မြန်မာနိုင်ငံ၏ ပထမဆုံး တောဆင်ရိုင်းများ ထိန်းသိမ်းရေးနယ်မြေ သို့မဟုတ် ရခိုင်ရိုးမ ဆင်ဘေးမဲ့တော

 

သိန်းညွန့်(PZL)

 

တောဆင်ရိုင်းများ အပါအဝင် ဇီဝမျိုးစုံမျိုးကွဲများနှင့် ၎င်းတို့၏ နေရင်းဒေသများကို ကာကွယ်စောင့်ရှောက်ရန် အဓိကရည်ရွယ်ကာ ရခိုင်ပြည်နယ် သံတွဲမြို့နယ်နှင့် ဂွမြို့နယ်တို့အတွင်း “ရခိုင်ရိုးမ ဆင်ဘေးမဲ့တော” ကို သစ်တောရေးရာ ဝန်ကြီးဌာနက လွန်ခဲ့သော ၂၀၀၂ ခုနှစ် ဖေဖော်ဝါရီ ၅ ရက်က အတည်ပြုပြဋ္ဌာန်း ခဲ့ပေသည်။

 

ယင်းကဲ့သို့ဆောင်ရွက်ရာတွင် ရခိုင်ပြည်နယ် ဒေသခံပြည်သူများအား ထိန်းသိမ်းရေးသိမြင် နိုးကြားမှုမြှင့်တင်ရန်အတွက် လည်းကောင်း၊ ဘေးမဲ့တောဧရိယာအတွင်း လူနှင့်ဆင် သတ္တဝါများအကြား ပဋိပက္ခဖြစ်ပွားမှု လျော့ပါးစေရန် လည်းကောင်း စီမံချက်များ ချမှတ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ထို့ပြင် သဘာဝအခြေခံ ခရီးသွားလုပ်ငန်းကို ဖော်ဆောင်ကာ ဒေသခံတိုင်းရင်းသားများ၏ လူမှုစီးပွားဘဝကိုပါ အထောက်အကူ ပြုစေရန်ဟူသည့် ရည်ရွယ်ချက်တစ်ရပ်ပါထားရှိခဲ့သည်။ ရခိုင်ရိုးမဆင်ဘေးမဲ့တော ဝန်းကျင်ကို လေ့လာလိုက်ပါက ကျောက်တောင်များထူထပ်ပြီး မတ်စောက်၍ ချောင်းများသည်လည်း ရေစီးသန်လှသည်ကို မြင်တွေ့ရမည်ဖြစ်ပြီး ၄၃၃၈၄၃ ဒသမ ၂ ဧက (၆၇၇ ဒသမ ၈၈ စတုရန်းမိုင်)ကျယ်ပြောသော ဘေးမဲ့တော တစ်ခုပင် ဖြစ်သည်။

 

အဆိုပါ ဧရိယာများအနက် သံတွဲမြို့နယ်အတွင်း ၂၉၃ ဒသမ ၂၇ စတုရန်းမိုင် ပါဝင်ပြီး ဂွမြို့နယ်အတွင်း၌ကား ၃၈၄ ဒသမ ၆ စတုရန်းမိုင် ပါဝင် ကြောင်း သိမှတ်ရသည်။ ဘေးမဲ့တော၏ မြောက်ဘက် နယ်နိမိတ်အဆုံးကို ရှုကြည့်လိုက်ပါက ပေ ၄၀၀၀ ကျော်မြင့်မားသော “စပါးပုံတောင်”ထိပ်ကို မြင်တွေ့ နိုင်ပေသည်။

 

အရှေ့ဘက်နယ်နိမိတ်သည် ၄၀၁၅ ပေရှိ တောင်နီကြီးတောင် အပါအဝင် တောင်နှင့်မြောက် မြန်အောင် ကြိုးဝိုင်းတို့နှင့် ထိစပ်နေသည်။ အရှေ့ ဘက်တစ်ခွင်သည်ကား ဂွနှင့် သံတွဲမြို့နယ်တို့အကြား တည်ရှိနေပြီး သူဌေးချောင်း၊ ကျိန္တလီချောင်း၊ သံတွဲချောင်းနှင့် စလူချောင်းများသည် ရေဝေရေလဲ ဒေသများ ဖြစ်ကြသည်။

 

ဤဒေသဝန်းကျင်သည် မိုးရွာသွန်းမှုကဲသော အခင်းအကျင်းဖြစ်၍ ရွက်အုပ်ပိတ်၊ ရွက်အုပ်ပွင့်၊ တောနိမ့်နှင့် စိုက်ပျိုးမြေဟူ၍ တွေ့ရပြီး တောအမျိုး အစားသုံးမျိုး စုဖွဲ့ထားပေရာ အမြဲစိမ်းတော၊ ခရင်ဝါး နှင့် မြက်ခင်းတောများ ပေါက်ရောက်သည်။ ၂၀၁၈ ခုနှစ်အထိ စာရင်းကောက်ယူ မှတ်တမ်းတင်ထား ချက်အရ အဆိုပါဘေးမဲ့တော၌ တောဆင်အပါအဝင် ပြောင်၊ ဟိမဝန္တာဝက်ဝံ၊ မလေးဝက်ဝံ၊ ကျားသစ်၊ အင်းကျား၊ ကြောင်မင်း (သို့မဟုတ်)ကျားနီ၊ တော ဆိတ်၊ ခွေးအ၊ မျောက်လွှဲကျော်၊ မြွေပါ၊ ရှဉ့်၊ ဖြူကောင်ကြီး စသည့် နို့တိုက်သတ္တဝါ မျိုးစိတ် ၄၀ တို့ ကျက်စားလျက်ရှိကြောင်း သိရသည်။

