မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ  ဒုတိယဝန်ကြီးဒေါက်တာမြလေးစိန် ပြည်ပသို့သွားရောက်မည့် မြန်မာအားကစားအဖွဲ့များနှင့်တွေ့ဆုံ 

နေပြည်တော် ၂၃ သြဂုတ် 

ပြည်ပသို့သွားရောက်မည့် မြန်မာအားကစားအဖွဲ့များနှင့်တွေ့ဆုံပွဲ အခမ်းအနားကို ယနေ့နံနက်(၁၀)နာရီတွင် အားကစားနှင့်ကာယပညာဦးစီးဌာန၊ ရုံးအမှတ်(၃၁) အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာမြလေးစိန်၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာန အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ (ပြေးခုန်ပစ်၊ စက်ဘီး၊ ဂျူဒို၊ ကြက်တောင်၊ စားပွဲတင်တင်းနစ်) အားကစားနည်းများမှ တာဝန်ရှိသူများနှင့် နည်းပြများ တက်ရောက်ခဲ့ကြသည်။

 

mdn

 

ရှေးဦးစွာ အဖွဲ့ခေါင်းဆောင်အဖြစ် လိုက်ပါမည့် ဦးစိုးအောင်က  ပြိုင်ပွဲဝင် အားကစားသမားများ၏ လေ့ကျင့်ရေးပိုင်း၊ အုပ်ချုပ်ရေးပိုင်း ဆိုင်ရာများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ မြန်မာနိုင်ငံစားပွဲတင်တင်းနစ်အဖွဲ့ချုပ်၊ မြန်မာနိုင်ငံမသန်စွမ်းသူများ အားကစားအဖွဲ့ချုပ်၊ ပြေးခုန်ပစ်အားကစားအဖွဲ့ချုပ်၊ အားကစားနှင့်ကာယပညာဦးစီးဌာနတို့မှ  အုပ်ချုပ်သူ၊ နည်းပြများက အားကစားနည်းအလိုက် လေ့ကျင့်ရေးပိုင်းဆိုင်ရာများကို ရှင်းလင်းတင်ပြကြသည်။

ထို့နောက် ဒုတိယဝန်ကြီးဒေါက်တာမြလေးစိန်က မိမိတို့၏ အားကစားပုံရိပ်ကို နိုင်ငံတကာအလယ်တွင် မြှင့်တင်နိုင်ရန်လိုအပ်ကြောင်း၊ အားကစားသမားများအနေဖြင့် သွားရောက်လေ့ကျင့်သည့်အခါတွင် ဝတ်စားဆင်ယင်မှု၊ အနေအထိုင်၊ အသွားအလာပိုင်းများတွင် မိမိတို့နိုင်ငံဂုဏ်တင့်တယ်အောင် နေထိုင်ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

သတင်းစဉ်