မြန်မာနိုင်ငံစာတတ်မြောက်ရေးသမိုင်းကြောင်း

အောင်ကြည်ညွန့်(တက္ကသိုလ်)

မြန်မာနိုင်ငံသည် ‘အသုံးလုံး’ဟုခေါ်သော စာမတတ်သူပပျောက်ရေးစီမံကိန်း၊ နောင်တွင် မြန်မာနိုင်ငံ စာတတ်မြောက်ရေးစီမံကိန်း ကြိုးပမ်းလှုပ်ရှားမှုကြီးကြောင့် ကမ္ဘာကျော်ခဲ့သည်။ 

ကမ္ဘာ့ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းကြီးဖြစ်သော ယူနက်စကိုအဖွဲ့ကချီးမြှင့်သည့် ‘မိုဟာမက်ရေဇာပါလာဗီ’ဆုကို ၁၉၇၁ ခုနှစ်တွင် ရရှိပြီး ‘နိုမာဆု’ကို ၁၉၈၃ ခုနှစ်တွင် ရရှိခဲ့သည်။

ဘုန်းတော်ကြီးကျောင်းပညာရေး

 မြန်မာနိုင်ငံ၏ပညာရေးအစသည် ဘုန်းတော်ကြီးကျောင်း ပညာရေးသာဖြစ်သည်။ အရေး၊ အဖတ်၊ အတွက်ပညာများကို ဘုန်းတော်ကြီးကျောင်းများက သင်ကြားပေးရုံမျှမကသေး စာရိတ္တပညာ၊ လူမှုရေးပညာ၊ အုပ်ချုပ်ရေးပညာအစရှိသည့် အဋ္ဌာရသ(၁၈) ရပ်ကို သင်ကြားပေးနိုင်ခဲ့သည်။ မြန်မာဘုရင်အဆက်ဆက်သည် ဘုန်းတော်ကြီးကျောင်းမှ ပညာသင်ပေးလိုက်သူများဖြစ်သည်။ ပုဂံခေတ်မှသည် ကုန်းဘောင်ခေတ်နှောင်း သီပေါမင်းလက်ထက်တိုင်အောင် တိုင်းပြည်မင်းလုပ် အုပ်ချုပ်နိုင်ခဲ့သော ပညာရပ်များဖြင့် ပြည့်စုံကုံလုံ ကြွယ်ဝခဲ့သည်။

၁၈၈၅ ခုနှစ်တွင် မြန်မာတစ်နိုင်ငံလုံး သူ့ကျွန်ဘဝကျရောက်ခဲ့ပြီး မြန်မာတို့၏ စာပေ၊ ယဉ်ကျေးမှု၊ အနုပညာများ တစ်စတစ်စ မှေးမှိန်ပျောက်ကွယ်ခဲ့ရသည်။ စာပေသင်ကြားမှုပိုင်းတွင်လည်း အရေးမသာ၊ အခွင့်မရဘဲ ဆုံးရှုံးခဲ့ရသဖြင့် စာတတ်မြောက်မှုနှုန်းမှာလည်း အလွန်အမင်းကျဆင်း ခဲ့ရသည်။ သည်မျှသာမကဘဲ မြန်မာစာ၊ မြန်မာစကားပင်လျှင် အရေးမလှ နိမ့်ကျခဲ့ရသည်။

၁၉၀၁ ခုနှစ်က မြန်မာနိုင်ငံ၏စာတတ်မြောက်နှုန်းသည် ၂၈ ရာခိုင်နှုန်းသာ ရှိသည်။ လွတ်လပ်ရေးရခါစ ၁၉၄၈ ခုနှစ်တွင် ၃၅ ရာခိုင်နှုန်းရှိပြီး ၂၀၁၀ ပြည့်နှစ်တွင် ၉၄ ဒသမ ၄၅ ရာခိုင်နှုန်း ဖြစ်လာသည်။

