် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီမှ လမ်းညွှန်ချက်များလည်း ရရှိပြီးဖြစ်ပါကြောင်း၊ ယခုအခါ အချို့နိုင်ငံများ၌ ကိုဗစ်-၁၉ ကာကွယ်ဆေးအမျိုးမျိုးကို စတင်ထိုးနှံတော့မည်ဖြစ်သည့်အတွက် မိမိတို့အနေဖြင့် ကာကွယ်ဆေး၏ ချက်ချင်းဘေးထွက်ဆိုးကျိုးနှင့် ရက်အတော်ကြာမှ ဖြစ်ပေါ်လာမည့် ဘေးထွက်ဆိုးကျိုး တို့ကိုလည်း သိရှိနိုင်မည်ဖြစ်ပါကြောင်း၊

အထူးသဖြင့် အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ဆေးအချို့မှာ ကမ္ဘာ၌ ယခင်က တစ်ကြိမ်တစ်ခါမျှ အသုံးပြုခြင်း မရှိသေးသည့် ပုံစံဖြင့်ထုတ်လုပ်ထားသည့်အတွက် မိမိတို့သည် သတင်းထောက်လှမ်း၍ အမြဲတမ်းသုံးသပ်မည် ဖြစ်ပါကြောင်း၊ ဤကာကွယ်ဆေးသည် လက်တွေ့တွင် မည်သည့်အချိန် အတိုင်းအတာကာလအထိ ကာကွယ်မှု ပေးနိုင်မည်ကိုလည်း ဆက်လက်လေ့လာသုံးသပ်ရမည် ဖြစ်ပါကြောင်း၊ ပြည်သူများအနေဖြင့် အထူးသတိပြု အလေးထားရမည်မှာ ကမ္ဘာ့နိုင်ငံအားလုံးမှ ကိုဗစ်-၁၉ ကာကွယ်ဆေးကို အပြိုင်အဆိုင်ဝယ်ယူရန် ကြိုးစားလျက် ရှိခြင်း၊ COVAX အစီအစဉ်ဖြင့် မိမိတို့နိုင်ငံအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးရရှိမည့် အရေအတွက်မှာ COVAX အစီအစဉ်နှင့် အကြုံးဝင်သည့် (၉၂)နိုင်ငံနှင့် အချိုးကျမျှဝေရရှိမည်ဖြစ်ခြင်း၊ ကိုဗစ်-၁၉ ကာကွယ်ဆေးကို တစ်လုံးတစ်ခဲတည်းမဟုတ်ဘဲ အသုတ်လိုက်ခွဲရမည်ဖြစ်ခြင်း၊ မိမိတို့ မြန်မာနိုင်ငံအနေဖြင့်လည်း နိုင်ငံတစ်ဝန်းရှိ ပြည်သူများအားလုံးကို ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံလွှမ်းခြုံနိုင်ရန်မှာ ကာကွယ်ဆေးရရှိမှု ပမာဏအပေါ် မူတည်၍ ဆောင်ရွက်ရမည်ဖြစ်သဖြင့် လူထုအတွင်း လုံလောက်သော ရောဂါခုခံကာကွယ်နိုင်မှု ပမာဏအင်အား (herd immunity) ကို အချိန်တိုအတွင်းရရှိနိုင်ရန် ခက်ခဲခြင်းတို့ကြောင့် "ကိုဗစ်-၁၉ ကာကွယ်ရေး စည်းကမ်းများကို လုံးဝပေါ့ဆမှုမရှိဘဲ အထူးအလေးထားကာ လပေါင်းများစွာ ဆက်လက်လိုက်နာဆောင်ရွက်ခြင်းသည် အကောင်းဆုံး သောရောဂါကာကွယ်မှုဖြစ်သည်" ဆိုသည့် အချက်ပင်ဖြစ်ပါကြောင်း။

