မြန်မာနိုင်ငံအဆင့်မြင့်ပညာရေး ပြုပြင်ပြောင်းလဲမှုအစီအစဉ် ပထမအကြိမ်အမျိုးသားအဆင့်ညီလာခံကျင်းပ

ရန်ကုန်  ၂၉  ဇွန် 

 

အဆင့်မြင့်ပညာရေးကို ပိုမိုဖွံ့ဖြိုးတိုးတက်သော စီမံခန့်ခွဲမှုနှင့် သုတေသန စွမ်းရည်တို့ဖြင့် ပြုပြင်ပြောင်းလဲမြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာနနှင့် ဗြိတိသျှကောင်စီ၊ Irrawaddy Policy Exchange၊ University College London တို့ ပူးပေါင်းကျင်းပသည့် မြန်မာနိုင်ငံအဆင့်မြင့်ပညာရေး ပြုပြင်ပြောင်းလဲမှု အစီအစဉ် (Leading Higher Education Transformation in Myanmar) ပထမအကြိမ် အမျိုးသားအဆင့် ညီလာခံကို ယနေ့ နံနက် ၉ နာရီတွင် ရန်ကုန်မြို့ တက္ကသိုလ်စိန်ရတုခန်းမ၌ ကျင်းပသည်။

 

ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အမှာစကား ပြောကြားရာတွင် ယနေ့အခမ်းအနားသည် ပညာရေးဝန်ကြီးဌာနအတွက် အရေးကြီးသော အခမ်းအနားတစ်ခု ဖြစ်ပါကြောင်း၊ ဗြိတိန်နိုင်ငံ နိုင်ငံတကာဖွံ့ဖြိုး တိုးတက်ရေးဌာန၏ ထောက်ပံ့မှုဖြင့် ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့် ပညာဦးစီးဌာနနှင့် ဗြိတိသျှကောင်စီ၊ Irrawaddy Policy Exchange၊ University College London တို့ ပူးပေါင်း၍ နှစ်ရက်တာကျင်းပသည့် မြန်မာနိုင်ငံအဆင့်မြင့်ပညာရေး ပြုပြင်ပြောင်းလဲမှုအစီအစဉ် (Leading Higher Education Transformation in Myanmar) ပထမအကြိမ် အမျိုးသားအဆင့်ညီလာခံသို့ အဆင့်မြင့်ပညာကဏ္ဍမှ အဆင့်မြင့် အရာရှိကြီးများ၊ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများ စုစုပေါင်း(၂၈၈)ဦး တက်ရောက် လျက်ရှိသောကြောင့် ဖြစ်ပါကြောင်း၊ 

 

ပညာရေးဝန်ကြီးဌာနသည် အမျိုးသားပညာရေးမဟာ ဗျူဟာစီမံကိန်း (National Education Strategic Plan) တွင် ကဏ္ဍ(၉)ခုကို ဦးတည်ဆောင်ရွက်လျက်ရှိရာ အဆင့်မြင့်ပညာကဏ္ဍတွင် အဆင့်မြင့်ပညာ စီမံခန့်ခွဲသူများ၏ စွမ်းဆောင် ရည်မြင့်မားရန် ရည်မှန်းချက် ချမှတ်ထားပါကြောင်း၊ အမျိုးသားအဆင့် အဆင့်မြင့်ပညာဖွံ့ဖြိုးတိုးတက်ရေးဌာန (National Institute for Higher Education Development-NIHED)ကို တည်ထောင်ခြင်းဖြင့် အဆိုပါ စွမ်းဆောင် ရည်မြှင့်တင်ခြင်းကို ဆောင်ရွက်နိုင်မည် ဖြစ်ပါကြောင်း၊ 

 

၎င်း NIHED၏ အစီအစဉ်တစ်ခုအဖြစ် မြန်မာနိုင်ငံအဆင့်မြင့်ပညာကဏ္ဍ ဦးဆောင်မှုနှင့်စီမံ ခန့်ခွဲမှုပြုပြင် ပြောင်းလဲရေးအစီအစဉ် (Transforming Higher Education and Leadership and Management Programme in Myanmar) ကို ပညာရေးဝန်ကြီးဌာန၊ ဗြိတိသျှကောင်စီနှင့် Irrawaddy Policy Exchange တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ 

 

အဆိုပါ အစီအစဉ်သည် ဝန်ကြီးဌာနနှင့် အဆင့်မြင့်ပညာဦးစီးဌာနမှ အဆင့်မြင့် အရာရှိကြီးများ၊ တက္ကသိုလ်များမှ စီမံခန့်ခွဲသူအရာရှိကြီးများ၊ အမျိုးသား ပညာရေး မူဝါဒကော်မရှင်၊ အမျိုးသားသင်ရိုးညွှန်းတမ်းကော်မတီ၊ အမျိုးသားပညာရေး အဆင့်အတန်းနှင့် အရည်အသွေးအာမခံမှုကော်မတီနှင့် ပါမောက္ခချုပ်များ ကော်မတီတို့မှ   အဆင့်မြင့်အရာရှိကြီးများ၏ အရည်အသွေးမြင့် စွမ်းဆောင်ရည်ဖြင့် မြန်မာနိုင်ငံအဆင့်မြင့်ပညာကဏ္ဍ၏ အရည်အသွေးကို မြှင့်တင်ရန်ဖြစ်ပါကြောင်း၊ 