ကျွန်သပေါက်ဘဝတွင် ဆင်းရဲမွဲတေမှုကြောင့် စာပေသင်ယူလေ့လာဆည်းပူးနိုင်ခြင်း အလျင်းမရှိသည့်အားလျော်စွာ စာသင်ကြားခွင့် အခွင့်အရေးမရရှိဘဲ စာမတတ်သူဦးရေ တိုးတက် များပြားလာခြင်း ဖြစ်သည်။
မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ်တွင် လွတ်လပ်ရေးရခဲ့သည်။ သို့သော် နှစ်ပေါင်းတစ်ရာကျော် သူ့ကျွန် ဘဝ ကိုလိုနီအမွေဆိုးကြောင့် စာမတတ်သူများ ထုနှင့်ထည်နှင့်ရှိခဲ့ရာ မြန်မာနိုင်ငံအစိုးရသည် ပြည်သူအများ စာတတ်မြောက်ရေးကို ပထမဦးစားပေး ဆောင်ရွက်ရတော့သည်။

လူထုပညာရေးစီမံကိန်း 

လွတ်လပ်ရေးရပြီးစ ၁၉၄၈ ခုနှစ်မှ ၁၉၆၂ ခုနှစ် အထိ ၁၄ နှစ်တာကာလအတွင်း ဝန်ကြီးချုပ်ဦးနု ခေါင်းဆောင်သော ဖဆပလအစိုးရက ‘လူထုပညာရေး’ စီမံကိန်းကြီးဖြင့် စာတတ်မြောက်ရေး လုပ်ငန်းကို အင်နှင့်အားနှင့် ဆောင်ရွက်ခဲ့သည်။ စာတတ်မြောက်ရေးလှုပ်ရှားမှု သမိုင်းနှင့်ဆိုလျှင် ‘ပထမဆုံး’ကာလပင်ဖြစ်သည်။

တော်လှန်ရေး အစိုးရခေတ်တွင်လည်း စာတတ်မြောက်ရေး လူထုလှုပ်ရှားမှုစီမံကိန်းကို ၁၉၆၄ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ ဆောင်ရွက်ခဲ့သည်။ ဤကာလသည် စာတတ်မြောက်ရေးလှုပ်ရှားမှု ဒုတိယကာလဖြစ်သည်။ စာတတ်မြောက်ရေးလှုပ်ရှားမှု အရှိန်အဟုန်ကောင်းနေစဉ်တွင် ရှစ်လေးလုံး အရေးအခင်းကြီးဖြစ်ပွား၍ စာတတ်မြောက်ရေး စီမံကိန်းကြီးမှာ ရပ်ဆိုင်းသွားခဲ့သည်။

၁၉၈၈ ခုနှစ်မှ ယနေ့အထိ စာတတ်မြောက်ရေး ကြိုးပမ်းမှုကာလမှာ တတိယကာလ ဖြစ်သည်။

ထိုကာလ သုံးခုအနက် ၁၉၆၄ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ ဒုတိယပိုင်းကာလလှုပ်ရှားမှုသည် အခြေခံ စာတတ်မြောက်ရေးကြိုးပမ်းမှုတွင် အအောင်မြင်ဆုံးကာလဖြစ်ရုံမက ကမ္ဘာကျော်သွားခဲ့ပါသည်။ လှည်းနေလှေအောင်း မြင်းဇောင်းမကျန်၊ လူထုလူတန်းစားအသီးသီး၊ အဖွဲ့အစည်းပေါင်းစုံ ပါဝင် ခဲ့ကြသည်။ ပါတီကလည်း စုစုစည်းစည်း၊ စည်းစည်း ရုံးရုံးနှင့် ဦးဆောင်မှုပေးနိုင်ခဲ့သည်။ အထူးသဖြင့် တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံတို့မှ ကျောင်းသား ကျောင်းသူ၊ လူငယ်မောင်မယ်တို့၏စေတနာ လုပ်အားသည် ပဓာနအကျဆုံး ဖြစ်ခဲ့သည်။

အသုံးလုံးသမိုင်းသစ်

၁၉၆၄ ခုနှစ် နွေရာသီတွင် ကံဘဲ့ ဆရာအတတ်သင်မှ ဆရာအတတ်သင် သင်တန်းသားလေးဦးသည် မိတ္ထီလာမြို့နယ် အရှေ့စံပြကျေးရွာ၌ နွေရာသီ ‘အ’ သုံးလုံး မျက်ဖွင့်သင်တန်းကိုတစ်လကြာ ဖွင့်လှစ်သင်ကြားပို့ချခဲ့ပြီး ‘အသုံးလုံးသမိုင်းသစ်’ ကို ဖွင့်လှစ်ခဲ့သည်။