 

၂၀၁၈ ခုနှစ်မှတ်တမ်းများအရ အောင်လောင်၊ အောက်ချင်း၊ ကြက်တူရွေး၊ ရစ်၊ စွန်၊ ငှက်တော်၊ ပုစဉ်းထိုးစသည့် ကျေးငှက်မျိုး ၆၈ မျိုးကိုလည်း တွေ့ရှိရသည်ဆို၏။

 

၂၀၁၃ ခုနှစ်အတွင်းက ဗြိတိန်နိုင်ငံ အခြေစိုက် (Indo Myanmar Conservation -IMC)နှင့် ရခိုင်ရိုးမတောင်ပိုင်းဆင်ရိုင်းများ အပါအဝင် ဇီဝ မျိုးစုံထိန်းသိမ်းစောင့်ရှောက်ခြင်းကို ပူးပေါင်း ဆောင်ရွက်ခဲ့သကဲ့သို့ အမေရိကန်အခြေစိုက် သားငှက်ထိန်းသိမ်းရေးအဖွဲ့(WCS)နှင့်လည်း ဥပဒေ စိုးမိုးရေးနှင့် တောဆင်ရိုင်းများဆိုင်ရာ ကင်းလှည့် ထိန်းသိမ်းခြင်းလုပ်ငန်းကို ၂၀၁၂ ခုနှစ်မှစတင်၍ ဆောင်ရွက်နေကြောင်း သိမှတ်ရပေသည်။

 

ထို့ပြင် ရခိုင်ရိုးမဆင်ဘေးမဲ့တော အုပ်ချုပ်ရေး မှူးရုံးဝင်းခြံအတွင်း၌ ခြံတည်ဆောက်ကာ ရခိုင် တောင်လိပ်နှင့် လိပ်မောင်းများ ထိန်းသိမ်းစောင့် ရှောက်ခြင်းသာမက ဘေးမဲ့တောနှင့် ဆက်စပ်ဧရိယာများ၌ ရခိုင်တောင်လိပ်များ၏ သဘာဝအတိုင်း ပျံ့နှံ့နေထိုင်မှုများအား Radio Telemetry များ တပ်ဆင်၍ လေ့လာခြင်းလုပ်ငန်းများကို လိပ် မျိုးဆက်ရှင်သန်ရေးအဖွဲ့(TSA)မှ ဝန်ထမ်းများနှင့် ပူးပေါင်းပြီး ၂၀၁၃ ခုနှစ်မှစတင်၍ ယနေ့အထိ စနစ်တကျ ကာကွယ်ထိန်းသိမ်းထားကြောင်း သိရ သည်။ ထို့အတူ ရခိုင်ရိုးမဆင်ဘေးမဲ့တောဝန်းကျင်ရှိ မလေးဝက်ဝံမျိုးစိတ် ထိန်းသိမ်းရေးလုပ်ငန်းကိုလည်း လွန်ခဲ့သော ၂၀၁၆ ခုနှစ်ကတည်းက ယနေ့ တိုင်အောင် လုပ်ဆောင်လျက်ရှိသည်။

 

ရန်ကုန်မြို့မှ ဘေးမဲ့တောအစပ်ထိ သွားရောက် မည်ဆိုပါလျှင် ရန်ကုန်မှ ဂွမြို့သို့ ၁၄၆ မိုင် မော်တော် ယာဉ်ခရီး၊ ဂွမြို့မှ ရတနာမြိုင်အထိ မော်တော်ယာဉ် ဖြင့် ၃၄ မိုင်ခရီး သွားရောက်ရပြီး ဘေးမဲ့တောအစပ် ကြိမ်ခါးခုံသို့မူ ရတနာမြိုင်မှ စက်လှေဖြင့် ၁၆ မိုင်ခရီးဆက်ကြရမည်ဖြစ်သည်။

 

အချုပ်အားဖြင့်ဆိုရပါမူ ရခိုင်ရိုးမဆင်ဘေးမဲ့ တောသည်ကား သစ်တောဦးစီးဌာနပိုင် ဆင်များဖြင့် ဂေဟစနစ်များ လေ့လာစေ့ငုခံစားနိုင်ကြပြီး ကျိန္တလီ ချောင်းတစ်လျှောက် အပျော်စီးလှေစီးကာ သဘာဝ တောတောင် အလှအပ အဖုံဖုံကို ကြည့်ရှုအပန်းဖြေ နိုင်ကြမည့် ဒေသတစ်ခုအဖြစ် ခရီးသွားများအား ဆွဲဆောင်လျက်ရှိပါကြောင်း။ ။