မြန်မာနိုင်ငံအင်ဂျင်နီယာ ကောင်စီ၏ တတိယအကြိမ် နည်းပညာတက္ကသိုလ်များအား အရည်အသွေးစိစစ် အသိအမှတ်ပြု လက်မှတ် ချီးမြှင့်

ရန်ကုန် ၂၉  ဇူလိုင်

 

မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီသည် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ ဥပဒေအရ ပြဋ္ဌာန်းချက်ပါ တာဝန်များနှင့်အညီ ပြည်တွင်းရှိ နည်းပညာတက္ကသိုလ်များ၏ လျှောက်ထားချက် အရ အရည်အသွေးစိစစ်အသိအမှတ်ပြုခြင်းကို ဒေသတွင်းအာရှပစိဖိတ်ဒေသ စံနှုန်းများနှင့် စိစစ်ခဲ့သည်။ အဆင့်ဆင့်စိစစ်အောင်မြင်ခဲ့သော နည်းပညာတက္ကသိုလ်(၄)ခုမှ ဘွဲ့သင် တန်း (၁၈)ခုအား ပဏာမအသိအမှတ်ပြု (Provisional Accredited) လက်မှတ်ချီးမြှင့်ပွဲ အခမ်း အနားကို ယနေ့ နံနက်(၉)နာရီတွင် မြန်မာနိုင်ငံအင်ဂျင်နီယာ ကောင်စီ Function Hall တွင် ကျင်းပသည်။

 

အခမ်းအနားတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးဟန်ဇော်က အမှာစကားပြောကြားသည်။

 

ထို့နောက် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီဥက္ကဋ္ဌ ဒေါက်တာချာလီသန်းက ဂုဏ်ပြု အမှာစာကားပြောကြားသည်။ အခမ်းအနားတွင် Provisional Accredited လက်မှတ်များကို မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီဥက္ကဋ္ဌ ဒေါက်တာချာလီသန်းမှ နည်းပညာတက္ကသိုလ် (၄)ခုမှ ပါမောက္ခချုပ် ပါမောက္ခ ဌာနမှူး အသီးသီးတို့အား သက်ဆိုင်ရာ ဘာသာရပ်အလိုက် ချီးမြှင့် သည်။

 

ဆက်လက်၍ Convener, Chair, Evaluator ဆရာကြီး ဆရာမကြီးများအား ဂုဏ်ပြု မှတ်တမ်းများကို ကြွရောက်လာသော ပြည်သူ့လွှတ်တော်ပို့ဆောင် ဆက်သွယ်ရေးနှင့် ဆောက်လုပ် ရေး ကော်မတီ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး၊ အမျိုးသားပညာရေး မူဝါဒကော်မရှင်ဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ နာယကအဖွဲ့ဝင်များက ချီးမြှင့်သည် ။

 

ထို့နောက် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး  ဦးဟန်ဇော် က မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီသို့ လှူဒါန်းခဲ့ကြသော အလှူရှင် (၁၁)ဦးအား ဂုဏ်ပြုမှတ်တမ်းများကို ပေးအပ်ချီးမြှင့်သည် ။

 

ယနေ့ကျင်းပသည့် အခမ်းအနားသည် အရည်အသွေးစိစစ်အသိအမှတ်ပြု လက်မှတ် အသီးသီးကို မန္တလေးနည်းပညာတက္ကသိုလ်မှ ဘွဲ့သင်တန်း(၇)ခု ၊ နည်းပညာတက္ကသိုလ် သန်လျင် မှ ဘွဲ့သင်တန်း(၃)ခု ၊ နည်းပညာတက္ကသိုလ်ကျောက်ဆည်မှ ဘွဲ့သင်တန်း(၆)ခုနှင့် ရန်ကုန် နည်းပညာတက္ကသိုလ်မှ ဘွဲ့သင်တန်း(၂)ခု ၊ စုစုပေါင်း ဘွဲ့သင်တန်း(၁၈)ခု ရယူခဲ့ကြောင်း သိရှိရသည် ။  

 

(သတင်းစဉ်)