မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေ ၂၀၁၇

၃ သြဂုတ်

 

မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ၂၀၁၇ ကို နိုင်ငံတော်သမ္မတက ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်နေ့တွင် အတည်ပြုပြဋ္ဌာန်းခဲ့ပါသည်။ ဤမြန်မာနိုင်ငံ ကုမ္ပဏီများဥပဒေ ၂၀၁၇ သည် နှစ်ပေါင်းတစ်ရာကျော် သက်တမ်းရှိနေပြီဖြစ်သော မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ၁၉၁၄ အားဖျက်သိမ်းအစားထိုးခဲ့ခြင်း ဖြစ်ပါသည်။ အဆိုပါ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ၂၀၁၇ က ၂၀၁၈ ခုနှစ်၊ ဩဂုတ်လ (၁) ရက်နေ့တွင် စတင်အာဏာတည်သက်ရောက်ပြီ ဖြစ်ပါသည်။ ဤကဲ့သို့ စတင်အာဏာတည်သက်ရောက်ခြင်း အထိမ်းအမှတ်အခမ်းအနားကို ၂၀၁၈ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့တွင် ရန်ကုန်မြို့ရှိ Media Hotel ၌ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးစိုးဝင်းက ဦးဆောင်ကျင်းပခဲ့ပါသည်။

 

 

အဆိုပါ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်းက မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ၂၀၁၇ သည် စီးပွားရေးကဏ္ဍတစ်ခုလုံးဖွံ့ ဖြိုးတိုးတက်မှုအား ဆောင်ကြဉ်းပေးမည့် ဥပဒေဆိုင်ရာပြောင်းလဲမှု တစ်ခုဖြစ်ကြောင်းကို အလေးအနက်ထား ပြောကြားသကဲ့သို့ ကုမ္ပဏီများအနေဖြင့် အီလက်ထရွန်နစ်မှတ်ပုံတင်စနစ်အား လက်တွေ့ကျင့်သုံးနိုင်တော့မည်ဆိုသည့်အချက်ကိုလည်း အသိပေးတင်ပြခဲ့ပါသည်။ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ၂၀၁၇ ၌ ထည့်သွင်း ရေးဆွဲထားသည့် အပြောင်းအလဲတို့သည် စီးပွားရေးအခွင့်အလမ်းများ ပိုမိုရရှိစေရန်လမ်းဖွင့်ပေးထားသည်ဖြစ်၍ သက်ဆိုင်ရာစီးပွားရေးအဖွဲ့အစည်းများအနေဖြင့် ဤအခွင့်အလမ်းများကို အမိအရ ဖမ်းဆုပ်နိုင်ရန် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပါသည်။

 

 

ဤမြန်မာနိ်ုင်ငံကုမ္ပဏီများဥပဒေ ၂၀၁၇ သည် မြန်မာနိုင်ငံအတွင်းရှိကုမ္ပဏီတို့၏ စီမံခန့်ခွဲပုံအား နိုင်ငံတကာစံချိန်စံညွှန်းနှင့်အညီ ပြောင်းလဲဖြစ်ပေါ်လာရေးကို ဖန်တီးဖော်ဆောင်ပေးမည် ဖြစ်ပါသည်။ မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေ ၂၀၁၇ ၏ သိသာထင်ရှားသော အပြောင်းအလဲတစ်ရပ်မှာ နိုင်ငံခြားကုမ္ပဏီအဖြစ်သတ်မှတ်ခြင်း ဖြစ်ပါသည်။ ဖျက်သိမ်းလိုက်ပြီဖြစ်သော မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ၁၉၁၄ ၌ နိုင်ငံခြားသားပိုင်ဆိုင်မှု ၁ ရာခိုင်နှုန်းရှိရုံမျှဖြင့် နိုင်ငံခြားကုမ္ပဏီအဖြစ် သတ်မှတ်ပြဋ္ဌာန်းထားပါသည်။ ယခုပြဋ္ဌာန်းထားသည့် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ၂၀၁၇ အရ ပြည်တွင်းကုမ္ပဏီဟူသော ဥပဒေသတ်မှတ်ချက်၌ နိုင်ငံခြားသားတို့၏ ပိုင်ဆိုင်မှုကို ၃၅ ရာခိုင်နှုန်းအထိ ခွင့်ပြုထားပါသည်။ တစ်နည်းအားဖြင့်ဆိုသော် ပြည်တွင်းကုမ္ပဏီတို့သည် မိမိတို့၏ကိုယ်ပိုင်လက္ခဏာကို ထိန်းသိမ်းလျက် တစ်ပြိုင်တည်းမှာပင် မိမိတို့၏ စွမ်းဆောင်ရည်အား မြှင့်တင်နိုင်ရေးအတွက် ပြည်ပရင်းနှီးမြှုပ်နှံမှုတို့ကို လက်ခံရယူနိုင်တော့မည် ဖြစ်ပါသည်။

 

 

မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ၂၀၁၇ ၏ တခြားသောအရေးပါသည့် အပြောင်းအလဲတစ်ရပ်မှာ ကုမ္ပဏီဒါရိုက်တာများအပါအဝင် ကုမ္ပဏီတာဝန်ရှိ ပုဂ္ဂိုလ်တို့၏ လုပ်ပိုင်ခွင့်နှင့် တာဝန်ဝတ္တရားတို့ကို အတိအကျသတ်မှတ်ပြဋ္ဌာန်းထားသည်ဖြစ်၍ မြန်မာ့ကုမ္ပဏီတို့၏ “တာဝန်ယူမှု၊ တာဝန်ခံမှု” ကို ပိုမိုခိုင်မာအားကောင်းလာစေမည်ဖြစ်ပါသည်။ အထက်၌တင်ပြထားသော အပြောင်းအလဲနှစ်ရပ်ကို ကြည့်ရုံမျှဖြင့် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ၂၀၁၇ က မြန်မာ့စီးပွားရေးကဏ္ဍ၏ လိုအပ်ချက်တို့အား ထင်ဟပ်ဖြည့်ဆည်းပေးနိုင်စွမ်းရှိသည်မှာ ပေါ်လွင်ထင်ရှားနေပါသည်။ သို့ဖြစ်ပါ၍ သက်ဝင်ရှင်သန်လာပြီဖြစ်သည့် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ၂၀၁၇ အား ကြိုဆိုဂုဏ်ပြုပါကြောင်း လေးစားစွာတင်ပြအပ်ပါသည်။

 

မြန်မာ့အလင်း