မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ


နေပြည်တော် မေ ၆
မြန်မာနိုင်ငံစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဒုတိယဝန်ကြီး ဦးရဲတင့်၊ ဒေါ်နုမြဇံနှင့် ဒေါက်တာမိုးဇော်ထွန်း၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်နှင့် ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးများ၊ မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်း ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံစာရေးဆရာအသင်း ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံစာကြည့်တိုက်အသင်း ဒုတိယဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက အွန်လိုင်းစနစ်ဖြင့် တက်ရောက်ကြသည်။
အစည်းအဝေးတွင် မြန်မာနိုင်ငံစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု ကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက  နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထား ဆောင်ရွက်လျက်ရှိပြီး တစ်နိုင်ငံလုံးမှ စာကြည့်တိုက်များအတွက် စာအုပ်စာစောင်များ လှူဒါန်းပွဲအခမ်းအနားကို ဧပြီ ၁၀ ရက်တွင် နေပြည်တော်ရှိ အမျိုးသားစာကြည့်တိုက်နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ စာကြည့်တိုက်များတွင် တစ်ချိန်တည်း၊ တစ်ပြိုင်တည်း ပြုလုပ်ခဲ့ပါကြောင်း၊ ထိုသို့လှူဒါန်းမှုများမှ အလှူငွေကျပ်သိန်းပေါင်း တစ်သောင်းကျော်နှင့် စာအုပ်စာစောင်  ၈၅၅၄၀   ကို လက်ခံရရှိခဲ့ပါကြောင်း။
လက်ခံရရှိခဲ့သည့် အလှူငွေနှင့်စာအုပ်စာစောင်များကို စနစ်တကျသုံးစွဲနိုင်ရေးနှင့် ထပ်မံပြီး အလှူငွေနှင့် စာအုပ်စာစောင်များ ရရှိရေး၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ မူဝါဒဖြစ်သည့် စာဖတ်ရှိန်မြှင့်တင်ရေးတို့ကို တစ်ဆက်တည်း ဆောင်ရွက်ရန်လိုအပ်လာသည့်အတွက် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီထံတင်ပြ၍ အတည်ပြုချက်ရယူပြီး  ‘မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု ကော်မတီ’ ကို ဧပြီ ၂၂ ရက်တွင် ဖွဲ့စည်းခဲ့ပါကြောင်း။
မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် စံ ၅ ရပ်နှင့် ကိုက်ညီသည့် ရပ်ကွက်၊ ကျေးရွာစာကြည့်တိုက် ၆၁၀၆ ခုရှိရာ လက်ရှိအခြေအနေအရ စာကြည့်တိုက် ၃၅၀၈ တိုက်သာ ကျန်ရှိပြီး ၂၅၉၈ တိုက်မှာ ရပ်နားခဲ့ရသည်ကို စိစစ်တွေ့ရှိရကြောင်း၊ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလှူခံရရှိသည့် အလှူငွေနှင့် စာအုပ်စာစောင်များကို သုံးစွဲရာတွင် လုပ်ငန်းစဉ် (၄) ရပ် သတ်မှတ်ထားရှိပြီး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရပ်နားထားသည့် စာကြည့်တိုက်များကို ပြန်လည်ဖွင့်လှစ်ရေး လုပ်ငန်းစဉ်၊ စာကြည့်တိုက်များ အသစ်တည်ထောင်ဖွင့်လှစ်မည့်လုပ်ငန်းစဉ်၊ ပြည်သူများ စာပေဖတ်ရှုလေ့လာစေရန် စာဖတ်ရှိန်မြှင့်တင်ရေး လုပ်ငန်းများ ဆောင်ရွက်မည့် လုပ်ငန်းစဉ်၊ စာအုပ်စာစောင်များ ဖြန့်ဝေမည့် လုပ်ငန်းစဉ်များ ဖြစ်ပါကြောင်း။
စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းသည် စဉ်ဆက်မပြတ်ဆောင်ရွက်ရမည့်လုပ်ငန်း ဖြစ်သည့်အတွက် လုပ်ငန်းစဉ်လေးရပ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရန် လိုအပ်သလို ရန်ပုံငွေများ ထပ်မံရရှိရေးအတွက် လစဉ်သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်များအလိုက် လှူဒါန်းပွဲများ ကျင်းပရန်လိုအပ်ကြောင်း။
လူ့စွမ်းအား အရင်းအမြစ်များ ပျိုးထောင်ရေးအတွက် လူငယ်များ အပါအဝင် ပြည်သူများ စာဖတ်ကြစေရန်နှင့် စာပေလေ့လာဖတ်ရှုနိုင်မည့် ပတ်ဝန်းကျင် ဖန်တီးပေးနိုင်ရန်အတွက် စာဖတ် ရှိန်မြှင့်တင်ရေး လုပ်ငန်းစဉ်ဖြင့် ဆောင်ရွက်သွားရမည်ဖြစ်ပြီး ရပ်ကွက်/ကျေးရွာအလိုက် အသိပညာ နှီးနှောဖလှယ် ဆွေးနွေးလှုပ်ရှားမှုများကို အပတ်စဉ် လစဉ်အလိုက် ဆောင်ရွက်သွားရန် လိုအပ်ပါ ကြောင်း။
မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို တက်ရောက်လာကြသူများအားလုံး ဝိုင်းဝန်းဆွေးနွေး အကြုံပြုပေးကြပါရန်နှင့် ကော်မတီ၏ လုပ်ငန်းတာဝန်များ အောင်မြင်ရေးပူးပေါင်းဆောင်ရွက်ပေးကြပါရန် ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု ကော်မတီ အတွင်းရေးမှူး  ဒုတိယဝန်ကြီး ဦးရဲတင့်က စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးသည်။
ယင်းနောက် မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီ အဖွဲ့ဝင် ဒုတိယဝန်ကြီးဒေါ်နုမြဇံ က အမျိုးသားစာကြည့်တိုက်(နေပြည်တော်)၊ အမျိုးသားစာကြည့်တိုက် (ရန်ကုန်)၊ တိုင်းဒေသကြီးနှင့်ပြည်နယ် စာကြည့်တိုက်များ၏ အခြေအနေ၊ အသစ်ဆောက်လုပ်မှု၊ ပိတ်ထားသည့် စာကြည့်တိုက်များ ပြန်လည်ဖွင့်လှစ်နိုင်ရေး၊ e- library များအဖြစ် အဆင့်မြှင့်တင်နိုင်ရေး၊ စာဖတ်ရှိန်မြှင့်တင်ရေးတို့နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု ကော်မတီအဖွဲ့ဝင် ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်းက ပညာရေးဝန်ကြီးဌာနလက်အောက်ရှိ စာကြည့်တိုက်များ ဖွင့်လှစ်ဆောင်ရွက်နေမှု၊ စာကြည့်တိုက်များ အဆင့်မြှင့်တင်နိုင်ရေး၊ ၂၀၂၄-၂၅ ပညာသင်နှစ်မှ စတင်၍ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်မည့် အခြေအနေတို့နှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီ အဖွဲ့ဝင်များဖြစ်ကြသည့် နေပြည်တော်ကောင်စီဝင်နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးများက တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် စာကြည့်တိုက်များ ဖွင့်လှစ်နေမှု၊ စာဖတ်ရှိန်မြှင့်တင်ရေး၊ စာကြည့်တိုက်များ တည်ရှိပြီးသည့် စာကြည့်တိုက်များ ရေရှည်တည်တံ့ရေး၊ ရပ်နားစာကြည့်တိုက်များ ပြန်လည်ဖွင့်လှစ်ရေး၊ အဆင့်မြှင့်တင် ဆောင်ရွက်နိုင်ရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် မြန်မာနိုင်ငံစာကြည့်တိုက်များ ဖောင်ဒေးရှင်း ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံစာရေးဆရာအသင်း ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံစာကြည့်တိုက်အသင်း ဒုတိယဥက္ကဋ္ဌတို့က စာကြည့်တိုက်များ ရေရှည်တည်တံ့ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ဆွေးနွေးတင်ပြကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆွေးနွေးပြီး နိဂုံးချုပ် အမှာစကားပြောကြားသည်။ 
သတင်းစဉ်