မြန်မာနိုင်ငံနှင့် ရေအရင်းအမြစ်

နေပြည်တော် ၄ သြဂုတ်

 

 

မြန်မာနိုင်ငံ၏ ပထဝီဝင်အနေအထားအရ မြစ်ကြီးမြစ်ငယ်၊ ချောင်းငယ်အသွယ်သွယ်နှင့် တောင်ကုန်း တောင်တန်းများမှာ မြောက်မှတောင်သို့သွယ်တန်းစီးဆင်းနေသည်။ ထိုမြစ်ချောင်းများကြား၊ တောင်တန်း တောင်စွယ်များကြားတွင် ကုန်းပြင်မြင့်များ၊ မြေနိမ့်ချိုင့်ဝှမ်းများ၊ မြေပြန့်လွင်ပြင်များတည်ရှိသည်။ ထို့အပြင် မြစ်များ၊ ချောင်းများ ဆုံစည်းရာတွင် မြစ်ဝှမ်းဒေသများလည်း တည်ရှိသည်။

 

မြန်မာနိုင်ငံတွင် မြင့်မားသောမြောက်ဘက်ဒေသမှ ကျယ်ပြန့်သောမြေနိမ့်မြစ်ဝှမ်းလွင်ပြင်များသို့ သွယ်တန်းစီးဆင်းနေသော အဓိကမြစ်ကြီးများမှာ ဧရာဝတီ၊ ချင်းတွင်း၊ သံလွင်နှင့် စစ်တောင်းမြစ်များဖြစ်ပြီး အခြားမြစ်ကြီးများနှင့် မြစ်ငယ်ချောင်းငယ်များ ရာချီရှိသည်။ မြင့်မားသော တောင်ကုန်း၊ တောင်တန်းများနှင့် ကုန်းပြင်မြင့်များမှ စီးဆင်းသည့် ရေအလျဉ်သည် မြန်မာပြည်အထက်ပိုင်းမှ အောက်ပိုင်းဒေသများသို့ အလျဉ်မပြတ်စီးဆင်းနေပြီး အဓိကမြစ်ကြီးများ အဆုံးသတ်ရာဒေသဖြစ်သည့် ပင်လယ်ပြင်သို့ စီးဝင်သည်။

 

မြန်မာနိုင်ငံ၏ ရာသီဥတုအခြေအနေမှာ နွေ၊ မိုး၊ ဆောင်း ဥတုသုံးလီရှိပြီး မိုးနည်းရေရှား မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများမှလွဲ၍ဆယ့်နှစ်လရာသီမိုးရွာသွန်းသည်ဟု ရှေးအဆိုရှိသည်။ အထူးသဖြင့် မိုးရာသီကာလဖြစ်သည့် ဝါဆို၊ ဝါခေါင်လများတွင် မြန်မာပြည်တစ်ဝန်းမိုးဖြိုင်ဖြိုင်ရွာသွန်းဖြိုးသည်။ မြန်မာပြည်တွင် နှစ်စဉ် ရွာသွန်းဖြိုးသောမိုးရေသယံဇာတများသည် မူလရှိပြီး မြစ်၊ ချောင်း၊ အင်း၊ အိုင်၊ ပင်လယ်သို့စီးဝင်သည်။ ဤသည်မှာ မြန်မာပြည်အတွက် သဘာဝက ဖန်တီးပေးထားသော လက်ဆောင်ဖြစ်သည်။

 

မြန်မာတစ်နိုင်ငံလုံး၏ နှစ်စဉ်ပျမ်းမျှ မိုးရေချိန်မှာ ပုံမှန်အားဖြင့် ၉၃ လက်မခန့်ရှိပြီး ယခုကဲ့သို့ မိုးများသောနှစ်တွင် မိုးရေချိန်လက်မတစ်ရာမကရှိမည်။ မြန်မာနိုင်ငံတွင် နှစ်စဉ်ပျမ်းမျှ မြစ်၊ ချောင်းများအတွင်းသို့ စီးဆင်းသောရေမှာ တစ်နှစ်တွင် ကုဗမီတာ တစ်ထောင်ကျော်ရှိပြီး ဂါလန်အားဖြင့် သန်းပေါင်း ၃၅၀ ခန့်ရှိသည်။ ယခုနှစ်ကဲ့သို့ မိုးများသောနှစ်တွင် ဂါလန်သန်းပေါင်း ထိုထက်မက များပြားမည်။ ထို့ကြောင့်မြန်မာနိုင်ငံသည် ရေသယံဇာတ ပေါများြွကယ်ဝသော နိုင်ငံဖြစ်သည်။

