မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် (မန္တလေးတိုင်းဒေသကြီး)မှ အလှူရှင်များစုစည်းပြီး အမရပူရရေဘေးရှောင်ပြည်သူများအတွက် ကြက်ဥအလုံးရေ တစ်သောင်းလှူဒါန်း

မန္တလေး ၂၇ ဇူလိုင်

 

မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် (မန္တလေးတိုင်းဒေသကြီး)မှ အလှူရှင်များစုစည်းပြီး အမရပူရရေဘေးရှောင်ပြည်သူများအတွက် ကြက်ဥအလုံးရေ တစ်သောင်းကို ယနေ့ ဇူလိုင် ၂၇ ရက်က လှူဒါန်းခဲ့ကြောင်း သိရသည်။

 

လှူဒါန်းသည့် ကြက်ဥ ၁၀၀၀၀ ကို မန္တလေးမြို့တော် စည်ပင်သာယာရေးအဖွဲ့ ဒုတိယမြို့တော်ဝန် ဦးရဲမွန်နှင့် အဖွဲ့မှ လက်ခံခဲ့ကြောင်း သိရသည်။

 

“ဟင်းလိုအပ်မှုရှိရင် အလွယ်တကူချက်ပြုလို့ရအောင် အုပ်ချုပ်ရေးအဖွဲ့ကတစ်ဆင့် လှူဒါန်းလိုက်တာပါ။ နောက်ထပ်လိုအပ်ရင်လည်း ထပ်မံလှူဒါန်းသွားမှာပါ” ဟု မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် (မန္တလေးတိုင်းဒေသကြီး) ဥက္ကဋ္ဌ ဒေါက်တာကျော်ထင်က ပြောသည်။

 

ဇူလိုင် ၁၉ ရက်က မန္တလေးမြို့၊ အမရပူရမြို့နယ်၊ ဧရာဝတီမြစ်ကမ်းနားလမ်း၊ ရွှေဂဲရေထိန်းတံခါးရှိ တာရိုးကျိုးပေါက်ခဲ့ပြီး မြစ်ရေများ ၀င်ရောက်သဖြင့် အမရပူရမြို့ အနောက်ခြမ်းရှိ မှန်တန်း၊ ယဉ်တော်၊ ဈေးချို၊ ကျန်တန်း၊ ပွဲတော် စသည့် ရပ်ကွက်များနှင့် ရွှေဂဲ၊ ရှမ်းကလေးကျွန်း စသည့် ကျေးရွာများမှ လူဦးရေ ၁၄၀၀၀ ကျော် ရေဘေးသင့်ခဲ့ကြောင်း သိရသည်။

 

ယခုအခါ မြစ်ရေဝင်ရောက်သည့် အမရပူရမြို့နယ်အတွင်းတွင် ရေအမြန်ကျဆင်းစေရန် ရေစုပ်စက် အစုံ (၂၀)အသုံးပြုကာ တစ်နာရီလျှင် ရေဂါလန် ၃ ဒသမ ၂၅ သန်းနှုန်းဖြင့် ပြန်လည်စုပ်ထုတ်နေသည်ဟု သိရသည်။

 

မေသက်ထား