မြန်မာနိုင်ငံမှာ ပထမဆုံးအနေနဲ့ မခွဲရ မစိတ်ရဘဲ နှလုံးအဆို့ရှင်ကို ပေါင်ခြံကနေ ပိုက်ထည့်ပြီး လဲလှယ်ခြင်းကို စတင်ဆောင်ရွက်ပါတယ်

နေပြည်တော် ၁၅ ဖေဖော်ဝါရီ

 

ဒေါက်တာသန်းသန်းကြိုင် ဒေါက်တာသန်းသန်းကြိုင်

ပါမောက္ခ/ဌာနမှူး၊ နှလုံးဆေးကုဌာန၊ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး

 

မြန်မာနိုင်ငံမှာ ပထမဆုံးအနေနဲ့ မခွဲရ၊ မစိတ်ရဘဲ နှလုံးအဆို့ရှင်ကို ပေါင်ခြံကနေ ပိုက်ထည့်ပြီး လဲလှယ်ခြင်းကို ဖေဖော်ဝါရီ ၁၂ ရက်နဲ့ ၁၃ ရက်တို့မှာ စတင်ဆောင်ရွက်ပါတယ်။ စင်ကာပူနိုင်ငံ အမျိုးသားတက္ကသိုလ် ဆေးရုံကြီး Dr.Edgar Tay, Dr.Jimmy Hun တို့နဲ့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပါတယ်။ အရင်တုန်းက အဆို့ရှင် လဲတယ်ဆိုတဲ့နေရာမှာ ရင်ဘတ်ကို ခွဲစိတ်ပြီးတော့ လဲလှယ်ရခြင်း ဖြစ်ပါတယ်။ အခုခေတ်ပေါ်နည်းဖြစ်တဲ့ မခွဲရဘဲ ပေါင်ခြံကနေ ပိုက်ထည့်ပြီးတော့ နှလုံးအဆို့ရှင်ကို လဲလှယ်ခြင်းဖြစ်ပါတယ်။ လူနာလည်း သက်သာပါတယ်။

 

မေ့ဆေးကလည်း အများကြီးပေးစရာမလိုပါဘူး။ တချို့လူနာတွေဆိုရင် ကျွန်မတို့က ထုံဆေးလေးနဲ့တင် စကားပြောရင်း လဲလှယ်ပေးပါတယ်။ ပြီးရင် လူနာက မိသားစုနဲ့ စကားတွေလည်း ပြောနိုင်တယ်။ နောက်တစ်နေ့မှာဆိုရင် ထပြီး လမ်းလျှောက်နိုင်တဲ့ အခြေအနေအထိကို ရရှိပါတယ်။ လူနာ ငါးဦးကို ကုသပေးဖို့အတွက် စီစဉ်ထားပါတယ်။ မနေ့ကတော့ သုံးယောက်ပြီးသွားပါပြီ။ အားလုံး အောင်အောင်မြင်မြင်နဲ့ ပြီးသွားပါတယ်။ လူနာရွေးချယ်မှုစနစ်က သိပ်အရေးကြီးပါတယ်။

 

အခုကုထုံးက ဈေးလည်းကြီးပါတယ်။ ခေတ်ပေါ်နည်းလည်းဖြစ်တဲ့ အတွက်ကြောင့် သူတို့နိုင်ငံတွေမှာလည်း နှလုံးခွဲစိတ်ဖို့အတွက် မသင့်တော်တဲ့ သူတွေကို ရွေးချယ်ရပါတယ်။ ကျွန်မတို့ကလည်း နှလုံးခွဲစိတ်ဖို့အတွက် မေ့ဆေး အကြာကြီးပေးဖို့ မသင့်တော်တဲ့သူတွေ၊ ခွဲစိတ်မှုဒဏ်ကို မခံနိုင်တဲ့သူတွေကို ကျွန်မတို့က ဦးစားပေးပြီးတော့ ရွေးချယ်ပါတယ်။ အခုချိန်မှာ အစိုးရကလည်း ပံ့ပိုးတဲ့အတွက် အဆို့ရှင်လဲလှယ်တဲ့အချိန်မှာ ဘာမှသိပ်ပြီး ကုန်ကျခြင်း မရှိပါဘူး။ ဒါကြောင့် ကျွန်မတို့အနေနဲ့ ခွဲစိတ်ဖို့ သင့်တော်တဲ့သူတွေဆိုရင် ခွဲစိတ် ဆရာဝန်ကြီးတွေဆီကိုပဲ ပို့ပြီးခွဲစိတ်စေပါတယ်။ အားလုံး ပူးပေါင်းပြီး ရွေးချယ်ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။

 

