မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် (မန္တလေးတိုင်းဒေသကြီး)မှ ကြီးမှူး၍ သတ္တမအကြိမ် အိမ်မွေးတိရစ္ဆာန်ပြပွဲ၊ ပြိုင်ပွဲ ကျင်းပမည်

မန္တလေး ၂ ဇန်နဝါရီ

 

မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ် (မန္တလေးတိုင်းဒေသကြီး) မှ ကြီးမှူး၍ သတ္တမ အကြိမ် အိမ်မွေးတိရစ္ဆာန်ပြပွဲ၊ ပြိုင်ပွဲများကို ဇန်နဝါရီ ၄ ရက်မှ ၆ ရက်အထိ မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ၆၂ လမ်း၊ ၄၁ လမ်းနှင့် ၄၂ လမ်းကြား၊ မနော်ရမ္မံကွင်းတွင် ကျင်းပမည်။

 

ဇန်နဝါရီ ၄ ရက်နေ့တွင် သတ္တမအကြိမ် အိမ်မွေးတိရစ္ဆာန် ပြပွဲပြိုင်ပွဲ အခမ်းအနားဖွင့်ပွဲ ကျင်းပမည်ဖြစ်ပြီး နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ဆော်လမွန် အလှမွေးကြက် အလှပြိုင်ပွဲနှင့် ဆုပေးပွဲကိုလည်းကောင်း၊ ညနေ ၄ နာရီတွင် ပြိုင်ပွဲဝင်ခွေး ပိုင်ရှင်များအား အကဲဖြတ်ဒိုင်အဖွဲ့မှ ဟောပြောဆွေးနွေးခြင်းနှင့် ညနေ ၅ နာရီတွင် ခွေးချစ်သူများ တွေ့ဆုံပွဲကျင်းပမည်။ 

 

ဇန်နဝါရီ ၅ ရက် နံနက် ၈ နာရီခွဲတွင် ပြိုင်ပွဲဝင် ခွေး ကြောင်များ စာရင်းပေးသွင်းခြင်းနှင့် ကျန်းမာရေးစစ်ဆေးခြင်း၊ နံနက် ၉ နာရီမှ ၁၁ နာရီအထိ ခွေး ကြောင်ပြိုင်ပွဲများ ကျင်းပခြင်း၊ နံနက် ၁၁ နာရီမှ ညနေ ၅ နာရီအထိ မြန်မာမျိုးရင်းခွေး အလှပြသခြင်း၊ နိုင်ငံခြားမျိုးရင်းခွေး အလှပြပွဲများ ကျင်းပ၍ ဆုပေးပွဲကျင်းပမည်ဖြစ်သည်။  ဇန်နဝါရီ ၆ ရက်တွင် ခွေးလိမ္မာပြပွဲများနှင့် အိမ်မွေးတိရစ္ဆာန် အစာနှင့် အသုံးအဆောင်ပစ္စည်း အရောင်းဆိုင်များ ဖွင့်လှစ်ပြသရောင်းချ ပေးမည်ဖြစ်ကြောင်း သိရသည်။

 

မောင်ပြည်သူ(မန္တလေး)