မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ခိုင်မာစွာစိုက်ထူ

mdn

နေပြည်တော် ၂၃ အောက်တိုဘာ

 

ဂျပန်ဧကရာဇ်၏ ထီးနန်းတက်ပွဲအခမ်းအနားသို့ တက်ရောက်ရန် ဂျပန်နိုင်ငံ၌ရောက်ရှိနေသော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် အောက်တိုဘာလ ၂၁ ရက်နေ့က ဂျပန်နိုင်ငံ ဝန်ကြီးချုပ်နှင့် တွေ့ဆုံ၍ မြန်မာနိုင်ငံ ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် ပူးပေါင်း ဆောင်ရွက်ရေးကိစ္စရပ်များကို ဆွေးနွေးပြီးနောက် ဒုတိယအကြိမ်မြောက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဆွေးနွေးပွဲသို့ တက်ရောက်မိန့်ခွန်း ပြောကြားခဲ့သည်။

 

အဆိုပါဆွေးနွေးပွဲတွင် "မြန်မာနိုင်ငံအနေနဲ့ ပွင့်လင်းမြင်သာမှုမရှိသော ယှဉ်ပြိုင်မှုမရှိသည့် ပုဂ္ဂိုလ်ရေးပတ်သက်ဆက်နွှယ်မှုများကို အခြေခံတဲ့ စီးပွားရေးပုံစံကနေ ပိုမိုပွင့်လင်းမြင်သာ၊ ယှဉ်ပြိုင်မှုနဲ့ စည်းမျဉ်းဥပဒေများကို အခြေခံတဲ့ စီးပွားရေးပုံစံသို့ အသွင်ကူးပြောင်းနေပြီဖြစ်ပါတယ်။ အဆိုပါ အသွင်ကူးပြောင်းမှု လုပ်ငန်းစဉ်ဟာ မလွယ်ကူပေမယ့် မိမိတို့အနေနဲ့ အောင်မြင်မှုရရှိလိုပါက အားလုံးဝိုင်းဝန်း ကြိုးပမ်း အားထုတ်သွားကြဖို့ လိုအပ်ပါတယ်။ မြန်မာအစိုးရအနေနဲ့ ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံသူ တွေကို ကြိုဆိုလျက်ရှိပြီး အဲဒီအသွင်ကူးပြောင်းမှုတွေမှာ အတူလက်တွဲပြီး ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်"ဟု နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်က ပြောကြားခဲ့သည်။

 

မြန်မာနိုင်ငံသည် အထီးကျန်နိုင်ငံအဖြစ်မှ စီးပွားရေးတံခါးဖွင့်မူဝါဒ ကျင့်သုံးခဲ့ရာ ပွင့်လင်းမြင်သာမှုမရှိ၊ ယှဉ်ပြိုင်မှုမရှိသည့် ပုဂ္ဂိုလ်ရေးပတ်သက်သော စီးပွားရေးပုံစံမှ ပွင့်လင်းမြင်သာမှုရှိပြီး စီးပွားရေးယှဉ်ပြိုင်မှုပုံစံဖြင့် အသွင်ကူးပြောင်းလျက်ရှိရာ ပိုမိုကောင်းမွန်သောမူဝါဒများ ချမှတ်ဆောင်ရွက်နိုင်မှုကြောင့် ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ တိုးတက်ဖြစ်ထွန်းလာပြီး အလားအလာကောင်းသော စီးပွားရေးအခင်းအကျင်းများ ဖြစ်ပေါ်လာသည်။ အာရှဖွံ့ဖြိုးရေးဘဏ်က မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်းကို ၂၀၁၉ ခုနှစ်တွင် အနေအထား ကောင်းမွန်သည့် ၆ ဒသမ ၈ ရာခိုင်နှုန်းအဖြစ် ဆက်လက်ထိန်းသိမ်းနိုင်မည်ဟု မကြာသေးမီက ခန့်မှန်းထားပြီး အာဆီယံ ဒေသတွင် တတိယမြောက် စီးပွားရေးအမြန်ဆုံး တိုးတက်နေသည့်နိုင်ငံ ဖြစ်လာမည်ဟု ဆိုထားသည်။ ၂၀၂၀ ပြည့်နှစ်တွင် ဒေသတွင်း၌ အတိုးတက်ဆုံး စီးပွားရေးနိုင်ငံဖြစ်လာမည်ဟု ဟောကိန်းထုတ်ထားသည်။