အဆိုပါအတွေ့အကြုံကိုယူ၍ ၁၉၆၉ ခုနှစ်တွင် မိတ္ထီလာခရိုင်ကို ရှေ့ပြေးစမ်းသပ်ခရိုင်အဖြစ် စာမတတ်သူပပျောက်ရေး စီမံကိန်းဆောင်ရွက်ရာ ခရိုင်လုံးကျွတ် စာတတ်မြောက်သွားကြသည်။

ကုလသမဂ္ဂယူနက်စကိုအဖွဲ့ကြီး၏ တိုက်တွန်းနှိုးဆော်ချက်အရ နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အခမ်းအနားကို ၁၉၇၀ ပြည့်နှစ်တွင် မိတ္ထီလာခရိုင်၌ ကျင်းပသည်။

စာတတ်မြောက်ရေးအောင်ပွဲများကျင်းပ

ထိုမှဆက်၍ လူထုလှုပ်ရှားမှုအသွင်ဖြင့် တိုင်း၊ ခရိုင်၊ ပြည်နယ်၊ မြို့နယ်၊ ကျေးရွာစာတတ်မြောက်ရေး ကော်မတီအဆင့်ဆင့်ဖွဲ့စည်းပြီး တက္ကသိုလ် ကျောင်းသားစေတနာရှင် ဆရာ ဆရာမများဖြင့် နှစ်စဉ် နွေရာသီအခါတိုင်း စာတတ်မြောက်ရေး လှုပ်ရှားမှုကြောင့် စာမတတ်သူသန်းပေါင်းများစွာ စာတတ်ခဲ့ပြီး မြို့နယ်လုံးကျွတ်၊ ခရိုင်လုံးကျွတ်၊ တိုင်းလုံးကျွတ်၊ ပြည်နယ်လုံးကျွတ် စာတတ်မြောက် ရေးအောင်ပွဲများ ကျင်းပနိုင်ခဲ့သည်။

၁၉၆၄ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ ၂၄ နှစ်တာ ကာလအတွင်း ပြည်သူပေါင်း နှစ်သန်းလေးသိန်းကျော် စာတတ်မြောက်ခဲ့ကြ၏။

ယူနက်စကိုအဖွဲ့ချုပ်ကြီးက ၁၉၉၀ ပြည့်နှစ်ကို နိုင်ငံတကာစာတတ်မြောက်ရေးနှစ် (Interna-tional Literacy Year)အဖြစ် သတ်မှတ်ပြီး ကမ္ဘာ့စာတတ်မြောက်ရေး စီမံကိန်းကြီးကို တွန်းအားပေးခဲ့သည်။ ၁၉၉၀ ပြည့်နှစ်တွင် ထိုင်းနိုင်ငံ ဂျွန်တီယံမြို့ ၌ ‘လူတိုင်းအတွက် ပညာရေးညီလာခံ’ ကို ကျင်းပပြီး ‘လူတိုင်းအတွက် ပညာရေးဆိုင်ရာကမ္ဘာ့ ကြေညာစာတမ်း’ကို ဆွေးနွေးညှိနှိုင်းအတည်ပြုပြဋ္ဌာန်းခဲ့သည်။ 

ဤညီလာခံကြီးအပြီး Education for All “DFA”ဝေါဟာရသည် စာတတ်မြောက်ရေးလုပ်ငန်း စဉ်အတွက် ခေတ်စားလာပါတော့သည်။

နောင် ၁၀ နှစ်အကြာတွင် ကမ္ဘာ့ပညာရေး ညီလာခံ (၂၀၀၀) ကို ကျင်းပသည်။ ထိုညီလာခံမှ “ဒါကာအညွှန်းဘောင်”ကို ရေးဆွဲအတည်ပြုကာ ကမ္ဘာတစ်ဝန်းလုံးရှိ စာတတ်မြောက်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် လမ်းညွှန်မှုပေးခဲ့သည်။

