မြန်မာနိုင်ငံအလယ်ပိုင်းဒေသများနှင့် မြစ်ဝကျွန်းပေါ်ဒေသများ၌  ဧပြီ  ၂၈ ရက်နှင့် ၂၉ ရက်တို့တွင် အပူချိန်  အနည်းငယ်ထပ်တိုးနိုင်

ရန်ကုန်၊ ဧပြီ ၂၅
မြန်မာနိုင်ငံအလယ်ပိုင်းဒေသများနှင့် မြစ်ဝကျွန်းပေါ်ဒေသများတွင် ဧပြီ ၂၈ ရက်နှင့် ၂၉ ရက်တို့၌ အပူချိန် တစ်ဒီဂရီခန့် အနည်းငယ်ထပ်တိုးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှညွှန်ကြားရေးမှူး  ဦးလှထွန်းက ပြောကြားသည်။
ပုံမှန်အားဖြင့်လည်း သင်္ကြန်န်ပြီးကာလများတွင် အပူချိန်တိုးလေ့ရှိပြီး များသောအားဖြင့် အချို့နေရာများတွင် မေလအထိဆက်လက်ပူနေဆဲဖြစ်ကြောင်းသိရသည်။
“အပူချိန်မြင့်မားနိုင်ချေရှိတာကတော့ မြန်မာနိုင်ငံအလယ်ပိုင်းဒေသနဲ့ မြစ်ဝကျွန်းပေါ် ဒေသတွေမှာပါ။ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးမြို့အစရှိတဲ့ နေရာဒေသတွေမှာ နည်းနည်းပေါ့။ တစ်ဒီဂရီလောက်တော့ လာမယ့်ဧပြီ ၂၈ရက်၊ ၂၉ရက်တွေမှာ အပူချိန်တိုးနိုင်ပါတယ်။ သင်္ကြန်အပြီးမှာတော့ ပုံမှန်အားဖြင့်တော့ တိုးနေကျပါပဲ။ ဒီနှစ်မှတိုးတာတော့ မဟုတ်ပါဘူး။ သင်္ကြန်ပြီးရင်တော့ များသောအားဖြင့် မေလထိတောင် အချို့နေရာတွေ ပူသေးတာရှိသေးတယ်။ အဓိကကတော့ မိုးမရွာလို့ပေါ့လေ။ မိုးမရွာတဲ့အခါကျတော့ အပူချိန်တွေတိုးတာပေါ့လေ။ တိုးတာကတော့ မိုးမရွာရင်တော့တိုး၊ မိုးရွာနိုင်တဲ့ အလားအလာတွေရှိရင် တစ်ခါပြန်လျော့ ဒီလိုပဲနွေရာသီကတော့ တိုးလာလိုက်၊ နည်းနည်းလေး ပြန်လျော့လာလိုက်နဲ့ပဲ သွားနေတာပေါ့"ဟု ဦးလှထွန်းက‌ပြောသည်။
လွန်ခဲ့သည့် ၂၄ နာရီအတွင်းက ဖြစ်ပေါ်ခဲ့သည့် နေ့အပူချိန်အခြေအနေများမှာ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် ဧပြီလ၏ ပျမ်းမျှအပူချိန်တို့ထက် သုံးဒီဂရီဆဲလ်စီးယပ်မှ လေးဒီဂရီဆဲလ်စီးယပ်အထိနှင့် တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဧပြီလ၏ ပျမ်းမျှအပူချိန်တို့ထက် နှစ်ဒီဂရီဆဲလ်စီးယပ်ပိုခဲ့ပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ဧပြီလ၏ ပျမ်းမျှ အပူချိန်ခန့်သာ ရှိခဲ့ကြောင်းနှင့် ဧပြီလ ၂၃ ရက်နေ့တွင် ဖြစ်ပေါ်ခဲ့သော ထူးခြားသည့် နေ့အပူချိန်များမှာ ချောက်မြို့တွင် ၄၅.၉ ဒီဂရီဆဲလ်စီးယပ်၊ ညောင်ဦးမြို့တွင် ၄၄.၇ ဒီဂရီဆဲလ်စီးယပ်၊ အောင်လံမြို့တွင် ၄၄.၀ ဒီဂရီဆဲလ်စီးယပ်၊ မြင်းမူမြို့တွင် ၄၃.၇ ဒီဂရီဆဲလ်စီးယပ်၊ မုံရွာမြို့၊ မြင်းခြံမြို့နှင့် မကွေးမြို့တို့တွင် ၄၃.၆ ဒီဂရီဆဲလ်စီးယပ်စီ၊ တံတားဦး (လေကြောင်းမိုးလေဝသ) နှင့် ပခုက္ကူမြို့တို့တွင် ၄၃.၅ ဒီဂရီဆဲလ်စီးယပ်စီနှင့် မန္တလေးမြို့တွင် ၄၃.၃ ဒီဂရီဆဲလ်စီးယပ်တို့ ဖြစ်ကြောင်းလည်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။
“မြန်မာပြည်မှာက ချောက်တို့၊ ဘာတို့က အပူပိုင်းဒေသတွေဖြစ်တော့ပူတာပေါ့။ လောလောဆယ်တော့ ချောက်မြို့ကတော့ လက်ရှိမြို့အလိုက် အပူချိန်တွေအရဆိုရင် ချောက်ကတော့ အပူဆုံးပါ"ဟု ၄င်းက ဆိုသည်။
မိုးရွာနိုင်ခြေအနေဖြင့် အလယ်ပိုင်း‌ဒေသများနှင့် မြစ်ဝကျွန်းပေါ်ဒေသများတွင် ဧပြီလကုန်ပိုင်းအထိ မိုးရွာနိုင်မည့် အလားအလာ မတွေ့ရ‌ကြောင်းလည်း ဆိုသည်။ အပူဒဏ်ကာကွယ်ရေး နှိုးဆော်ချက်များကို ကျန်းမာရေးဝန်ကြီးဌာနမှလည်း အသိပေးထုတ်ပြန်ထားရှိသည့်အတွက် လိုက်နာဆောင်ရွက်ရန်၊ နေအရမ်းပူသည့်  ၁၁ နာရီနှင့် ၃ နာရီကြားတွင် အရိပ်ရသည့် နေရာများတွင် နေထိုင်ရန်နှင့် ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်ချက်များကို လိုက်နာကြရန် လိုအပ်ကြောင်းလည်း ၎င်းက ဖြည့်စွက်ပြောကြားသည်။
MT