မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်ကော်မတီနှင့် 100 Plus တို့ စပွန်ဆာ သက်တမ်းတိုးစာချုပ် ချုပ်ဆို

၂၅ ဇန်နဝါရီ


မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်ကော်မတီနှင့် 100 Plus တို့၏ စပွန်ဆာသက်တမ်းတိုး စာချုပ်ချုပ်ဆိုပွဲကို ယနေ့မွန်းလွဲ ၂ နာရီက မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။


အခမ်းအနားတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်က အဖွင့်အမှာ စကားပြောကြားပြီး F&N Myanmar ၏ Country Manager Mr Freddy Oh က စပွန်ဆာပေးရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။


ယင်းနောက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနေရှင်နယ်လိဂ်ကော်မတီ ဒုဥက္ကဋ္ဌ ဒေါက်တာစိုင်းဆမ်ထွန်းနှင့် F&N Myanmar ၏ Country Manager Mr Freddy Oh တို့ အမှတ်တရလက်ဆောင်များ အပြန်အလှန် ပေးအပ် သည်။ 


ယင်းနောက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အမှုဆောင်အရာရှိချုပ် ဦးဘုန်းနိုင်ဇော်၊ မြန်မာနေရှင်နယ်လိဂ်ကော်မတီ အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်နှင့် F&N Myanmar ၏ Country Manager Mr Freddy Oh တို့ စပွန်ဆာသက်တမ်းတိုးစာချုပ် ချုပ်ဆိုကြသည်။


100 Plus သည် ၂၀၁၃ ခုနှစ်မှစ၍ မြန်မာ့ဘောလုံးလောကအတွက် ပံ့ပိုးကူညီခဲ့ခြင်းဖြစ်ပြီး ၂၀၁၉ နှင့် ၂၀၂၀ ပြည့်နှစ်အတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနေရှင်နယ်လိဂ် ကော်မတီကို စပွန်ဆာပေးရန် သက်တမ်းတိုးမြင့်ခဲ့ခြင်းဖြစ်သည်။  


100 Plus အနေဖြင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကို ၂၀၁၉ ခုနှစ်အတွက် ဒေါ်လာ တစ်သိန်း နှစ်သောင်း၊ ၂၀၂၀ ပြည့်နှစ်အတွက် ဒေါ်လာ တစ်သိန်းသုံးသောင်းငါးထောင်၊ မြန်မာနေရှင်နယ်လိဂ်ကော်မတီကို ၂၀၁၉ ခုနှစ်အတွက် ဒေါ်လာ သုံးသောင်းရှစ်ထောင်နှင့် ကျပ်သိန်း ၄၀ဝ၊ ၂၀၂၀ ပြည့်နှစ်အတွက် ဒေါ်လာ သုံးသောင်းရှစ်ထောင်နှင့် ကျပ်သိန်း ၅၀ဝ တို့ပံ့ပိုးကူညီမည်ဖြစ်ပြီး အချိုရည်ဗူးများလည်း ထပ်မံပံ့ပိုးပေးမည် ဖြစ်သည်။ 100 Plus သည် လူငယ်ဘောလုံးပြိုင်ပွဲကျင်းပရန်အတွက်လည်း Title Sponsor အဖြစ် ပံ့ပိုးကူညီလျက်ရှိသည်။


သတင်း-ရဲရင့်ရှိုင်း
ဓာတ်ပုံ-စိုးညွန့်