ဒါကာအညွှန်းဘောင်အရ ၂၀၀၃ ခုနှစ်မှ ၂၀၁၂ ခုနှစ်ကို ကုလသမဂ္ဂစာတတ်မြောက်ရေး ဆယ်စုနှစ် အဖြစ် သတ်မှတ်ခဲ့သည်။ ၂၀၀၀ ပြည့်နှစ်မှစ၍ ကျောင်းသင်ပညာရေးနှင့် ကျောင်းပြင်ပပညာရေး အစီအစဉ်နှစ်ရပ်စလုံးဖြင့် ကြိုးပမ်းဆောင်ရွက်ခဲ့ရာ ၂၀၁၁ ခုနှစ်တွင် စာတတ်မြောက်မှုနှုန်း ၉၅ ဒသမ ၈ ရာခိုင်နှုန်းအထိ ရောက်ရှိလာသည်။

၁၉၈၈ အရေးအခင်းကြီးတွင် အသုံးလုံး လုပ်ငန်းအားလုံး ရပ်ဆိုင်းသွားပါသည်။ မြန်မာနိုင်ငံ ပညာရေးသုတေသနအဖွဲ့က တာဝန်ရှိသူတို့သည် “အသုံးလုံး”လုပ်ငန်းစဉ်ကို ကျောင်းပြင်ပပညာရေး မြန်မာပုံစံကို နည်းအမျိုးမျိုးဖြင့်ဖော်ထုတ်ကာ နိုင်ငံတော်အစိုးရသို့ တင်ပြခဲ့သည်။

လုပ်ငန်းအကျိုးပြု ကျောင်းပြင်ပ ပညာရေးစနစ်ဖွံ့ဖြိုးမှုစီမံကိန်း

မြန်မာနိုင်ငံပညာရေး သုတေသနအဖွဲ့သည် ပညာရေးဝန်ကြီးဌာနနှင့် ကမ္ဘာ့ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့(ယူနီဆက်)တို့၏ ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်ဖြင့် ၁၉၉၁ ခုနှစ်မှ ၁၉၉၅ ခုနှစ်အထိ “လုပ်ငန်းအကျိုးပြု ကျောင်းပြင်ပ ပညာရေးစနစ်ဖွံ့ဖြိုးမှုစီမံကိန်း”တစ်ရပ်ကို ကျောင်းပြင်ပရှိ အသက် (၁၅)နှစ်မှ (၄၅)နှစ်အရွယ် လူငယ်များနှင့် သက်ကြီးများအတွက် စတင်အကောင်အထည်ဖော်ခဲ့သည်။

သုတေသနစီမံကိန်းကို အောက်မြန်မာပြည် ကိုယ်စားပြု ပဲခူးတိုင်းဒေသကြီးရှိ ဒိုက်ဦးမြို့နယ်၊ ညောင်လေးပင်မြို့နယ်နှင့် ကျောက်တံခါးမြို့နယ်များတွင် တစ်မြို့နယ်လျှင် ကျေးရွာ ၁၀ ရွာ ရွေးချယ်၍ သုတေသနပြုခဲ့ပါသည်။ အလားတူ အထက်မြန်မာ ပြည်ကိုယ်စားပြု မန္တလေးတိုင်းဒေသကြီး တောင်သာမြို့နယ်၊ ကျောက်ပန်းတောင်းမြို့နယ်နှင့် ညောင်ဦးမြို့နယ်တို့မှာလည်း တစ်မြို့နယ်လျှင် ၁၀ ရွာနှုန်းဖြင့် သုတေသနပြု စမ်းသပ်အကောင်အထည်ဖော်ခဲ့ပါသည်။ သုတေသနအကျိုးရလဒ်ကို နိုင်ငံတော်အစိုးရသို့ ပညာရေးဝန်ကြီးဌာနမှတစ်ဆင့် တင်ပြခဲ့ပါသည်။