ပါးစပ်နှင့် နှာခေါင်းစည်း (mask) စနစ်တကျတပ်ဆင်ခြင်းနှင့် အခြား ကိုဗစ်-၁၉ ကာကွယ်ရေး ဆောင်ရန်၊ ရှောင်ရန် အချက်များကို တိကျစွာလိုက်နာခြင်းတို့သည် ကာကွယ်ဆေးထိုးထားသကဲ့သို့ပင် ထိရောက်ပါကြောင်း၊ သို့သော်လည်း မိမိတို့အနေဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အကြံပြုချက်များကို အသုံးပြု၍ အခြားနိုင်ငံများကဲ့သို့ပင် မိမိတို့ ပြည်သူများအား ဦးစားပေးအုပ်စုအလိုက် ကာကွယ်ဆေး အမြန်ဆုံးထိုးနှံပေးရန်အတွက် ဗဟိုကော်မတီမှ လမ်းညွှန်ချက်များ ပေးအပ်ထားပြီးဖြစ်သည့်အတွက် မိမိတို့သည် အစွမ်းကုန်ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်ဆေးမှာ ဝက်သက်ကာကွယ်ဆေးကဲ့သို့ ကာကွယ်ဆေးတစ်ကြိမ်ထိုးပြီးက တစ်သက်တာ နီးပါး ကာကွယ်နိုင်မည့် ကာကွယ်ဆေးမျိုးမဟုတ်ပါကြောင်း၊ ယခုထွက်ပေါ်လာသည့် ကိုဗစ်-၁၉ ကာကွယ်ဆေးများသည် နှစ်ကြိမ်ထိုးပြီးပါက မည်သည့်အချိန် အတိုင်းအတာကာလအထိ ရောဂါမှ ကာကွယ်ပေးနိုင်မည်ကို မသိရှိရသေး ပါကြောင်း။

အဆိုပါအချက်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိရန်မှာ အထူးအရေးကြီးသဖြင့် ကျန်းမာရေးအသိပညာ ပေးခြင်းနှင့် သတင်းမီဒီယာများမှ ထုတ်ပြန်ခြင်းတို့ကို လုပ်ဆောင်ရမည် ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေးရွေးချယ်ရာတွင် ကာကွယ်ဆေးထိုးနှံပြီး ချက်ချင်းနှင့် အချိန်အတန်ကြာမှဖြစ်ပွားသော နောက်ဆက်တွဲဖြစ်ရပ်များ (Adverse event following immunization (AEFI)) နည်းပါးခြင်း၊ အာနိသင်စွမ်းရည် ထက်မြက်၍ ရောဂါကာကွယ်နိုင်သည့် ကာလကြာရှည်ခြင်း၊ ကာကွယ်ဆေးထိုးနှံရမည့် အကြိမ်ရေနည်းခြင်း၊ မိမိတို့နိုင်ငံ ကျန်းမာရေးစနစ် အရင်းအမြစ်နှင့် ကိုက်ညီခြင်း၊ လိုအပ်သည့်ပမာဏကို စောစီးစွာရရှိနိုင်ခြင်း အစရှိသည့် အချက်များအပေါ် မူတည်စဉ်းစားဆုံးဖြတ်ရခြင်းဖြစ်ပြီး COVID-19 ကာကွယ်ဆေးသည် အသုတ်လိုက်ခွဲကာ ရရှိမည်ဖြစ်သဖြင့် ဦးစားပေးထိုးနှံပေးသင့်သည့် လူအုပ်စုများကို တိကျသေချာစွာ သတ်မှတ် ထားရှိရခြင်း ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေး ရရှိထိုးနှံပေးနိုင်ရေးအတွက် ကော်မတီနှင့် လုပ်ငန်းအဖွဲ့များဖွဲ့စည်းကာ ပညာရှင်ကြီးများနှင့် တိုင်ပင်ဆွေးနွေးခြင်း၊ နိုင်ငံတကာ ကိုဗစ်-၁၉ ကာကွယ်ဆေး သုတေသနစမ်းသပ်မှုသတင်းများကို တရားဝင်လမ်းကြောင်းများမှ မျက်ခြေမပြတ်စုံစမ်းခြင်း၊ Gavi, the Vaccine Alliance အဖွဲ့နှင့် အမြဲချိတ်ဆက်ကာ COVAX Facility မှတစ်ဆင့် ကာကွယ်ဆေးရရှိနိုင်ရေး