 

၎င်းအစီအစဉ်တွင် မြန်မာနိုင်ငံအတွင်းပို့ချသော သင်တန်းအစီအစဉ် (Residential Programme ) နှင့် ၎င်း Programme များအကြား Online Workshops များပါရှိကြောင်း၊  ၎င်းအစီအစဉ်မှ တက္ကသိုလ်အလိုက် Project  များ ဆောင်ရွက်ခြင်းနှင့် ဦးဆောင်မှုဆိုင်ရာ ကိုယ်ပိုင် portfolio များရေးသားခြင်းတို့  ပါဝင်ပါကြောင်း၊ 

 

အဆင့်မြင့်ပညာသည် ကမ္ဘာတွင်လည်း လျင်မြန်သော ပြုပြင်ပြောင်းလဲမှုများကို တွေ့ကြုံနေရပြီး ၎င်းပြောင်းလဲမှုများသည် တက္ကသိုလ်များ၏ ခက်ခဲနက်နဲသော အုပ်ချုပ်မှုနှင့် ပညာရပ်ဆိုင်ရာ အလုပ်အကိုင်များပေါ်သို့ အကျိုးသက်ရောက်လျက် ရှိပါကြောင်း၊ မြန်မာနိုင်ငံအဆင့်မြင့်ပညာ ကဏ္ဍ၏ မျှော်မှန်းချက်ကို ၂၀၁၃ ခုနှစ်က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြားခဲ့သော အဆင့်မြင့်ပညာ ကဏ္ဍကိုအားကောင်းလာစေခြင်းနှင့် စပ်လျဉ်းသောမိန့်ခွန်းပေါ်တွင် အခြေခံထားပါကြောင်း၊ 

 

ပညာရပ်ဆိုင်ရာ ကိစ္စရပ်များကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန် တက္ကသိုလ်များအား လွတ်လပ်စွာစီမံခန့်ခွဲခွင့် အားကောင်းလာစေခြင်း ( Empowerment through Autonomy)၊ အဆင့်မြင့်ပညာရေးကို လူတိုင်းတန်းတူညီမျှ သင်ယူလေ့လာခွင့် အခွင့်အရေးရရှိစေခြင်း (Inclusiveness)၊ တက္ကသိုလ်တိုင်းက မိမိအစီအစဉ်ဖြင့် တီထွင်ကြံ ဆနိုင်သော၊ ထူးချွန်ထက်မြက်သော တက္ကသိုလ်များအဖြစ်သို့ ပြောင်းလဲနိုင်စွမ်းရှိသော ပြုပြင်ပြောင်းလဲမှုကို အားကောင်းလာစေခြင်း၊ (Empowerment for change) နှင့် မြန်မာလူငယ်လူရွယ်များအား ဒီမိုကရေစီလူ့အဖွဲ့အစည်းနှင့် ထူထောင်ခြင်းနှင့် ထုတ်လုပ် ရေးစွမ်းအား ကောင်းသော စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုအတွက် အနာဂတ်တွင် ဦးဆောင် မည့်သူများ ဖြစ်လာစေရန် အထောက်အကူပြုမည့် သင်ရိုးညွှန်းတမ်းနှင့် သင်ကြားသင်ယူ မှုနည်းစနစ်များ ပြုပြင်ပြောင်းလဲခြင်းဖြင့် အနာဂတ် ကိုအားကောင်းလာစေခြင်း (Empowerment for the Future) တို့ကို ထိထိရောက်ရောက် အကောင်အထည်ဖော်ရန် လမ်းညွှန်မှုအရ အဆင့်မြင့် ပညာကဏ္ဍ၏ မျှော်မှန်းချက်ကို “Empowerment through Autonomy, Inclusiveness, Empowerment for Change and Empowerment for the Future” ဟု ဦးတည်ဆောင်ရွက်လျက် ရှိပါကြောင်းနှင့် အဆိုပါမျှော်မှန်းချက် ပေါက်မြောက်အောင်မြင်ရေးအတွက် အသုံးချသုတေသန ဆောင်ရွက်ရေးနှင့်သုတေသန ဂျာနယ်တွင် သုတေသနစာတမ်းများ ပြုစုရေးကို အားပေးသွားမည်ဖြစ်သကဲ့သို့ အပြန်အလှန် ဆွေးနွေးခြင်းကို အခြေခံသော သင်ကြားသင်ယူမှု စနစ်များကို ဦးတည်ပြောင်းလဲ သွားမည်ဖြစ်ပါကြောင်း၊ 

 