မြန်မာနိုင်ငံ ပညာရေးသုတေသနအဖွဲ့၏ ကြိုးပမ်းမှုကြောင့် ဂျပန်နိုင်ငံအခြေစိုက် ACCU ခေါ် အာရှဒေသယဉ်ကျေးမှုစင်တာ (ယူနက်စကို) ၏ ကူညီပံ့ပိုးမှုအရ (Myanmar Literacy Resource Centre - MLRC) မြန်မာနိုင်ငံစာတတ်မြောက်ရေးအထောက်အကူပြုပင်မဌာနကြီးတစ်ခု ၂၀၀၀ ပြည့်နှစ်တွင် ပေါ်ပေါက်လာခဲ့ပါသည်။

မြန်မာနိုင်ငံပညာရေး သုတေသနဝင်းအတွင်းတွင် နှစ်ထပ်တိုက်အဆောက်အအုံတစ်ခုနှင့် ခေတ်မီ ပညာရေးဆိုင်ရာ အီလက်ထရွန်နစ်ကိရိယာများပါ လှူဒါန်းခဲ့သည်။ ထိုအချိန်က ပညာရေးကော်မတီ ဥက္ကဋ္ဌနှင့် ဂျပန်သံအမတ်ကြီးတို့က ဖွင့်လှစ်ပေးခဲ့သည်။ ယနေ့ဆိုလျှင် MLRC သက်တမ်းသည် (၂၂) နှစ်ပင် ရှိခဲ့ပါပြီ။

မြန်မာနိုင်ငံစာတတ်မြောက်ရေး အထောက်အကူပြု ပင်မဌာနသည် ကျောင်းပြင်ပပညာရေးဌာန ကြီးမပေါ်ပေါက်မီ ပညာရေးသုတေသနနှင့် လက်တွဲ၍ ကျောင်းပြင်ပစာတတ်မြောက်ရေးကို ဆောင်ရွက် သည်။

ကျောင်းပြင်ပပညာရေးမူလတန်း (Non-formal Primary Education - NFPE) အစီအစဉ် သင်တန်းများဖွင့်လှစ်နိုင်ခဲ့ပြီး ကျောင်းပြင်ပရောက် လူငယ်များကို စာပေသင်ကြားတတ်မြောက်စေခဲ့ ပါသည်။ သင်ရိုးညွှန်းတမ်း၊ ကျောင်းသုံးစာအုပ်များ၊ ဆရာ ဆရာမများရရှိရေးကို ပြည်တွင်းပြည်ပ အလှူရှင်များနှင့်ချိတ်ဆက်၍ ဆောင်ရွက်ခဲ့သည်။ မြန်မာပြည်တစ်လွှားစာသင်ခန်းများ များစွာဖွင့်လှစ် နိုင်ခဲ့သည်။ NFPE ဆရာ ဆရာမများစွာနှင့် NFPE ကျွမ်းကျင်သူများကို များစွာမွေးထုတ်ပေးနိုင်ခဲ့သည်။

ယခုအခါတွင် Non-formal Middle Education-NFME ကျောင်းပြင်ပပညာရေး အစီအစဉ်ကို ဆက်လက်ဆောင်ရွက်နေပါသည်။ MLRC သည် ပညာရေးဆိုင်ရာ NGO အဖွဲ့အစည်းကြီးအဖြစ် အခိုင်အမာရပ်တည်လျက်ရှိသည်။

MLRC အဖွဲ့ကြီးကို ပညာရေးဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများမှ အငြိမ်းစားညွှန်ကြားရေး မှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ကျောင်းအုပ်ဆရာကြီးများက စီမံအုပ်ချုပ်သည်။ အဖွဲ့ဥက္ကဋ္ဌမှာ အသုံးလုံး စီမံကိန်းစတင်ဦးကပ်ခဲ့သူ ဆရာကြီးဒေါက်တာ ဦးသန်းဦး ဖြစ်ပါသည်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ ပညာရေးဝန်ကြီးဌာနသည် ကျောင်းပညာရေးစနစ် ပြင်ပမှ ပညာရေးအစီအစဉ်များကို တာဝန်ယူဆောင်ရွက်ရန် ကျောင်းပြင်ပနှင့် တစ်သက်တာ ပညာရေးဦးစီးဌာနကို ၂၀၁၆ ခုနှစ် ဇူလိုင်လ ၇ ရက် နေ့တွင် စတင်ဖွဲ့စည်းပေးခဲ့သည်။