ပုံမှန်အဆို့ရှင်လဲလှယ်တဲ့နေရာမှာ အဆို့ရှင်လဲလှယ်မယ်ဆိုရင် ခွဲစိတ်တဲ့အခါမှာ အစိုးရက ပံ့ပိုးတဲ့ အတွက်ကြောင့် ဘာမှသိပ်ပြီး ကုန်ကျစရိတ် မရှိပါဘူး။ ပေါင်ရင်းကနေ မခွဲရ၊ မစိတ်ရဘဲ အဆို့ရှင်လဲမယ်ဆိုရင် ဈေးအင်မတန်မှ ကြီးပါတယ်။ သူတို့က လှူဒါန်းတဲ့အတွက်ကြောင့် ကျွန်မတို့က လုပ်နိုင်ခြင်းဖြစ်ပါတယ်။ တစ်စုံကို ဒေါ်လာ လေးသောင်းကျော်ကျတယ်။ အခုအဆို့ရှင်တွေကို သူတို့က လှူတာပါ။ ကျွန်မတို့လူနာက ကုန်ကျစရိတ် ကျခံရခြင်း မရှိပါဘူး။

 

ဒါပေမယ့် နည်းပညာ စနစ်သစ်တွေက နေ့စဉ်နဲ့အမျှ တိုးတက်မှုတွေက ရှိနေတဲ့အတွက်ကြောင့် နောင်များမှာ ဒီထက်သက်သာတဲ့ အဆို့ရှင်လေးတွေ ပေါ်လာတယ်ဆိုရင်၊ နိုင်ငံတော်က ပံ့ပိုးမှုလည်းရှိမယ်ဆိုရင် ဒီနည်းပညာစနစ်သစ်နဲ့ ကျွန်မတို့ လူနာအများကြီးကို ကယ်တင်နိုင်မယ်လို့ ယူဆပါတယ်။ ကျွန်မအနေနဲ့ ပထမဆုံး ကျေးဇူးတင်တာကတော့ ကျန်းမာရေးဝန်ကြီးဌာနပါ။ စီးပွား/ကူးသန်း၊ စီမံ/ဘဏ္ဍာ မန္တလေး လေဆိပ်က လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာနက ဝန်ထမ်းအားလုံးကို ကျေးဇူးတင်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် အလှူပစ္စည်းဆိုပေမယ့် မြန်မာပြည်ကို တင်သွင်းတဲ့ အခါမှာ အခက်အခဲ အများကြီး ရှိပါတယ်။ အဲဒီအခါ သူတို့ကနေ ဒီအလှူပစ္စည်းတွေကို ဆေးရုံကိုရောက်အောင် သူတို့တွေက ဝိုင်းဝန်းပြီးတော့ ကူညီပံ့ပိုးတဲ့ အတွက်ကြောင့် ဒီပစ္စည်းတွေ ရောက်လာတာပါ။

 

အဲဒီပစ္စည်းတွေ ရောက်လာတဲ့ အတွက်ကြောင့်လည်း ကျွန်မတို့လူနာအတွက် လုပ်ပေးနိုင်တာပါ။ ပစ္စည်းတွေ လှူဒါန်းပေးတဲ့ ကုမ္ပဏီကိုလည်း ကျေးဇူးတင်ပါတယ်။ နည်းပညာစနစ်သစ်ကို မျှဝေပေးဖို့အတွက် အဝေးကနေ လာရောက်ပေးတဲ့ စင်ကာပူနိုင်ငံက ဆရာဝန်ကြီး နှစ်ယောက်ကိုလည်း အထူးကျေးဇူးတင်ပါတယ်။ နည်းပညာ အသစ်တွေပေါ်တိုင်း ကြိုးစားကြဖို့ လာရောက်တိုက်တွန်း အားပေးနေတဲ့ တိုင်းဒေသကြီးဝန်ကြီးချုပ်နဲ့ ဝန်ကြီးများအားလုံး၊ ဆေးရုံအုပ်ကြီး၊ ဝိုင်းဝန်းကူညီပေးကြတဲ့ ဆေးရုံကြီးက ဆရာဝန်ကြီး၊ ဆရာဝန်၊ သူနာပြုတွေအားလုံး၊ လျှပ်စစ်ဝန်ထမ်းတွေကိုလည်း ကျေးဇူးတင်ပါတယ်။

 

ဒေါက်တာသန်းသန်းကြိုင်သည် မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး၌ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်က မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ်အဖြစ် အရေးပေါ် နှလုံးသွေးကြောပိတ် ရောဂါကို ဆေးသွင်းခြင်းမပြုဘဲ တိုက်ရိုက် သွေးကြောချဲ့ပြီး ဒေါက်ထည့်ကုသသည့် ကုထုံးအသစ်ဖြင့် အောင်မြင်မှုမှတ်တိုင် စိုက်ထူနိုင်ခဲ့သည်။ ယခု နှလုံးအဆို့ရှင် လဲလှယ်သည့်ကုထုံး (Transcuaneous Aortic Valve Implantation-TAVI)တွင် မြန်မာနိုင်ငံ၏ နှလုံးရောဂါဆေးကုသမှုသမိုင်း ဒုတိယအကြိမ်အဖြစ် မှတ်တိုင်သစ် စိုက်ထူနိုင်ခဲ့သည့်  ကုထုံးသစ်တွင် ပါဝင်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါသည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)