ယခု ပထမအကြိမ်အမျိုးသားအဆင့် ညီလာခံသည် တက္ကသိုလ်များ၊ ဝန်ကြီးဌာနများနှင့် အမျိုးသားအဆင့်ကော်မတီများမှ   အဆင့်မြင့်အရာရှိကြီးများအား တက်ကြွသော၊ တီထွင်ကြံဆနိုင်သော၊ တာဝန်ယူတတ်သော၊ တာဝန်ခံတတ်သော၊ မိမိအဖွဲ့အစည်း စွမ်းဆောင်မှုအရည်အသွေး မြင့်မားရေး၏အရေးပါပုံကို နားလည်သဘောပေါက်သော အဆင့်မြင့် အရာရှိကြီးများ အဖြစ်သို့ပြောင်းလဲနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ 

 

၎င်းစွမ်းဆောင်ရည်သည် တက္ကသိုလ်များကို အသုံးချ သုတေသနပြုစု ထုတ်ဝေနိုင်စွမ်း ရှိသော၊ အုပ်ချုပ်မှုနှင့် ခေါင်းဆောင်မှုကို ပွင့်လင်းမြင်သာစွာနှင့် ထိရောက်ထက်မြက်စွာ စွမ်းဆောင်နိုင်သော၊ လုပ်သား ဈေးကွက်၏ လိုအပ်ချက်အပေါ် အခြေခံသည့် နိုင်ငံတကာ အဆင့်မီသင်ရိုးညွှန်း တမ်းများကို သင်ကြားနိုင်စွမ်းရှိသော  လွတ်လပ်စွာ စီမံခန့်ခွဲနိုင်သည့် တက္ကသိုလ်များ (Autonomous Universities) အဖြစ်သို့ ပြောင်းလဲပေးနိုင်မည်ဟု ယုံကြည်ပါကြောင်းဖြင့် ပြောကြားသည်။

 

ထို့နောက် ဗြိတိသျှကောင်စီမှ Acting Country Director ဖြစ်သူ Mr.Ozan Revi က မြန်မာနိုင်ငံအဆင့်မြင့်ပညာရေး ခေါင်းဆောင်မှုနှင့် စီမံခန့်ခွဲမှု ပြုပြင်ပြောင်းလဲရေး ခေါင်းစဉ်ဖြင့် ပြောကြားကာ Irrawaddy Policy Exchange မှ Mr.Michael Marett-Crosby က မြန်မာ နိုင်ငံအဆင့်မြင့်ပညာရေး ပြုပြင်ပြောင်းလဲမှုအတွက် ပံ့ပိုးပေးနိုင်မှု ခေါင်းစဉ်ဖြင့် ပြောကြားသည်။

 

ထို့နောက် အမျိုးသားပညာရေးမူဝါဒကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးညီလှငယ်က အဆင့်မြင့်ပညာ ကဏ္ဍအတွက် အမျိုးသားပညာရေး မူဝါဒကော်မရှင်က ဆောင်ရွက်ပြီးစီးသော လုပ်ငန်းများနှင့် ရှေ့ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍လည်းကောင်း၊ ပါမောက္ခချုပ်များ ကော်မတီဥက္ကဋ္ဌ ဒေါက်တာဇော်ဝေစိုးက ပါမောက္ခချုပ်များ ကော်မတီဖွဲ့စည်းပြီးစီးမှုနှင့် ကော်မတီ၏ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍လည်းကောင်း၊ University College London (UCL) မှ ဒါရိုက်တာ Mr.Jonathan Dale ကအဆင့်မြင့် ပညာရေးအတွက် ခေါင်းဆောင်မှုနှင့် စီမံခန့်ခွဲမှု အရည်အသွေးမြှင့်တင်ရေးနှင့် စပ်လျဉ်း၍ လည်းကောင်း ရှင်းလင်းပြောကြားသည်။ ထို့နောက် “Engaging International Best Practice: Transforming Universities and Retaining identity”ခေါင်းစဉ်ဖြင့် Panel Session ကို ကျင်းပ ဆွေးနွေးသည်။ မွန်းလွဲပိုင်းတွင် ပြည်တွင်းပြည်ပတက္ကသိုလ် များမှ ပါမောက္ခချုပ်များ၊ ပါမောက္ခများက အဆင့်မြင့် ပညာမြှင့်တင် ရေး နည်းလမ်းများ၊ အတွေ့အကြုံများကို ဆွေးနွေးဖလှယ်ကြသည်။

 

မြန်မာနိုင်ငံအဆင့်မြင့်ပညာရေး ပြုပြင်ပြောင်းလဲမှုအစီအစဉ် (Leading Higher Education Transformation in Myanmar) ပထမအကြိမ်အမျိုးသားအဆင့်ညီလာခံကို ရန်ကုန်တက္ကသိုလ် စိန်ရတု ခန်းမတွင် ဇွန် ၂၉ ရက်မှ ၃၀ရက်နေ့အထိ နှစ်ရက်ကြာ ကျင်းပသွား မည်ဖြစ်ကြောင်း သိရသည်။ 

 

(ပညာရေး)