နိုင်ငံတော်အစိုးရသည် နွေရာသီအခြေခံ စာတတ်မြောက်ရေးလှုပ်ရှားမှုကို ၂၀၁၃ ခုနှစ်က စတင်ကာ မြို့နယ် ၂၉ မြို့နယ်၊ ၂၀၁၅ ခုနှစ်နှင့် ၂၀၁၆ ခုနှစ် တို့တွင် နေပြည်တော်ကောင်စီနယ်မြေ အပါအဝင် တိုင်းဒေသကြီး၊ ပြည်နယ်များမှ မြို့နယ် ၃၀ တွင် ဒေသခံ ဆရာ ဆရာမများ၊ တက္ကသိုလ်၊ ကောလိပ် များမှရပ်ဝေးလုပ်အားပေးကျောင်းသား ကျောင်းသူများဖြင့် အကောင်အထည်ဖော်နိုင်ခဲ့သည်။

၂၀၁၆ ခုနှစ်တွင် ကယားပြည်နယ် ပြည်နယ် လုံးကျွတ် တတ်မြောက်ရေးလုပ်ငန်းကို ဆောင်ရွက်ခဲ့ရာ လွိုင်ကော်ခရိုင်နှင့် ဘော်လခဲခရိုင်မှ မြို့နယ်ခုနစ်ခုတွင် လူဦးရေပေါင်း ၅၃၃၅ ဦးကို တက္ကသိုလ်၊ ကောလိပ်နှင့် သိပ္ပံများမှ တက္ကသိုလ်ကျောင်းသား ကျောင်းသူ လုပ်အားပေးဆရာပေါင်း ၄၅၅ ဦးက သင်ကြားပေးခဲ့ကြသည်။ 
ကယားပြည်နယ် စာတတ်မြောက်ရေးအောင်ပွဲကို ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၃၀ ရက်နေ့တွင် လွိုင်ကော်မြို့ မြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။

၂၀၁၇ ခုနှစ်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင်မြို့နယ်များအတွင်း စာတတ်မြောက် ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ရာ ပြည်သူပေါင်း ၂၅၇၀၂ ဦး စာတတ်မြောက်သွားကြသည်။

စာတတ်မြောက်ရေးလှုပ်ရှားမှုကြီး ဆောင်ရွက်ခဲ့သည်မှာ နှစ်ပေါင်း ၅၀ ကျော်ခဲ့ပြီ ဖြစ်ပါသည်။ သို့သော်လည်း ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ အသက်(၁၅)နှစ်နှင့်အထက် သက်ကြီး ၃ ဒသမ ၅ သန်းခန့်မှာ စာမတတ်သူများဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့ကြောင့် တစ်နိုင်ငံလုံးစာမတတ်သူပပျောက်စေရန် စာတတ်မြောက်ရေးစီမံကိန်းသည် စဉ်ဆက် မပြတ် ရေရှည်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်ကြီး ဖြစ်သည်။

ယခုအခါ စာတတ်မြောက်ရေးလုပ်ငန်းကို ဦးဆောင်လုပ်နိုင်ရန် နိုင်ငံတော်က “ကျောင်းပြင်ပနှင့် တစ်သက်တာပညာရေးဦးစီးဌာန”ကို ထူထောင်ဖွင့်လှစ်ပေးခဲ့ပါပြီ။ အဆိုပါဌာန၏မိတ်ဖက်အဖွဲ့ အစည်းတစ်ခုဖြစ်သည့် မြန်မာနိုင်ငံစာတတ်မြောက် ရေးအထောက်အကူပြုပင်မဌာန  (Myanmar Literacy Resource Centre -MLRC) တို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် မဝေးလှသောကာလတွင် မြန်မာ တစ်နိုင်ငံလုံး နိုင်ငံလုံးကျွတ်စာတတ်ပြီဟု ကြွေးကြော် နိုင်မည်ဖြစ်ပါတော့သည်။  ။