 

ကမ္ဘာပေါ်ရှိ နိုင်ငံအချို့တွင် ရေကို ရွှေကဲ့သို့ တန်ဖိုးထား အသုံးပြုကြရသည်။ ရေရှားပါးသောကြောင့် ရေကို အခြားနိုင်ငံများမှ ဝယ်ယူအသုံးပြုကြရသည်။ ရေကို ဖန်တီးယူကြရသည်။ ရေကို ချွေတာကြရသည်။ မြန်မာနိုင်ငံမှာ ဤသို့မဟုတ် သောက်ရေ၊ သုံးရေ၊ စိုက်ရေ၊ပျိုးရေများ အလျှံပယ်ပေါများလှသည်။ ပေါများရုံတင်မက ပိုလျှံလွန်းသောကြောင့် မြို့ရွာများပင် ရေနစ်မြုပ်ကာ ရေဘေးဒုက္ခရောက်ကြရသည်။

 

အမှန်တကယ်တွင် မြန်မာနိုင်ငံ၏ အနားသတ်တစ်ဝက်ကို ဝိုင်းပတ်ထားသော ပင်လယ်ပြင်ကြီးမှာ လာသမျှရေကို ပိုလျှံသည်မရှိလက်ခံထားပြီးဖြစ်သည်။ ဇူလိုင် ၂ ရက်က ပင်လယ်နှင့်နီးသောရန်ကုန်မြို့ကြီးတွင် တစ်နေကုန် မိုးသည်းထန်စွာရွာသွန်းခဲ့ရာ တစ်မြို့လုံးရေဖုံးလွှမ်းသွားခဲ့သည်။ သို့သော် မိုးစဲပြီးနောက် မိနစ်ပိုင်းအကြာတွင်ပင် ရေနုတ်မြောင်းများမှတစ်ဆင့် မြစ်အတွင်းသို့ စီးဝင်ပြီးနောက်ရေပြန်လည်ကျကာ ခြောက်သွေ့သွားခဲ့သည်။ အဓိကမှာ မည်မျှမိုးများစေကာမူ ရေစီးရေလာကောင်းလျှင်၊ ရေထွက်လမ်းကြောင်းများကောင်းမွန်လျှင် ရေနစ်မြုပ်ခြင်းမှ ကင်းဝေးနိုင်ပါသည်။ မြစ်ချောင်းပင်လယ်နှင့် နီးသောကြောင့် အလျင်အမြန်ရေကျလျှင် မြစ်ချောင်းပင်လယ်နှင့်ဝေးလျှင် အချိန်အတိုင်းအတာတစ်ခုတွင် တက်ရေ ပြန်လည်ကျသွားရမည်ဖြစ်သည်။

 

သို့ဖြစ်ရာ မြန်မာနိုင်ငံတစ်ဝန်းတွင် မိုးရွာသွန်းမှုကြောင့် မြန်မာနိုင်ငံအတွင်းရှိ မြို့ရွာအားလုံးအနက် အနိမ့်ပိုင်းရှိမြို့ရွာများ ရေကြီးရေလျှံဖြစ်ရသည်။ ပြည်သူများ ရေဘေးရှောင်ကြရသည်။ အဆိုပါမြို့ရွာများမှ ပြည်သူများ နောင်အစဉ်ရေဘေးမသင့်စေရေးအတွက် မြစ်ချောင်းများ မတိမ်ကောစေရေး၊ ရေနုတ်မြောင်းများ ကောင်းမွန်ရေး၊ ရေတားတာများ ဆောင်ရွက်ထားရေးကို စနစ်တကျ စီမံဆောင်ရွက်ကြရမည် ဖြစ်သည်။    ။

 

ကြေးမုံ