မြန်မာနိုင်ငံရှိ အကျဉ်းထောင်အချို့တွင် ရေအခက်အခဲဆိုးရွားစွာ ကြုံတွေ့နေရ ခေါင်းစဉ်ဖြင့် သတင်းတု၊ သတင်းမှားများ ဖြန့်ဝေလျက်ရှိ

နေပြည်တော်    မေ    ၃

 

မြန်မာနိုင်ငံရှိ အကျဉ်းထောင်အချို့တွင် ရေအခက်အခဲ ဆိုးရွားစွာ ကြုံတွေ့နေရ ခေါင်းစဉ်ဖြင့် Irrawaddy သတင်းဌာန လူမှုကွန်ရက်စာမျက်နှာပေါ်တွင် မဟုတ်မမှန် သတင်းများ ဖော်ပြလျက်ရှိသည်ကို တွေ့ရသည်။

 

အဆိုပါ သတင်းသည် မဟုတ်မမှန်လုပ်ကြံသတင်းသာဖြစ်ပြီး မြန်မာနိုင်ငံရှိ အကျဉ်းထောင် အချုပ်ထောင်များတွင် လူဦးရေကြပ်တည်းမှုမရှိဘဲ တစ်နေ့လျှင် ရေချိုးချိန် ၂ ကြိမ် ပေးထားပြီး စည်းကမ်းတကျ ရေချိုးခွင့်ပြုထားကာ ယနေ့အချိန်အထိ ရေပြတ်လပ်မှုမရှိဘဲ သောက်ရေ၊ သုံးရေ လုံလောက်စွာ အသုံးပြုလျက်ရှိကြောင်း သိရသည်။

 

ထို့ပြင် ကျိုက်မရောဗဟိုအကျဉ်းထောင်တွင် အတ္တရံမြစ်မှ မြစ်ရေတင်စနစ်ဖြင့် ရေစစ်ကန် ၄ ကန်အား အဆင့်ဆင့်ဖြတ်ကျော်ပြီး အကျဉ်းထောင်အတွင်း ရေပေးပို့ သုံးစွဲစေလျက်ရှိကာ မြစ်ရေတင်ပိုက်လိုင်း ဖြတ်သန်းသောလမ်းကြောင်းတွင်လည်း ဘဲမွေးမြူရေးကန်များမရှိကြောင်း၊ သောက်ရေအတွက် အကျဉ်းထောင်အတွင်း အဝီစိတွင်းများမှရရှိသော ရေများအား ရေသန့်စက် များဖြင့် သန့်စင်၍ သောက်ရေပေးဝေခြင်းအပြင် ပြင်ပရေသန့်ကားများဖြင့်လည်း အကျဉ်းထောင် အစီအစဉ်ဖြင့် သောက်ရေသန့်များ ဝယ်ယူဖြည့်တင်းပေးလျက်ရှိကြောင်း၊ အကျဉ်းသား တစ်ဦးလျှင် တစ်ရက် သောက်ရေ ၄ လီတာနှင့် ချိုးရေ ၃၀ ဂါလံအထိ သုံးစွဲခွင့်ပေးထားကြောင်း။

 

အလားတူ မုံရွာအကျဉ်းထောင်တွင် သောက်ရေသုံးရေ လုံလောက်စွာရရှိရေးအတွက် စည်ပင် သာယာရေးအဖွဲ့ ရေပေးဝေရေးစနစ်မှ အကျဉ်းထောင်သို့ ပိုက်လိုင်းသွယ်၍ ရေလှောင်ကန် (၂)ကန်မှတစ်ဆင့် အကျဉ်းထောင်ရေသန့်စက်ရုံမှ ထုတ်ယူသုံးစွဲသည့်စနစ်ဖြင့် အကျဉ်းထောင် အိပ်ဆောင်များသို့ တစ်ရက်လျှင် ၅ ကြိမ် ပို့လွှတ်သုံးစွဲစေလျက်ရှိကြောင်း၊ တစ်ဦးလျှင် သောက်ရေ သုံးရေ သတ်မှတ်ချက်အတိုင်း သုံးစွဲခွင့်ပြုထားကြောင်း၊ ထိန်းသိမ်းထားရှိသည့် အကျဉ်းသား /သူများ အနက် အရေပြားယားနာဖြစ်ပွားသူများမရှိဘဲ အိပ်ဆောင်များတွင် လေဝင်လေထွက် ကောင်းမွန်ပြီး ပန်ကာများလည်း တပ်ဆင်ပေးထားခြင်းကြောင့် အပူနာများဖြစ်ပွားမှုများလည်း မရှိကြောင်း၊ အကျဉ်းထောင်ဆရာဝန်နှင့် ကျန်းမာရေးအဖွဲ့များကလည်း နေ့/ည မည့်သည့်အချိန် တွင်မဆို လိုအပ်သည့် ကျန်းမာရေးဆေးဝါးကုသမှုများအား အချိန်ပြည့်ဆောင်ရွက်ပေးလျက်ရှိ ကြောင်း အကျဉ်းထောင်တာဝန်ရှိသူများထံ စိစစ်ချက်အရသိရသည်။

ထို့ပြင် သရက်အကျဉ်းထောင်တွင် အကျဉ်းထောင်အတွင်း စက်ရေတွင်း ၁၂ တွင်း၊ ၂၇၆ဝ watt ရှိ နေရာင်ခြည်သုံးဆိုလာစနစ် ၄ လက်မ ရေတင်စက် ၂ လုံး တို့ရှိပြီး ၎င်းစက်ရေတွင်းများမှ သောက်ရေသုံးရေများကို အကျဉ်းထောင်အတွင်း ရေသန့်စက်ရုံ များမှ အိပ်ဆောင်များအား လုံလောက်စွာ ဖြန့်ဝေပေးလျက်ရှိကြောင်း၊ မြင်းခြံဗဟို အကျဉ်းထောင်၊ မိတ္ထီလာအကျဉ်းထောင်နှင့် ရမည်းသင်းအကျဉ်းထောင်တို့တွင်လည်း အကျဉ်းထောင်၏ ရေသန့်စက်ရုံမှ RO စနစ်ဖြင့် အကျဉ်းသား/သူများအတွက် သောက်ရေသုံးရေများကို လုံလောက်စွာဖြန့်ဝေပေးလျက်ရှိကြောင်းနှင့် သောက်ရေသုံးရေများ လုံလောက်မှုရှိသောကြောင့် အကျဉ်းသား/သူ ၊ အချုပ်သား / သူ များ၌ အပူကန်ခြင်း၊ အရေပြားယားနာများနှင့် အပူနာခြင်းများ ဖြစ်ပွားနေခြင်း မရှိကြောင်း အကျဉ်းထောင် တာဝန်ရှိသူများထံ စိစစ်ချက်အရ သိရသည်။

 

Irrawaddy သတင်းဌာန၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြချက်သည် အကျဉ်းထောင် တာဝန်ရှိသူများကို ပြည်သူလူထုအထင်အမြင်လွဲမှားစေရန် ထိုးနှက်တိုက်ခိုက်သော သတင်းတု၊ သတင်းမှားများသာ ဖြစ်သည်။

(မိုးမြင့်)