ဆောင်ရွက်ခြင်း၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရန်အတွက် လိုအပ်သည့်ပြင်ဆင်မှုများ အသင့်ဖြစ်မှုအခြေအနေ များကို အချိန်နှင့်တပြေးညီ အသေးစိတ်ဆန်းစစ်ထားရှိခြင်း (readiness assessment)၊ COVAX Facility မှ Gavi, the vaccine alliance ၏ပံ့ပိုးမှုအပြင် ထပ်မံဝယ်ယူရရှိနိုင်မှု၊ နှစ်နိုင်ငံ သဘောတူညီချက်ဖြင့် ဝယ်ယူရရှိနိုင်မှုနှင့် ပုဂ္ဂလိက ကာကွယ်ဆေးထုတ်လုပ်သူများထံမှ တိုက်ရိုက်ဝယ်ယူနိုင်မည့် အခြေအနေများကို ဆန်းစစ်သုံးသပ်လျက် ရှိခြင်း၊ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းများအတွက် ဘဏ္ဍာရေးဆိုင်ရာ ခန့်မှန်းတွက်ချက်ခြင်းတို့ကို လုပ်ဆောင်ခဲ့ပြီး ဖြစ်ပါကြောင်း။

ထို့ကြောင့် ဝန်ကြီးဌာနအနေဖြင့် Gavi, the Vaccine Alliance အဖွဲ့၊ COVAX Facility၊ ကာကွယ်ဆေးထုတ်လုပ် သုတေသနပြုစမ်းသပ်နေသော အိန္ဒိယ၊ တရုတ်၊ ရုရှား၊ ယူကေ၊ အမေရိကန် စသည့်နိုင်ငံများနှင့် အမြဲချိတ်ဆက်လျက်ရှိကာ ကာကွယ်ဆေး အမြန်ဆုံးဝယ်ယူရရှိထိုးနှံနိုင်ရန် ဆက်လက်ပြုလုပ်မည်ဖြစ်ပါကြောင်း၊ မိမိအနေဖြင့်လည်း Gavi, the vaccine alliance အဖွဲ့၊ ကာကွယ်ဆေးထုတ်လုပ် သုတေသနပြု စမ်းသပ်နေသော နိုင်ငံများမှ သက်ဆိုင်ရာနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီးများနှင့် တိုက်ရိုက်ဖုန်းဆက်ဆွေးနွေးခြင်းကို ပြုလုပ်လျက်ရှိပါကြောင်း၊ ယမန်နေ့က World Bank အဖွဲ့နှင့် ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရေး၊ သယ်ယူ ပို့ဆောင်ရေးနှင့် ဖြန့်ဖြူးထိုးနှံရေးကိစ္စရပ်များအတွက် World Bank အဖွဲ့မှ မြန်မာနိုင်ငံသို့ ချေးငွေထောက်ပံ့ပေးရန် စီစဉ်ထားမှုနှင့်ပတ်သက်၍ သေးစိတ်ဆွေးနွေးခဲ့ပြီး World Bank နှင့် ဆက်လက်ချိတ်ဆက်ဆောင်ရွက် လျက်ရှိပါကြောင်း။

အဆိုပါဆွေးနွေးချက်များနှင့် ဝန်ကြီးဌာန၏ အကြံပြုချက်များအား COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီထံသို့ တင်ပြထားပြီး လမ်းညွှန်မှုများခံယူကာ ဆက်လက်ဆောင်ရွက်မည် ဖြစ်ပါကြောင်း၊ အမျိုးသားအဆင့် ကာကွယ်ဆေးထိုးလုပ်ငန်းဆိုင်ရာ နည်းပညာအကြံပေးအဖွဲ့ (National Immunization Technical Advisory Group - NITAG) မှ ပညာရှင်ကြီးများက ဝန်ကြီးဌာနအတွက် အကြံပြုချက်များပေးအပ်နေမှုအပေါ် ကျေးဇူးတင်ရှိပါကြောင်း၊ ဝန်ကြီးဌာန၏ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း စီမံချက်မှ တာဝန်ရှိသူများအနေဖြင့် Gavi, The Vaccine Alliance အဖွဲ့၊ COVAX Facility တို့နှင့် ဆက်သွယ် ဆွေးနွေးချက်များ၊ နိုင်ငံတကာမှ ကိုဗစ်-၁၉ ဆိုင်ရာ သတင်းအချက်အလက်များကို အမျိုးသားအဆင့် ကာကွယ်ဆေးထိုးလုပ်ငန်းဆိုင်ရာ နည်းပညာအကြံပေးအဖွဲ့ထံသို့ ဆက်လက်ပေးပို့ကာ တိုင်ပင်ဆွေးနွေးဆောင်ရွက် ရမည် ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းစီမံချက်မှ ညွှန်ကြားရေးမှူး ဒေါက်တာထားထားလင်းနှင့် နည်းပညာ ပိုင်းဆိုင်ရာ၊ ဘဏ္ဍာငွေစီမံခန့်ခွဲမှုဆိုင်ရာ၊ ကာကွယ်ဆေးအရည်အသွေး ဆန်းစစ်မှုဆိုင်ရာ၊ အလှူရှင်များနှင့် ချိတ်ဆက်ခြင်းဆိုင်ရာ၊ စီမံခန့်ခွဲမှုနှင့် သတင်းအချက်အလက်ဆိုင်ရာ၊ ကာကွယ်ဆေးပံ့ပိုး ဖြန့်ဝေမှုဆိုင်ရာ၊ ကပ်ရောဂါဖြစ်ပွားနေပုံ အခြေအနေအရပ်ရပ်ကို ဆန်းစစ်သုံးသပ်ခြင်းဆိုင်ရာနှင့် ကာကွယ်ဆေးရရှိရန် ဆက်သွယ် ဆောင်ရွက်ခြင်းဆိုင်ရာ လုပ်ငန်းအဖွဲ့ခွဲများမှ ဒေါက်တာအောင်နိုင်ဦးနှင့် ဒေါက်တာအေးမြချမ်းသာတို့က ကိုဗစ်-၁၉ ကာကွယ်ဆေး ပေါ်ပေါက်ရရှိပါက စနစ်တကျ ထိုးနှံပေးနိုင်ရေးအတွက် အစီအစဉ်များနှင့် ပတ်သက်၍ တင်ပြကြရာ မြန်မာနိုင်ငံ ကိုဗစ်-၁၉ ကာကွယ်ဆေး စီမံချက်အတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးလုပ်ငန်း ပေါင်းစပ်ညှိနှိုင်း စီမံခန့်ခွဲမှုကော်မတီ၏ (၁/၂၀၂၀) အစည်းအဝေးမှ ဆုံးဖြတ်ချက်များကို ဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေးရရှိနိုင်ရေး Gavi, The Vaccine Alliance ထံသို့ ဒီဇင်ဘာ (၇)ရက်အရောက် ပေးပို့နိုင်ရန် ပြင်ဆင်ထားပြီးဖြစ်သည့် အဆိုပြုလွှာ (application)ကို ရှင်းလင်းတင်ပြခဲ့ပြီး၊ နှီးနွှယ်ဝန်ကြီးဌာနများနှင့် ပေါင်းစပ် ညှိနှိုင်းထားရှိမှုများ၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရန် ရည်မှန်းဦးရေနှင့် ဦးစားပေးထိုးနှံမည့် လူအုပ်စုများကို ရွေးချယ်ရာတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ကာကွယ်ဆေးဆိုင်ရာ အထူးကျွမ်းကျင်ပညာရှင်များအဖွဲ့၏ အကြံပြုချက်နှင့်အညီ မိမိတို့နိုင်ငံနှင့် သင့်တော်အောင်ရွေးချယ်သတ်မှတ်ခဲ့မှု၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများအတွက် ဘဏ္ဍာရေးဆိုင်ရာ ခန့်မှန်းတွက်ချက်မှုများ၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမည့် လူဦးရေ ရာခိုင်နှုန်းအလိုက် ခန့်မှန်းကုန်ကျစရိတ်များ၊ ဘဏ္ဍာငွေ၊ ရန်ပုံငွေနှင့် ချေးငွေရယူနိုင်မှု အခြေအနေများ၊ ကမ္ဘာတစ်ဝန်းတွင် သုတေသနပြုနေသည့် ကိုဗစ်-၁၉ ကာကွယ်ဆေး အမျိုးအစားအလိုက် အောင်မြင်မှု အတိုင်းအတာ အခြေအနေများနှင့် ထုတ်လုပ်နိုင်မှု အနေအထားများ၊ အိန္ဒိယ၊ တရုတ်၊ ရုရှ၊ ယူကေနိုင်ငံ သံရုံးများနှင့် ကာကွယ်ဆေးထုတ်လုပ် သုတေသနပြု စမ်းသပ်နေသော ကုမ္ပဏီများနှင့် ချိတ်ဆက်ဆွေးနွေးထားရှိမှုများ၊ World Bank အဖွဲ့နှင့် အစည်းအဝေးများ ပြုလုပ်ဆွေးနွေးထားရှိမှုများ၊ အလွန်အမင်းအေးခဲမှုလိုအပ်သော ကာကွယ်ဆေး သိုလှောင်ထိန်းသိမ်းမှု စနစ်လိုအပ်သည့် ကာကွယ်ဆေးများရရှိလာပါက ထိန်းသိမ်းထားနိုင်ရေးအတွက် အအေးလမ်းကြောင်း စနစ်ပြင်ဆင်ထားရှိမည့်ကိစ္စရပ်များ၊ ကိုဗစ်-၁၉ ကာကွယ်ဆေးကို ပုဂ္ဂလိကဏ္ဍနှင့် လှူဒါန်းမှု များတွင်အသုံးပြုလိုပါက ပြည်သူများ အန္တရာယ်ကင်းရှင်းစေရန်အတွက် လိုအပ်မည့် အချက်အလက်များကို ပြဋ္ဌာန်းရန်ကိစ္စရပ်များ၊ COVAX Facility မှ တစ်ဆင့်ရရှိလာနိုင်သည့် ကာကွယ်ဆေး၏ အမျိုးအစားလက္ခဏာ (Vaccine Characteristics) (၁၂) မျိုးနှင့် ပတ်သက်၍ နိုင်ငံမှနှစ်သက်လိုလားမှုအဆင့်ကို ရွေးချယ်သတ်မှတ်ခဲ့မှု၊ ကိုဗစ်-၁၉ ကာကွယ်ဆေးရရှိမှု အပေါ်မူတည်၍ ကိုဗစ်-၁၉ လူနာများအား ကိုင်တွယ်ကုသမှုလုပ်ငန်းများနှင့် ကွင်းဆင်းလုပ်ငန်းများ ဆောင်ရွက်နေသည့် ကျန်းမာရေးဝန်ထမ်းများနှင့် ကျန်းမာရေးလုပ်သားများ၊ မရှိမဖြစ်အရေး ကြီးသည့်ကဏ္ဍများမှ ဝန်ထမ်းများ၊ ရောဂါဖြစ်ပွားပါက အသက်အန္တရာယ် စိုးရိမ်ရနိုင်ချေရှိသည့် အသက်အရွယ် ကြီးသူများအား ဦးစားပေးထိုးနှံလူအုပ်စုတွင် ထည့်သွင်းရန်နှင့် ရောဂါဖြစ်ပွား၊ သေဆုံးမှုများသော တိုင်းဒေသကြီး/ပြည်နယ်ကို ရွေးချယ်မည့်ကိစ္စရပ်များကို ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ အမျိုးသားအဆင့် ကာကွယ်ဆေးထိုးလုပ်ငန်းဆိုင်ရာ နည်းပညာအကြံပေးအဖွဲ့ (National Immunization Technical Advisory Group - NITAG) ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာစိုးလွင်ငြိမ်း၊ အဖွဲ့ဝင်များ ဖြစ်သည့် ပါမောက္ခဒေါက်တာသိန်းအောင်၊ ပါမောက္ခဒေါက်တာ စောဝင်း၊ ပါမောက္ခဒေါက်တာနေဝင်း၊ ပါမောက္ခ ဒေါက်တာကြည်ကြည်သင်း၊ ပါမောက္ခ ဒေါက်တာဇော်လင်းအောင်၊ ပါမောက္ခဒေါက်တာခင်ပြုံးကြည်နှင့် အခြားအဖွဲ့ဝင် ပညာရှင်ကြီးများက နည်းပညာဆိုင်ရာအကြံပေးအဖွဲ့သည် လိုအပ်ချက်အပေါ်တွင် မူတည်၍ တစ်ပတ်တွင် (၂)ကြိမ် ဆွေးနွေးပါကြောင်း၊ ကမ္ဘာတစ်ဝန်းတွင် သုတေသနပြုနေသည့် ကိုဗစ်-၁၉ ကာကွယ်ဆေး အမျိုးအစားအလိုက် အောင်မြင်မှုအတိုင်းအတာများ ရရှိနေသည့် ကိုဗစ်-၁၉ ကာကွယ်ဆေး အမျိုးအစားများနှင့် ပတ်သက်သည့် ကိစ္စရပ်များ၊ အာနိသင်မရှိသည့်၊ ဘေးထွက်ဆိုးကျိုးများသည့် ကိုဗစ်-၁၉ ကာကွယ်ဆေးအတုများ ပြည်တွင်းသို့ ဝင်ရောက်လာနိုင်သည့်ကိစ္စရပ်များ၊ ပုဂ္ဂလိကကဏ္ဍမှလည်း ဝယ်ယူထိုးနှံနိုင်ရေးကိစ္စရပ်များ၊ ကိုဗစ်-၁၉ ကာကွယ်ဆေးရရှိမှု အပေါ်မူတည်၍ ဦးစားပေးထိုးနှံပေးသင့်သည့် လူအုပ်စုများ၊ ကာကွယ်ဆေးနှင့် ပတ်သက်၍ အမျိုးမျိုးသော ကောလာဟလများပေါ်ထွက်နေမှုများ၊ ကာကွယ်ဆေးထိုးနှံချိန်တွင်လည်း လူစုလူဝေးမဖြစ်စေဘဲ စနစ်တကျထိုးနှံနိုင်ရေး စသည့်ကိစ္စရပ်များနှင့် ပတ်သက်၍ အကြံပြုချက်များ ပေးအပ်ကြသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက ဝိုင်းဝန်းဆွေးနွေးအကြံပြုခဲ့ကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ကိုဗစ်-၁၉ ကာကွယ်ဆေးရရှိနိုင်ရေး Gavi, the Vaccine Alliance ထံသို့ ဒီဇင်ဘာလ (၇) ရက်နေ့အရောက် ပေးပို့နိုင်ရန် ပြင်ဆင်ထားပြီးဖြစ်သည့် အဆိုပြုလွှာ (application) ကို အတည်ပြု ပေးခဲ့ကာ ဆွေးနွေးတင်ပြချက်များနှင့်ပတ်သက်၍ ပြန်လည်ဆွေးနွေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားရာတွင် ယခုကဲ့သို့ ဝန်ကြီးဌာနမှတာဝန်ရှိသူများ၊ အမျိုးသားအဆင့် ကာကွယ်ဆေးထိုးလုပ်ငန်းဆိုင်ရာ နည်းပညာအကြံပေး အဖွဲ့ (National Immunization Technical Advisory Group - NITAG) မှ ပညာရှင်ကြီးများက မိမိတို့၏ ကိုယ်ပိုင်အရေးကိစ္စသဖွယ် ပြည်သူများအကျိုးအတွက် စိတ်ပါဝင်စားစွာ လုပ်ငန်းဆောင်ရွက်ထားရှိမှုများ၊ အကြံပြုမှုများကို ကျေးဇူးတင်ရှိပါကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်ဆေး အမြန်ဆုံးရရှိထိုးနှံနိုင်ရေးအတွက် လုပ်ငန်း အဆင့်ဆင့်ကို အားလုံးဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

သတင်းစဉ်