 

မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍသည် အာရှဖွံ့ဖြိုးရေးဘဏ်သာမက နိုင်ငံတကာ၏ အသိအမှတ်ပြုမှုအရ မကြုံစဖူး ထူးကဲသည့် အပြောင်းအလဲ နှင့် တိုးတက်မှုများရှိလာသည်မှာ အမှန်ဖြစ်သည်။ မြန်မာနိုင်ငံက စီးပွားရေး ဘက်၌ မဆုတ်မနစ် ကြိုးပမ်းအားထုတ်မှုများသည် တိုးတက်လာသည့် အာရှဒေသဘက်သို့ ကမ္ဘာ့စီးပွားရေးဗဟိုအား ယိမ်းယိုင်လာချိန်တွင် စီးပွားရေးအခွင့်အလမ်းကောင်းများ ပွင့်လင်း အားကောင်းလာစေသည်။ လက်ရှိတွင် ကမ္ဘာ့ရင်းနှီးမြှုပ်နှံမှု၏ ၅၀ ရာခိုင်နှုန်းနီးပါးသည် အာရှဒေသ တွင်ရှိနေပြီး အာရှဒေသသည် ၂၀၄၀ ပြည့်နှစ်တွင် ကမ္ဘာ့ဂျီဒီပီ၏ ၅၀ ရာခိုင်နှုန်းကျော်လွန်သွားမည်ဟု ခန့်မှန်းထားသည်။

 

ထိုသို့သောအနေအထားတွင် ခိုင်မာရှည်ကြာသော ရင်းနှီးဆက်ဆံမှု နှင့် ပူးပေါင်းဆောင်ရွက်မှုများရှိနှင့်ပြီးသော ဂျပန်နိုင်ငံနှင့် စီးပွားရေး ဆက်ဆံမှုများနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးတက်ဖြစ်ထွန်းလာသည်မှာ ခန့်မှန်းထားသည့် အလားအလာကောင်းများနှင့် ကြုံတွေ့လာမည်မှာ သေချာပါသည်။ ဂျပန်နိုင်ငံမှ စီးပွားရေးလုပ်ငန်းများသည် သီလဝါအထူး စီးပွားရေးဇုန်တွင် အသုံးပြုလျက်ရှိသည့် ပြတင်းတစ်ပေါက်စနစ်နှင့် ရင်းနှီးကျွမ်းဝင်ပြီးဖြစ်သည်။ ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့ အထိ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ ၁ ဒသမ ၈၆ ဘီလီယံအထိ မြင့်မားလာပြီး တိုယိုတာကဲ့သို့ မော်တော်ကားကုမ္ပဏီကြီးများသာမက စီးပွားရေးလုပ်ငန်း အများအပြား မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် ဆုံးဖြတ်လိုက်ခြင်းသည် မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုများကို ယုံကြည်မှုရှိကြောင်း ထုတ်ဖော် ပြသလိုက်ခြင်းပင် ဖြစ်သည်။

 

သို့ဖြစ်ရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဂျပန်နိုင်ငံခရီးစဉ်သည် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်နေကြသော ဂျပန်နိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင်များသာမက ထပ်မံရင်းနှီးမြှုပ်နှံမည့် စီးပွားရေး လုပ်ငန်းရှင်များ အတွက်ပါ မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးပတ်ဝန်းကျင်ကောင်း များအပေါ် ပိုမိုယုံကြည်မှု ရှိလာပြီး ရင်းနှီးမြှုပ်နှံမှု ခိုင်မာစွာတိုးတက်လာပြီ ဖြစ်ပါကြောင်း။ ။

 

ကြေးမုံ